သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ပါတီ အနိုင်ရ


အစ္စရေးလ် လွှတ်တော်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ လက်ယာယိမ်း Likud ပါတီ အနိုင်ရခဲ့ပြီးနောက် စတုတ္ထအကြိမ် သက်တမ်းမှာ သူဦးဆောင်မယ့် အစိုးရတရပ်ကို ရှေ့လာမယ့် ၂ ပတ် ၃ ပတ်အတွင်း ဖွဲ့စည်းဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဝန်ကြီးချုပ်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာတော့ လွှတ်တော်နေရာ ၁၂၀ အနက် ၂၄ နေရာ ရခဲ့တဲ့ အဓိကပြိုင်ဘက်ဖြစ် Zionist Union ပါတီကို Likud ပါတီက နေရာ ၃၀ နဲ့ အသာရနေတာပါ။ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ လွှတ်တော်မှာ လိုအပ်တဲ့ ၆၁ နေရာအတွက် ပါတီငယ်တွေနဲ့ ဆွေးနွေးနေပြီလို့လည်း ဝန်ကြီးချုပ်ရဲ့ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းပြည်လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုရေးအတွက် တာဝန်ယူ ဆောင်ရွက်နိုင်မယ့် ခေါင်းဆောင်မှုတရပ် အမြန်ဆုံး ပေါ်ပေါက်လာဖို့ အစ္စရေးလ်လူထုက မျှော်လင့်နေတယ်လို့လည်း ကြေညာချက်မှာ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

အလယ်အလတ် သဘောထားရှိတဲ့ Kulanu ပါတီကတော့ ရွေးကောက်ပွဲမှာ ၁၀ နေရာ အနိုင်ရခဲ့တဲ့အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးမှာ အရေးကြီးတဲ့ ပါတီတခု ဖြစ်နေပါတယ်။ Zionist Union ပါတီခေါင်းဆောင် Isaac Herzog ကတော့ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့ကြောင်း အသိအမှတ်ပြု လက်ခံခဲ့သလို၊ ဝန်ကြီးချုပ် Netanyahu ကိုလည်း တယ်လီဖုန်းကတဆင့် ချီးကျုးစကား ပြောကြားခဲ့တာပါ။

သူ့ပါတီအနေနဲ့ အစ္စရေးလ် လူထုအတွက် အတိုက်အခံပါတီအဖြစ် ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးရာ အကြီးအကဲ Federica Mogherini ကတော့ အပြန်အလှန် အကျိုးရှိစေမယ့် ဆက်ဆံရေးနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် စတင်နိုင်ရေး အစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG