သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ သမီးကြီး Ivanka Trump အိမ်ဖြူတော် ရုံးခန်းထိုင်


သမ္မတ Donald Trump ရဲ့သမီး Ivanka Trump အား အိမ်ဖြူတော်မှာ တွေ့ရစဉ်။
သမ္မတ Donald Trump ရဲ့သမီး Ivanka Trump အား အိမ်ဖြူတော်မှာ တွေ့ရစဉ်။

အမေရိကန်သမ္မတ Donald Trump ရဲ့ သမီးအကြီးဆုံး Ivanka Trump ဟာ၊ အစိုးရဝန်ထမ်းတယောက် မဟုတ်ပေမဲ့လည်း အခုအခါ သမ္မတအိမ်ဖြူတော်ရဲ့ အနောက်ဖက်ဆောင်မှာ ရုံးခန်းတခန်းရမှာဖြစ်သလို၊ လျို့ဝှက် သတင်း အချက်အလက်တွေကိုလည်း သိရှိခွင့်ရတော့မှာ ဖြစ်ပါတယ်။

တရားဝင် ရာထူးအမည် မရှိပေမဲ့၊ အစိုးရဝန်ထမ်းတွေအတွက် ထုတ်ပြန်ထားတဲ့ ကျင့်ဝတ်သိက္ခာစည်းမျဉ်းတွေကို လိုက်နာ ဆောင်ရွက်မှာဖြစ်ကြောင်း Ivanka ရဲ့ ရှေ့နေဖြစ်သူ Jamie Gorelick ကပြောပါတယ်။ Ivanka အနေနဲ့ အစိုးရလစာကိုလည်း ယူမှာမဟုတ်ဘူးလို့ ရှေ့နေ Gorelick က ပြောပါတယ်။

Ivanka ဘယ်လို အခန်းကဏ္ဍကနေ တာဝန်ယူသွားမလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ အိမ်ဖြူတော်က တစုံတရာ တုန့်ပြန်ချက်မပေးပါဘူး။ ဒါပေမဲ့လည်း ဘဝတလျှောက် လုပ်ခဲ့သလို၊ ဖခင်ဖြစ်သူအတွက် ဆွေးနွေးတိုင်ပင်၊ အကြံပေးတာတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း Ivanka က ကြေညာချက် ထုတ်ပြန်ပါတယ်။

Ivanka ဟာ ဖခင်ဖြစ်သူရဲ့ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေမှာ တစိုက်မတ်မတ် လိုက်ပါခဲ့သူ တဦးဖြစ်သလို၊ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ သူမ မိသားစုကို ဝါရှင်တန် ဒီစီမြို့တော်မှာ ရွေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ သူမဟာ ကိုယ်ဝန်ဆောင်မိခင်တွေ ခွင့်ရက်ရရှိရေးနဲ့ ကလေးငယ်တွေ ပြုစုစောင့်ရှောက်ရေး ကိစ္စတွေကို အဓိကဆောင်ရွက်ဖို့လည်း ရည်မှန်းထားသူ ဖြစ်ပါတယ်။

သမ္မတ အိမ်ဖြူတော်က လှုပ်ရှားမှုတွေမှာ သိသိသာသာ ပါဝင်ဆောင်ရွက်နေတဲ့ Ivanka ဟာ သောကြာနေ့က ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကိစ္စ ဆွေးနွေးရာမှာလည်း ပါဝင်ခဲ့ပါတယ်။

Ivanka ရဲ့ ခင်ပွန်းဖြစ်သူ Jared Kushner ဟာလည်း အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာ အများဆုံး စုစည်းရာ အိမ်ဖြူတော်ရဲ့ အနောက်ဖက်ဆောင်မှာ ရုံးခန်းဖွင့်ထားပြီး သမ္မတရဲ့ အကြီးတန်းအကြံပေးအဖြစ်နဲ့ ဆောင်ရွက်ပါတယ်။ မိသားစုဝင်တွေကို အစိုးရအဖွဲ့အတွင်း ခန့်ပိုင်ခွင့်မရှိဘူးဆိုတဲ့ ဥပဒေ ရှိပေမယ့်လည်း သမ္မတအနေနဲ့ သားမက်ဖြစ်သူ Kushner ကို ခန့်နိုင်တဲ့ အထူးအာဏာရှိကြောင်း တရားရေးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG