သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကယ်ရီရဲ့ မြန်မာခရီးစဉ် ထူးခြားမှု ရှိနိုင်


ကန်ဝန်ကြီးကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်။ (ရန်ကုန်၊ သြဂုတ် ၁၀၊ ၂၀၁၄)
ကန်ဝန်ကြီးကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်။ (ရန်ကုန်၊ သြဂုတ် ၁၀၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ လူထုက ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရသစ်လက်ထက် ပထမဦးဆုံးအကြိမ် - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တနင်္ဂနွေနေ့ကျ ရင် မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း - မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် အကောင်အထည်ဖော်ဖို့ အစိုးရသစ်ကို တွန်းအားပေးနိုင်သလို - အရင်ခရီးစဉ်နဲ့မတူဘဲ ထူးခြားမှုတွေ ရှိနေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် တက်လာချိန်မှာ - အမေရိကန်ထိပ်တန်း သံတမန်တဦးအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ - မေလ ၂၂ ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်မှာ - မြန်မာသမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိကကျတဲ့ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ မကြာသေးခင်ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီး တက်လာတဲ့ အရပ်သားအစိုးရ ကို ထောက်ခံမှု ပြသတဲ့ အနေနဲ့ရော၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်ဆောင်ဖို့ တွန်းအားပေးတဲ့အနေနဲ့ရော မြန်မာနိုင်ငံကို ဝန်ကြီးကယ်ရီ သွားရောက်ခဲ့တာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်ဟောင်းတဦး လည်းဖြစ်တဲ့ ဒေါက်တာ တင့်ဆွေ ကတော့ - ဝန်ကြီး ကယ်ရီရဲ့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ်ဟာ အတော်လေး ထူးခြားမှု ရှိတယ်လို့ သုံးသပ်ပါတယ်။

“ဂျွန် ကယ်ရီရဲ့ ခရီးစဉ်က အရေးပါတဲ့ အတိုင်းအတာက မသေးဘူးလို့ ကျနော် ယူဆပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အိုဘားမား လက်ထက်မှာ သူတို့နိုင်ငံခြားရေးပေါ်လစီက အရှေ့တောင်နဲ့ အရှေ့အာရှပိုင်းကို အာရုံစူးစိုက်မှုပေါ်လစီ သူတို့ဦးစားပေးထဲမှာ ထားတယ်။ အဲဒီထဲမှာ တောင်တရုတ် ပင်လယ်က ကျွန်းစုအရေးအပြင်၊ မြန်မာနိုင်ငံကို ဗဟိုပြုတဲ့ အရှေ့တောင်အာရှ ဆက်ဆံရေးက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ပေါ်လစီထဲမှာ ဦးစားပေးပါတယ်လို့ ကျနော် ယူဆပါတယ်။ ဒီအတွက် သူ့သက်တမ်းတွင်းမှာ မြန်မာနိုင်ငံ ကို ဒုတိယအကြိမ်အထိ ရောက်လာတယ် ဆိုတော့ ထူးခြားတယ်လို့ ကျနော်မြင်ပါတယ်။”

လောလောဆယ် မြန်မာသမ္မတ ဦးထင်ကျော်ဟာ ရုရှားနိုင်ငံမှာ ၂ ရက်ကြာကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေပြီး၊ အဲဒီမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့လည်း နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့နဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့တွေအပြင် စစ်ဘက် ကုန်သွယ်ရေးမြှင့်တင်ဆောင်ရွက်ဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေ၊ နည်းပညာတွေကို ရုရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို ရောင်းချသွားဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အခုလို NLD အစိုးရလက်ထက်မှာ ရုရှားနိုင်ငံနဲ့ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်သွားဖို့ လုပ်ဆောင်လာသလို၊ အမေရိကန်ပြည်ထောင်စုကလည်း - မြန်မာနိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်မှုကို အသွင်ကူးပြောင်းရာမှာ အထောက်အကူ ဖြစ်စေဖို့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေကို ဘယ်လို တိုးမြှင့်နိုင်မလဲဆိုတာကို ကွန်ဂရက်လွှတ်တော်နဲ့ တိုင်ပင်ပြီး နည်းလမ်းရှာ နေတယ်လို့ - ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန် သမ္မတ ဘရက်အိုဘားမားရဲ့ လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောကြားခဲ့တာပါ။

ဒီအခြေအနေတွေကို ကြည့်ရင် - မြန်မာနိုင်ငံအပေါ် လွှမ်းမိုးလွန်းတဲ့ တရုတ်ရဲ့သြဇာကို ချိန်ခွင်လျှာညှိဖို့အတွက် ကြိုးစားမှုတွေ ပါဝင်နိုင်တယ်လို့ ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

“သမ္မတကြီး ဦးထင်ကျော်ဟာ အာဆီယံနဲ့ ရုရှားအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးတာရော၊ ရုရှားနိုင်ငံနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုပါ ရှိထားတယ်။ အခုတခါ ဂျွန်ကယ်ရီလာခါနီးမှာ အမေရိကန်နဲ့လည်း ဗမာ့တပ်မတော်နဲ့လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်ဆိုတဲ့အချက်က ကျနော်တို့ ဗမာနိုင်ငံအတွက်ပါ ထူးခြားတယ်လို့ ကျနော် ယူဆတယ်။ ဒီကနေ့ကာလက ဟို သိတဲ့အတိုင်း စစ်အေးကာလ လည်း မဟုတ်တော့ ဗမာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ထိန်းညှိတဲ့ ပေါ်လစီရော၊ လိုအပ်ချက်တွေအရရော ဆောင်ရွက်ရတယ်။ အရင် စစ်အစိုးရကာလတွေ နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ဗမာနိုင်ငံက နိုင်ငံခြားရေးပေါ်လစီဟာ တဘက်သတ်ပေါ့နော် တိတိလင်းလင်းပြောရရင်တော့ တရုတ်နိုင်ငံကို ဦးစားပေးလွန်းတာကနေ နယ်ကျွံတဲ့အထိ ဖြစ်လာတဲ့အခါမှာ တပ်မတော်ခေါင်းဆောင်တွေ ကိုယ်၌ကလည်း စိုးရိမ်ချက် ရှိကောင်းရှိ မယ်လို့ ကျနော် ယူဆတယ်။

အဲဒီအတွက်လည်းပဲ ပြန်ပြီးတော့ အမှားတွေကို ပြင်ဖို့ရာအတွက် အမေရိကန်နိုင်ငံရဲ့ အကူအညီ လိုတယ်။ အကူအညီ ဆိုတာမှာ စစ်ရေးအကူအညီတွေ ပါတယ်။ ဒါကြောင့်လည်းပဲ ဒီခရီးစဉ်ဟာ ဒီဟာတွေကို ဆက်လက် အကောင်အထည် ဖော်နိုင်ကောင်း ဖော်နိုင် လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အရင် ၂၀၁၄ သြဂုတ်လ ၉ ရက်နေ့ ကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။ သူ့ခရီးစဉ်မတိုင်မီ ဒီသီတင်းပတ် အစောပိုင်းမှာတော့ အမေရိကန် ပြည်ထောင်စုက မြန်မာအပေါ်ထားရှိတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို နောက်ထပ် သက်တမ်းတနှစ် တိုးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို တွန်းအားပေးဖို့နဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အဟန့်အတား ဖြစ်စေသူတွေကို အရေးယူဖို့ဆိုပြီး ပြုပြင်မွမ်းမံ သက်တမ်းတိုးခဲ့တဲ့ ဒဏ်ခတ်မှုတွေဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ပြဿနာ မဟုတ်သလို၊ အမေရိကန်ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်း ဖြစ်တယ်လို့ လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG