သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာအတွက် အင်ဒိုနီးရှား အကြံပြုချက် ၄ ရပ်


OIC Countries Appreciate Indonesia’s Role in Rakhine State Issue
OIC Countries Appreciate Indonesia’s Role in Rakhine State Issue

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ရေးအတွက် အချက် (၄) ချက်ပါ အဆိုပြုချက်ကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထံ အကြံပြုချက် တင်သွင်းလိုက်တယ်လို့ အင်ဒိုနီးရှား သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဝန်ကြီး Marsudi က OIC အဖွဲထံ တင်သွင်းတဲ့ အဆိုပြုချက် (၄) ချက်ထဲမှာ - ပထမအချက်အနေနဲ့ ဆိုးရွားလာနေတဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေ လက်ရှိထက် ပိုဆိုးမသွားစေရေးအတွက် OIC အဖွဲ့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ လူသားချင်းစာနာတဲ့ အကူအညီတွေ ထောက်ပံ့ပေးရေး၊ ဒုတိယအချက်ကတော့ မြန်မာအစိုးရနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်သွားရေး၊ တတိယအချက်အနေနဲ့ကတော့ ရခိုင်ပြည်နယ်အတွက် အကူအညီပေးတဲ့နေရာမှာ နိုင်ငံရေးအရ အတားအဆီးတွေ မဖြစ်ပေါ်စေအောင် အာဆီယံ စတဲ့ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ စတုတ္ထအချက်ကတော့ အစ္စလာမ်မစ် ဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီနဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် စီးပွားရေး အကူအညီတွေ ပေးရေးတို့ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ OIC အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝန်ကြီးအဆင့် အထူးအစည်းဝေးကို ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပေးပို့တဲ့ စာထဲမှာ အဲဒီအကြံပြုချက်တွေကို ဖော်ပြထားတာပါ။ အကြံပြုချက်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူနဲစုတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းပေးရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မူဆလင် အသိုင်းဝိုင်းကို ကူညီရေးအတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အဆင်သင့်ရှိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ OIC ဝန်ကြီးများ အထူးအစည်းဝေးကနေ ဆုံးဖြတ်ချက် ၂ ခုကို ချမှတ်ခဲ့တာမှာ - ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ ကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်အရ OIC အဖွဲ့အနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပို့ပေးရေးနဲ့ အဲဒီလိုပို့ခွင့်ပြုဖို့ OIC က မြန်မာအစိုးရကို တောင်းဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒုတိယ ဆုံးဖြတ်ချက်ကတော့ - နယူးယောက်။ ဂျနီဗာနဲ့ Brussels မြို့တို့မှာရှိတဲ့ OIC ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အခါအားလျော်စွာ ပြန်လည် သုံးသပ်သွားရေး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG