သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသသူရဲကောင်း John Glenn ကွယ်လွန်


ကမ္ဘာပတ်လမ်းထဲ သွားရောက်ပျံသန်းခဲ့တဲ့ ပထမဆုံး အမေရိကန် အာကာသယာဉ်မှုး John Glenn ဟာ ကြာသပတေးနေ့မှာ ကွယ်လွန် သွားပါပြီ။ အသက် ၉၅ နှစ် ရှိပြီဖြစ်တဲ့ John Glenn ဟာ Ohio ပြည်နယ်တက္ကသိုလ်ရဲ့ James Cancer ဆေးရုံမှာ တက်ရောက် နေတာ တပတ် ကျော်ပြီလို့ Ohio တက္ကသိုလ် John Glenn လူထုရေးရာ ကောလိပ်က ပြောပါတယ်။

အခုလို မစ္စတာ Glenn ကွယ်လွန်သွားတာဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံအကျိုးပြု အထင်ကရ ပုဂ္ဂိုလ်တဦး ဆုံးပါးသွားတာ ဖြစ်သလို သူတို့ ဇနီးမောင်နှံအတွက်လည်း မိတ်ဆွေတယောက် ဆုံးပါးသွားတာ ဖြစ်ကြောင်း သမ္မတ Barack Obama က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဒီကနေ့မှာ အာကာသ စူးစမ်းလေ့လာမှုမှာ အထင်ကရ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ John Glenn ကို အမေရိကန် ပြည်ထောင်စုက ဆုံးရှုံးခဲ့ရပြီလို့ အရွေးကောက်ခံ သမ္မတ Donald Trump က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ မစ္စတာ Glenn ဟာ စူးစမ်းလေ့လာလိုသူ နောင်လာ နောက်သားတွေအတွက် အားကျဖွယ် သူရဲကောင်းတဦးဖြစ်ပြီး သူ့ကို သတိရ အောက်မေ့နေမှာ ဖြစ်ကြောင်း လည်း Trump ကရေးသားခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာ စစ်ဖက် လေယာဉ်မှုးတွေ အဖြစ် အရွေးခံခဲ့ရတဲ့ Mercury Seven လို့သိကြတဲ့ ၇ ဦးပါ အဖွဲ့ဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှုးတွေ ဖြစ်လာပြီး သူတို့ထဲမှာ မစ္စတာ Glenn တယောက်ပဲ နောက်ဆုံး အဖြစ် သက်ရှိထင်ရှား ကျန်ရစ်တာပါ။ ဒုတိယ ကမ္ဘာစစ်နဲ့ ကိုရီးယား စစ်ပွဲတွေမှာ လေယာဉ်မှုး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့ နောက်မှာ မစ္စတာ Glenn ဟာ အမေရိကန် ရေတပ်နဲ့ မရိန်းတပ် ဂျက်တိုက်လေယာဉ်မှုး အဖြစ် တာဝန်ကျခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး NASA အဖွဲ့ ဖွဲ့စည်းရာမှာ အကောင်းဆုံး အာကာသ ယာဉ်မှုးအဖြစ် အရွေးချယ် ခံခဲ့ရပါတယ်။

၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ ထဲမှာတော့ Friendship 7 လို့ နာမည်ပေးထားတဲ့ အာကာသယာဉ်နဲ့ ၅ နာရီနီးပါး ကြာအောင် ကမ္ဘာကို ပတ်ခဲ့တဲ့ ပထမဆုံး အမေရိကန် အာကာသယာဉ်မှုး ဖြစ်လာတာပါ။ ၁၉၉၈ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် Discovery နဲ့ အာကာသထဲ လိုက်ပါ ခဲ့တာမို့ သူဟာ အသက် အကြီးဆုံး အာကာသ ခရီးသွားသူ တယောက် အဖြစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။

John Glenn ဟာ နိုင်ငံရေးကို စိတ်ဝင်စားသူ တယောက်ပါ။ ၁၉၆၄ ခုနှစ်မှာ Ohio ပြည်နယ် အထက်လွှတ်တော်မှာ ဒီမိုကရက်တစ် ပါတီက အမတ်တဦးအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၉ ခုနှစ်အထိ အထက်လွှတ်တော်မှာ အဖွဲ့ဝင်အဖြစ် ရှိနေခဲ့တာပါ။ အထက်လွှတ်တော်အမတ် တာဝန် ထမ်းဆောင်နေတဲ့ မစ္စတာ Glen ဟာ ၁၉၉၈ ခုနှစ်မှာ NASA ရဲ့ စေလွှတ်မှုနဲ့ အာကာသထဲ နောက်ဆုံး အဖြစ် ၉ ရက်ခရီး ထပ်သွားခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က သူဟာ အသက် ၇၇ နှစ်ရှိနေပြီဖြစ်ပါတယ်။ အထက်လွှတ်တော်ကနေ အနားယူခဲ့ပြီးတဲ့ နောက်မှာ သူဟာ Ohio တက္ကသိုလ်မှာ လူထုအကျိုးပြု ကျောင်းတကျောင်း တည်ထောင်ဖို့ ကူညီခဲ့တာပါ။

၁၉၆၂ ခုနှစ် အာကာသခရီးစဉ် အောင်မြင်မှုက စပြီး ဂုဏ်ပြုမှုတွေ အမြောက်အများ ရရှိခဲ့တဲ့ မစ္စတာ Glen ကို တက္ကသိုလ် အများအပြားက ဂုဏ်ထူးဆောင်ဘွဲ့တွေ အပ်နှင်းခဲ့ကြသလို Woodrow Wilson လူထုအကျိုးဆောင်ဆု၊ အမေရိကန် အထက်လွှတ်တော် လူထုအကျိုးဆောင်ဆုနဲ့ လွတ်လပ်မှုဆိုင်ရာ သမ္မတရဲ့ ဆုတံဆိပ်တွေကိုလည်း ရရှိခဲ့ပါတယ်။

အာကာသသူရဲကောင်း John Glenn ကွယ်လွန်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG