သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုပေးပွဲ


အမေရိကန်သမ္မတကတော် Jill Biden က အိမ်ဖြူတော်မှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုပေးပွဲအခမ်းအနားမှာ တက်ရောက်ပြီး ဆုချီးမြှင့် မိန့်ခွန်းစကားပြောကြားစဥ်။ (မတ်လ ၄၊ ၂၀၂၄)
အမေရိကန်သမ္မတကတော် Jill Biden က အိမ်ဖြူတော်မှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုပေးပွဲအခမ်းအနားမှာ တက်ရောက်ပြီး ဆုချီးမြှင့် မိန့်ခွန်းစကားပြောကြားစဥ်။ (မတ်လ ၄၊ ၂၀၂၄)

၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များ ဆုပေးပွဲကို မတ်လ ၄ ရက်၊ တနင်္လာနေ့မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ပြစ်မှုဆိုင်ရာရှေ့နေ ဒေါ်မဉ္ဇူဝင်းလည်း ဆုချီးမြှင့်ခံရသူစာရင်းထဲမှာ ပါဝင်ပါတယ်။ ကမ္ဘာတဝှမ်း သူမတူအောင် ရဲစွမ်းသတ္တိရှိသူ၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးပိုင်း စသဖြင့် ကိစ္စရပ်တွေမှာ ခေါင်းဆောင်မှုပိုင်း ထူးချွန်သူတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်တာပါ။ အမေရိကန်သမ္မတကတော် Jill Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က တက်ရောက်ပြီး ဆုချီးမြှင့်ပေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်က သမ္မတအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက်ခဲ့တဲ့ မအိသန့်စင်က သတင်းပေးပို့ထားပါတယ်။

၂၀၂၄ ခု နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်များဆုပေးပွဲကို မတ်လ ၄ ရက်နေ့ တနင်္လာနေ့မှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန်သမ္မတအိမ်ဖြူတော်မှာကျင်းပခဲ့ပါတယ်။ အမေရိကန်သမ္မတကတော် Jill Biden နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က တက်ရောက်ပြီးတော့ ဆုချီးမြှင့်ပေးခဲ့ပါတယ်။

"အခု စင်မြင့်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးတွေက နှုတ်ဆိတ်နေဖို့ ငြင်းဆန်ထားကြပါတယ်။ သူတို့တွေ အသံတိတ်စေဖို့ ဖိနှိပ်ထားတဲ့ကြား၊ အကြောက်တရားကြား အရဲစွန့်ပြီး ထုတ်ပေါ်ပြောဆိုကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေရဲ့အကြောင်းကို ကျမ ကြားရတော့ သူတို့တယောက်ချင်းစီရဲ့ ခွန်အားကို အံ့ဩချီးကျူးမိပါတယ်။ တပါးသူက ကိုယ်ပြောမယ့်အကြောင်းအရာတွေကို ဆင်ဆာဖြတ်၊ ပိတ်ပင်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားပေမယ့် ကြောက်စိတ်ရှိနေချိန်တောင် နှုတ်ဆိတ်မနေသူတွေဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်မလုပ်ဘဲ အပြောင်းအလဲဆိုတာ ဖြစ်မလာဘူးဆိုတာကို သိပြီး လက်တွေ့လုပ်ဆောင်သူတွေ ဖြစ်ပါတယ်။ ဒီလို အမျိုးသမီးတွေ အသိုင်းအဝိုင်းတခု ဖြစ်တည်မှုကြောင့် အားလုံး စုစည်းတဲ့အင်အားဖြစ်စေပြီး အချင်းချင်းဖေးမရင်း အထောက်အကူဖြစ်စေပါတယ်။ အခုလက်ရှိတင်မက နောင်မျိုးဆက်သစ်အမျိုးသမီးငယ်တွေအတွက် ရဲစွမ်းသတ္တိရှိတဲ့ စံပြအမျိုးသမီးတွေအဖြစ် မားမားမတ်မတ် ရပ်တည်ခွင့်ရသွားပါတယ်။ တရားမျှတမှု ရှာဖွေသူများ၊ လွတ်လပ်ခွင့်ကို ကာကွယ်သူများအဖြစ် စုစည်းရပ်တည်ခြင်းအားဖြင့် အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်။"

၂၀၂၄ ခု နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်များဆုပေးပွဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတယောက်လည်းပါဝင်ပါတယ်။ သူကတော့ ဒေါ်မဥ္ဇူဝင်းဖြစ်ပါတယ်ရှင့်။

သူက နိုင်ငံတကာဥပဒေဖွံ့ဖြိုးရေးအဖွဲ့အစည်း IDLO မှာဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီးတော့ သူတည်ထောင်ခဲ့တဲ့ ဥပဒေအကြံပြုအဖွဲ့ကနေတဆင့် ဥပဒေရေးရာကျောင်းသားတွေကို အခမဲ့ကူညီပြီးတော့ ရှေ့နေလိုက်ပေးနိုင်ဖို့အတွက် သင်တန်းပေးခဲ့တဲ့အကြောင်းကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပြင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘဲလားရုစ်၊ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနား၊ ကျူးဘား၊ အီကွေဒေါ၊ ဂမ်ဘီယား၊ အီရန်၊ ဂျပန်၊ မော်ရိုကိုနဲ့ ယူဂန်ဒါနိုင်ငံတွေက အမျိုးသမီးတွေလည်း ဒီနှစ်ဆုချီးမြှင့်တဲ့ထဲမှာပါဝင်ပါတယ်။ ကမ္ဘာတဝန်း သူမတူတဲ့ ရဲစွမ်းသတ္တိရှိပြီး ငြိမ်းချမ်းရေး၊​တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျားမ တန်းတူညီမျှမှုတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို စိတ်ခွန်အားမြှင့်တင်နိုင်ဖို့ ဦးစီးဦးဆောင် ပါဝင် ဆောင်ရွက်ပေးသူတွေကို ရွေးချယ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုကို နှစ်စဉ် ချီးမြှင့်တာလည်း ဖြစ်ပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေက အမေရိကန်သံတမန်တွေကနေပြီးတော့ ဆုရထိုက်တယ်လို့ထင်တဲ့သူတွေရဲ့စာရင်းကို တင်သွင်းရတာဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုရွေးချယ်ပြီးတော့ အတည်ပြုရတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေပြီးတော့ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုရတဲ့အမျိုးသမီးက ဒီနှစ်က ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ ဒီဆုကို NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်၊ ၂၀၂၁ ခုနှစ်တုန်းကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ဖြိုးဖြိုးအောင်၊ ၂၀၁၉ ခုနှစ်တုန်းကတော့ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ ကရင်အမျိုးသမီးအဖွဲ့ အတွင်းရေးမှူးချုပ် နော်ကညောဖော၊ ၂၀၁၅ မှာ ကျား-မ တန်းတူညီမျှမှုနဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက် ပူးတွဲတည်ထောင်သူ ဒေါ်မေစပယ်ဖြူနဲ့ ၂၀၁၂ တုန်းကတော့ အခုလက်ရှိ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ဇင်မာအောင်တို့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဥ်ချီးမြှင့်တဲ့ ဒီ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုကို ရရှိခဲ့ကြဖူးပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG