သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ အီရန်အပေါ် ၄ ကြိမ်မြောက် ပိတ်ဆို့မှု ချမှတ်


သံသယတွေ ပွားနေရတဲ့ အီရန် နျူကလီးယား အစီအစဉ် ရပ်ဆိုင်းစေဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စတုတ္ထအကျော့ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ရေး ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဘရာဇီးလ်နဲ့ တူရကီနိုင်ငံက ကန့်ကွက်မဲနဲ့ လက်ဘနွန်နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေအကြား သဘောထား ကွဲပြားမှုတွေ ရှိနေတာကို ထင်ဟပ်စေပါတယ်။

အခုအတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်အမှတ် ၁၉၂၉ အရ အီရန်နိုင်ငံ အနေနဲ့ နျူကလီးယား လုပ်ငန်းတွေ ရပ်ဆိုင်းပြီး စေ့စပ်ဆွေးနွေးရေးမှာ ပြန်လည်ပါဝင်လာဖို့ ဖိအားတွေ တိုးပေးထားတာ ဖြစ်ပါတယ်။

အီရန် တော်လှန်ရေး ပြည်စောင့်တပ် အပါအဝင် အီရန်ရဲ့ နျူကလီးယားနဲ့ တာဝေးပစ် ဒုံးလက်နက် ထုတ်လုပ်ရေးတွေနဲ့ ဆက်စပ်နေသူတွေအပေါ် ခရီးသွားလာခွင့်နဲ့ ဘဏ္ဍာရေး ကန့်သတ်တာတွေ ပါဝင်ပါတယ်။ အီရန်နိုင်ငံနဲ့ လက်နက် ရောင်းဝယ်မှုတွေကိုပါ တားမြစ်လိုက်ပြီး အီရန် ဘဏ်လုပ်ငန်းတွေကိုလည်း ပစ်မှတ်ထား ကန့်သတ်လိုက်ပါတယ်။

အီရန်သမ္မတ မာမွတ် အမာဒီနီဂျတ် (Mahmoud Ahmadinejad) ကတော့ ဒီဒဏ်ခတ်မှုဟာ ဘာတန်ဖိုးမှ မရှိသလို အသုံးပြုပြီးသား လက်ကိုင်ပုဝါလိုပဲ အမှိုက်ပုံထဲ ထည့်ပစ်သင့်တယ်လို့ လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

နျူကလီးယားစွမ်းအင် ဆက်လက် ထုတ်လုပ်သွားဖို့ စိတ်ပိုင်းဖြတ်ချက်နဲ့ အီရန်နိုင်ငံရဲ့ တရားဝင် ထာဝရ ရပိုင်ခွင့်တွေကို ကာကွယ်သွားရေးမှာ ဘယ်လိုဖိအားတွေနဲ့မှ ချိုးဖျက်လို့ မရနိုင်ပါဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး မိုဟာမက် ခါဇာအီ (Mohammed Khazaee) ကလည်း တုံ့ပြန်လိုက်ပါတယ်။

XS
SM
MD
LG