သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ရှမ်းပြည်နယ် မူးယစ်ဆေးတိုက်ဖျက်ရေးအခြေအနေ


ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ (Photo-Hkun Awng Nlam)
ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ (Photo-Hkun Awng Nlam)

လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးစီမံချက်ကို အကောင်အထည်ဖော်ခဲ့တဲ့ ၃နှစ်တာကာလမှာ ကချင်ပြည်နယ်အတွင်းမှာ ဘိန်းစိုက်ဧက ၉ထောင်ကျော်ဖျက်ဆီးပြီး၊ ဘိန်းဖြူနဲ့ ယာဘခေါ် စိတ်ကြွဆေး ကျပ်သိန်း ၆သောင်းကျော်ဖိုးလောက် ဖမ်းဆီးနိုင်ခဲ့သလိုမူးယစ်ဆေးစွဲသူ ၁သောင်းကျော်လောက် ကို ဆေးဖြတ်ပေးနိုင် ခဲ့တယ်လို့ မြစ်ကြီးနားဒေသဆိုင်ရာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်က ဒီကနေ့ ကျရောက်တဲ့ ကချင်မူးယစ်ဆေးတိုက်ဖျက်ရေးနေ့မှာပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပေးပို့ထားပါတယ်။

ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အခမ်းအနားကို ကချင်ပြည်နယ်က မြို့ကြီးအတော်များများမှာသာမက ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာပါ ကျင်းပခဲ့ပါတယ်။

မြစ်ကြီးနားမြို့ မနောကွင်းမှာ ကျင်းပတဲ့ အခမ်းအနားကိုလူအင်အား ၅ထောင်ကျော်လောက် တက်ရောက်ခဲ့ပြီး ဆုတောင်းပွဲနဲ့ ပညာပေးဟောပြောပွဲ၊ ဓါတ်ပုံပြပွဲတွေကျင်းပခဲ့သလို လုပ်ငန်း အောင်မြင်မှုအစီရင်ခံစာကို တင်ပြခဲ့ပါတယ်။

လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးစီမံချက်စတင်ခဲ့တဲ့ ၃နှစ်ကျော်ကာလအတွင်းမှာ ဘိန်းခင်းဖျက်ဆီးတာနဲ့ အခြားဆောင်ရွက်နိုင်ခဲ့တာတွေကို မြစ်ကြီးနားမြို့က Pat Jasan ခေါ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဦးလုံဂျုံတူးရော်က အခုလို ပြောပါတယ်။

“ဘိန်းခင်းက ၉၀၀၀ နဲ့ ၁၅ ဧက ၊ ကချင်ပြည်နယ်မှာ များတယ်၊ ရှမ်းမြောက်လည်းနည်းနည်းပါတယ်ပေါ့နော် ၊ ရှမ်းမြောက်စာရင်းက သိပ်မရဘူး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးပမာဏဆိုရင် ပိုက်ဆံနဲ့ တိုင်းတာလို့မရဘူးပေါ့နော် တန်ဖိုးက နော်။ တန်ဖိုးကတော့ သိန်းပေါင်း ၆ သောင်းကျော်လောက်ရှိမယ်ထင်တယ်။ ပမာဏများတာကတော့ methamphetamine နဲ့ ဘိန်းဖြူပေါ့နော် ၊ အဓိကတော့ ဘိန်းဖြူနဲ့ ရာမပေါ့နော် ။ ၃ နှစ်အတွင်းမှာတော့ ဘိန်းဖြတ်တဲ့လူနာပေါင်း ၁ သောင်း နဲ့ ၅၀၀ လောက်ကို ဆေးဖြတ်ပေးတယ်။”

ဆေးဖြတ်ပြီးသူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုတော့ ရံပုံငွေအားနည်းတာကြောင့် ဆောင်ရွက်နိုင်တာ မရှိဘူးလို့လည်း ပြောပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲကို အခုလို ဆက်ပြောပါတယ်။

“အခက်အခဲကတော့ အာဏာပိုင်တွေ နဲ့ သိပ်အဆင်မပြေဘူးပေါ့နော် သူတို့က ကျနေ်ာတို့ရဲ့လုပ်ငန်းတွေ မှာ မသိမသာရော၊ သိသိသာသာရော ဟန့်တားတာတွေရှိတယ်။ နောက်ပြီး ခြိမ်းခြောက်တာတွေ ရှိတာပေါ့နော် ၊ ပြည်သူ့စစ်တွေ အားလုံးနည်းပါးကတော့ မူးယစ်ဆေးဝါးကို ရောင်းဝယ်ကြတာကို ၊ ဒါကြောင့်သူတို့က အဲဒီလုပ်ငန်းကို ကာကွယ်တဲ့ အနေနဲ့ Pat Jasan ကို ရန်လုပ်တယ်ပေါ့နော်

ကချင်ပြည်နယ် တနိုင်းမြို့မှာကျင်းပတဲ့အခမ်းအနားမှာတော့ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ ပညာပေးဟောပြောတာနဲ့ ဓါတ်ပုံပြပွဲတွေ ပြသတာတွေ ရှိခဲ့ပြီးလူထုချီတက်ပွဲကို အင်အား ၈၀၀ကျော်လောက် တက်ရောက်ခဲ့တယ်လို့တနိုင်းမြို့နယ် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဌ ဦးနော်တောင်က ပြောပါတယ်။

တနိုင်းမြို့နယ်အတွင်း မူးယစ်တိုက်ဖျက်ရေးအခြေအနေကိုလည်း ဦးနော်တောင်က အခုလို ဆက်ပြောပါတယ်။

“ဘိန်းရောင်းဝယ်မှုက ၆၀ ရာခိုင်နှှုန်းလောက် လျှော့ကျလာတာကို တွေ့ရတယ်။ ဘိန်းခင်းတွေလည်း ၅၅ ရာခိုင်နှုန်းလောက် လျှော့ကျလာတာကို တွေ့ရတယ်။ဒီ သုံးစွဲသူတွေလည်း အများကြီး လျှော့ကျလာတာကို တွေ့ရတယ်လို့ ။ ဒါပေမယ့် ကျနေ်ာတို့တခုကတော့ ဘိန်းခင်းကတော့ ခုတ်လိုက်ပြီးမှ လျှော့ကျသွားသော်လည်း ကျနော်တို့ဆီမှာ ပြဿနာ တခုတက်လာတာကတော့ ဒေသထွက် ဘိန်းက မရှိတော့ပဲနဲ့၊ ဒီမြို့ကနေရောက်လာတဲ့ ဆေးပြားတို့ ရာမတို့ ၊ ဘိန်းဖြူတို့က အစားထိုးပြီးမှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်ရောက်လာတာကတော့ ပြဿနာ တခုဖြစ်လာပါတယ်။”

ကချင်ပြည်နယ်အတွင်းမှာ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးစီမံချက်ကို ၂၀၁၃ခုနှစ်လောက်ကစတင်ခဲ့ပြီး ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလက ကန်ပိုက်တီးဒေသဖက်က ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးရာမှာ ဘိန်းခင်းရှင်တွေနဲ့ Pat Jasan ခေါ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့အကြားမှာ အပြန်အလှန် တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၅ဒီဇင်ဘာလအတွင်းမှာတော့ တနိုင်းဒေသဖက်မှာ ဘိန်းခင်းရှင်က တူမီးသေနတ်နဲ့ ပစ်ခတ်တာကြောင့် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင် တယောက် သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေး သုံးစွဲတာတွေ မြင့်တက်နေတာကြောင့် ကချင်အမျိုးသား ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေ ဆွေးနွေးတိုင်ပင်ပြီး ၂၀၁၃ခုနှစ် ဇွန်လ ၂၆ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုဆန့်ကျင်ရေးနေ့မှာ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG