သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြုပ်နှံမှုဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု 


 ပြည်သူ့လွှတ်တော် (MOI)
ပြည်သူ့လွှတ်တော် (MOI)

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ဥပဒေကြမ်းထဲမှာ လုံခြုံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအကျိုးစီးပွားတွေအပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ လိုအပ်တယ်ဆိုတာကို ထည့်သွင်းထားပါတယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ ဥပဒေတွေက ရှိထားပြီးဖြစ်ပေမယ့်၊ ဘာကြောင့် ဒီ ဥပဒေကို ပြောင်းလဲ အတည်ပြုရသလဲဆိုတာကိုတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က အခုလို ပြောပါတယ်။

“နိုင်ငံခြားသားရော၊ နိုင်ငံသားရော အားလုံးအတွက် တခုပါပဲ။ နိုင်ငံသားတွေကို ပိုပြီးအခွင့်အရေးပေးတယ်၊ နိုင်ငံခြားသားတွေဆိုပြီးတော့ ခွဲထားတယ်။ ဒီလိုခွဲခြားတယ်ဆိုပြီးတော့ ပြောတဲ့အခါမှာ ဒါကို ရင်းနှီးမြုပ်နှံတဲ့လူတွေက သံသယဖြစ်တာပေါ့ဗျာ။”

လက်ရှိပြဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုုပ်နှံမှု ဥပဒေတွေကို ပေါင်းစပ်ရေးဆွဲထားတဲ့ ဥပဒေမှာ တာဝန်ရှိတဲ့ ရင်းနှီးမြှုုပ်နှံမှုတွေ ဖြစ်စေရေး ရည်ရွယ်ပြီး၊ လုပ်ငန်းကြီးတွေအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုချက်ရယူဖို့ ဥပဒေကြမ်းမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ စစ်အစိုးရတွေ လက်ထက်က မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းကြီးတွေမှာ ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းအပေါ် အကျိုးဆက်တွေ ရှိနိုင်ပေမဲ့ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ အခြေအနေမျိုးတွေ ကြုံခဲ့ရတာတွေကို ပြင်ဆင်ဖို့ ဒီ ဥပဒေက ရည်ရွယ်ထားတာပါ။

မကြာသေးခင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် အမေရိကန်က ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ကြေညာထားတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလန်းတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်နေချိန်မှာပဲ လွှတ်တော်မှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်တရပ် အတည်ပြုနိုင်ဖို့ ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။ အခု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်ပေမယ့်၊ ဥပဒေအသက်ဝင်လာဖို့တော့ အမျိုးသားလွှတ်တော်ကနေ အတည်ပြုပေးဖို့ ကျန်ရှိပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG