သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဖြစ်ရာ မောင်တောကို သတင်းထောက်တွေ ရောက်ရှိ


 မောင်တောကို သတင်းထောက်တွေ ရောက်ရှိ (MOI Webportal Myanmar)
မောင်တောကို သတင်းထောက်တွေ ရောက်ရှိ (MOI Webportal Myanmar)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၉ ရက်နေ့က လုံခြုံရေးစခန်းသုံးခု တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ရပြီး တဲ့နောက် ပုံမှန် သွားလာခွင့်တွေ ပိတ်ပင်ထားတဲ့ အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေ ကို မြန်မာအစိုးရက ဒီကနေ့ ပထမဆုံးအကြိမ် ပြည်တွင်းပြည်ပ သတင်းထောက် တချို့ကို ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။ ဒီလို ဝင်ရောက်ခွင့်ရခဲ့သူတွေထဲက တဦးဖြစ်တဲ့ EPA သတင်းဌာနက ကိုငြိမ်းချမ်းနိုင်ကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ရခိုင်ကို ပထမဦးဆုံးအကြိမ် သတင်းထောက်တွေကို ဝင်ခွင့်ပြုတာဆိုတော့လေ အခု ကိုငြိမ်းချမ်းနိုင်တို့ အခုရောက်နေပြီပေါ့နော်၊ ဘယ်သတင်းဌာနတွေက ဘယ် နှစ်ယောက်လောက်ကို ဝင်ခွင့်ပေးလိုက်တာပါလဲရှင့်။

ဖြေ။ ။ ဘယ်သတင်းဌာနတွေလဲဆိုတော့ မဇ္ဈိမ ပါတယ်၊ Central news bureau ဆိုတာ Skynet ကဟာပေါ့နော် အဲဒါပါတယ်၊ နောက် MRTV ပါတယ်၊ နောက် ပြန်ကြားရေးသတင်းပါတယ်၊ နောက်ကျနော်တို့ ဂျပန်သတင်းဌာန ၊ နောက် Tokyo news ပါမယ်၊ နောက်ကျနော်ပါတယ်၊ 7 days ပါမယ်။

မေး။ ။ အဲဒီတော့ ပြည်တွင်းရော ပြည်ပရော ပါတာပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့

မေး။ ။ဘယ် နှစ်ယောက်လောက်ရှိသလဲရှင့် ၊ ၁၃ ယောက်လောက်ဆိုတာ ကြားထားတယ် ဟုတ်ပါသလား။

ဖြေ။ ။ ၁၃ ယောက်ဟုတ်တယ်၊ ဒါပေမယ့် မနေ့က ကျနော်တို့ စစ်တွေရောက်တယ်၊ စစ်တွေရောက်ပြီး ဒီနေ့မနက်ထွက်လာတော့ အန်ကယ်ဦးအောင်လှထွန်းက သူလည်းပါတယ်လေ၊ သူက စာနယ်ဇင်းကောင်စီအနေနဲ့၊ ဒါပေမယ့် အန်ကယ်ဦးအောင်လှထွန်းက နေမကောင်းလို့ဆိုပြီး ကျန်ခဲ့တာ ၁၂ ယောက်ဖြစ်သွားတယ်။

မေး။ ။အခု ကိုငြိမ်းချမ်းနိုင်တို့က ဘယ်ကို ရောက်နေတာလဲရှင့် အခုရောက်နေတဲ့ နေရာက။

ဖြေ။ ။ ကျနော်တို့ မောင်တောရောက်နေပြီ။

မေး။ ။အဲဒီတော့ သတင်းတွေရော လွတ်လွတ်လပ်လပ်ယူလို့ရလား၊ အခြေအနေကရော အဲဒီမှာ ဘယ်လို ရှိနေသလဲရှင့် သတင်းယူရတဲ့အခြေအနေရော၊ လွတ်လွတ်လပ်လပ် ဘယ်လောက်အတိုင်းအတာအထိ ယူခွင့်ရသလဲ။

ဖြေ။ ။ သတင်းယူတာကတော့ လွတ်လွတ်လပ်လပ်ယူလို့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က အခုမှ မောင်တောရောက်တာခင်ဗျ။ဆိုတော စစ်တွေကနေ ကျနော်တို့ ရှပ်ပြေးနဲ့လာတယ်၊ ကျနော်တို့ ဘူးသီးတောင်ရောက်တယ်၊ ဘူးသီးတောင်မှာရှိတဲ့ ၂ ဘက် community ရှိတဲ့ နေရာတွေကို လိုက်ပြတယ်၊ ဈေးတွေ၊ ဆေးရုံတို့၊ ကျောင်းတို့ပေါ့နော်။ အဲဒါတွေလိုက်ပြတယ်၊ ပြီးတော့ ကျနော်တို့ ဒီဘက်ကို ထွက်လာတာဆိုတော့ အခုမှ ကျနော်တို့ ရောက်တာ မောင်တောကို။ မောင်တောရောက်တော့ မောင်တောမှာရှိတဲ့ မြို့မိမြို့ဖ ပုဂ္ဂိုလ် ၂ ယောက် ၃ ယောက်လောက်နဲ့ ကျနော်တို့ကို တွေ့ပေးနေတယ်။ အဲဒီမှာ ကျနော်တို့ TV သမားတွေကတော့ အင်တာဗျူးလုပ်နေကြတာပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအချိန်က curfew ချိန်ဖြစ်နေပြီ။ ကျနော်တို့ကို ဒီလူတွေနဲ့ ပေးတွေ့ပြီးတာနဲ့ ကျနော်တို့ တည်းခိုတဲ့နေရာသွားမယ်။ မနက်ဖြန်ကျမှ တကယ့်အခင်းဖြစ်တဲ့ရွာတွေ စီစဉ်ထားတာတော့ရှိတယ်။ သူတို့ဟာသူတို့ နဂိုကတည်းက arrange ရှိပြီးသား။ ဘယ်ရွာ ဘယ်ရွာဆိုတာ၊ ဒါပေမယ့် ကျနော်တို့ကတော့ ဘာဖြစ်မလဲဆိုတာတော့ မသိသေးဘူး။ သူတို့ဟာသူတို့ ကြိုပြီးတော့ စီစဉ်ထားတာလား ဘာဖြစ်မလဲတော့ မသိသေးဘူး။ သို့သော် သူတို့ဟာသူတို့ ကြိုပြီးတော့ စီစဉ်ထားလည်း သေချာတာကတော့ ကျနော်တို့လည်း တခြားပတ်ပြီးမေးရင်လည်း မေးမှာပဲလေ၊ မနက်ဖြန်အစီအစဉ်ကတော့ ကျနော်တို့ မသိသေးဘူးပေါ့ ဟုတ်။

မေး။ ။ အခုဘူးသီးတောင် ကိုလည်း ရောက်ပြီးပြီ၊ မောင်တောကိုလည်း ရောက်ပြီဆိုတော့ ရောက်ပြီးသလောက်အခြေအနေ မှာ သတင်းယူရတာ အားရမှုရှိပါသလားရှင့်။

ဖြေ။ ။ အခုအချိန်အထိတော့ OK ပါတယ် fine ပါတယ်။ အားလုံးအဆင်ပြေတယ်၊ မေးချင်တာမေးလို့ရတယ်၊ အခု ၂ ဘက်အသံ တော်တော်ကြားရတယ်။

မေး။ ။လုံခြုံရေးအခြေအနေကရော။

ဖြေ။ ။ ကျနော်တို့ကိုတော့ အခုအရှေ့က လက်နက်ကိုင် ရဲတပ်ဖွဲ့ နဲ့ ဘာနဲ့ သူတို့အရှေ့က တောက်လျှောက်လိုက်ပေးတယ်၊ အခုက ကာဖီးတွေလည်း ဖြစ်နေတော့ ။ အခုအချိန်အထိတော့ အေးဆေးပဲခင်ဗျ ဒီ ကျနော်တို့ ရောက်နေတဲ့နေရာကတော့ အေးဆေးပဲခင်ဗျ။

မေး။ ။ထူးထူးခြားခြား လက်ရှိအကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တဲ့နေရာဆိုတော့ ထူးထူးခြားခြား ဘာတွေများသတိထားမိသလဲရှင့်။

ဖြေ။ ။ ဒီနေရာက အခုကျနော်တို့ မြို့ပေါ်ရောက်နေတော့ ထူးထူးခြားခြားမရှိဘူးထင်တယ်။တကယ့်ဖြစ်တဲ့နေရာတွေက မနက်ဖြန်မှ ရောက်မှာ အဲဒီကျမှ ကျနော်တို့ သေချာမြင်ရမယ်၊ သေချာကောင်ကောင်းသိမယ်၊ ကျနော်တို့က ဒီလို မနက်ဖြန်ရယ် သဘက်ခါရယ်က ဝါးပိတ်တို့၊ ကျီးကန်းပြင်တို့ပဲသွားမှာ နောက်တနေ့ကျတော့မှ ကိုးတန်ကောက် တို့သွားမှာ၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းသွားမှာ အဲလိုခွဲထားတယ်။

မေး။ ။အဲဒီတော့ အစီအစဉ် က မနက်ဖြန်ရယ် သဘက်ခါရယ် ပြီးရင် စစ်တွေကို ပြန်ရမှာလားရှင့်။

ဖြေ။ ။ ဟုတ်မနက်ဖြန်တရက်ကတော့ ဒီမှာပြန်အိပ်၊သဘက်ခါသွားပြီးတာနဲ့ စစ်တွေပြန် ၂၂ ရက်နေ့မှာ နောက်တနေ့ကျရင်တော့ ရန်ကုန်ပြန်မှာပါ။”

မောင်တောမြို့ကိုရောက်နေတဲ့ EPA သတင်းဌာနက ကိုငြိမ်းချမ်းနိုင်ကို မခင်ဖြူထွေး ဆက်သွယ်မေးမြန်းခဲ့တာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် ပဋိပက္ခဖြစ်ပွားခဲ့ပြီးတဲ့နောက် သတင်းထောက်တွေ ပထမဆုံးအကြိမ် ပြန်လည် ဝင်ရောက်ခွင့် ရတာဖြစ်သလို၊ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေကိုလည်း ခွင့်ပြုသွားမယ့်အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရန်ကုန်မြို့မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒေသတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းလင်းတဲ့ပွဲမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG