သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုပ်နဲ့ သမ္မတ Trump ဖုန်းစကားပြောမည်


အစ္စရေးဝန်ကြီးချုပ်Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ်Benjamin Netanyahu

အမေရိကန် သမ္မတ Donald Trump နဲ့ ဒီကနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဆွေးနွေး ပြောဆိုမယ်လို့ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။

သမ္မတအဖြစ် Donald Trump ကျမ်းသစ္စာ ကျိန်ဆိုမှု နောက်ပိုင်း ခေါင်းဆောင် ၂ ဦးတို့ရဲက ပထမဆုံး အကြိမ် ဒီ တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှု ဖြစ်လာမှာပါ။ အစ္စရေးလ် - ပါလက်စတိုင်း အခြေအနေ၊ ဆီးရီးယားနဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုတို့အပေါ် ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အစ္စရေးလ် ဝန်ကြီးချုပ် Netanyahu က အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။ သမ္မတTrump က သူ့ရဲ့ မဲဆွယ်စည်းရုံးမှု ကာလအတွင်းမှာကတည်းက အစ္စရေးလ်ကို အခိုင်အမာ ထောက်ခံဖို့ ပြောဆိုထားသလို အငြင်းပွားနေတဲ့ ဂျေရုစလမ်ကို အစ္စရေးလ်ရဲ့ မြို့တော် အဖြစ် အသိအမှတ်ပြုမယ်လို့လည်း ပြောဆိုထားတာပါ။

ဒီကနေ့ တနင်္ဂနွေနေ့မှာဘဲ အရှေ့ဂျေရုစလမ်တွင်း အခြေချအိမ်ယာ သုံးခုမှာ အိမ် ၅၆၀ ကျော်ကို အစ္စရေးလ်က ဆောက်လုပ်ခွင့် အတည်ပြုခဲ့ပါတယ်။ အိမ်ယာဆောက်လုပ်ခွင့် အတည်ပြုချက်တွေကို အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမား အစိုးရ သက်တမ်းကုန်တဲ့ အထိ ဆိုင်းငံ့ထားခဲ့တယ်လို့ ဒေသန္တရ အဆောက်အအုံနဲ့ စီမံကိန်း ကော်မတီ အကြီးအကဲ ဒုတိယ မြို့တော်ဝန် Meir Turgeman က အစ္စရေးလ် ရေဒီယို ဌာနကို ပြောပါတယ်။

အစ္စရေးလ်တို့က သိမ်းပိုက်နယ်မြေတွေပေါ်မှာ အခြေချအိမ်ယာတွေ တည်ဆောက်နေတာတွေကို အဆုံးသတ်ဖို့ ကုလလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်တို့က မဲမပေးဘဲနေခဲ့တဲ့ အပေါ် အစ္စရေးလ် ဝန်ကြီးချုပ် Netanyahu က စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။ ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်တို့က မဲမပေးခဲ့တာကြောင့် အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အရှေ့ဂျေရုစလမ်နဲ့ အနောက်ဘက်ကမ်းတို့က အခြေချအိမ်ယာတွေမှာ အစ္စရေးလ် ၅ သိန်းကျော် နေထိုင်နေတာကိုတော့ နိုင်ငံအများစုက တရားမဝင်ဘူးလို့ ရှုမြင်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG