သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ ဒုတိယနေ့အဖြစ် တိုက်ပွဲဆက်ဖြစ်


ကချင်တိုက်ပွဲဖြစ်စဉ်ပြမြေပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး။
ကချင်တိုက်ပွဲဖြစ်စဉ်ပြမြေပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး။

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်တွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ တပ်စခန်းတွေကို မြန်မာစစ်တပ်က ဒုတိယနေ့အဖြစ် ထိုးစစ်ဆင်နေပါတယ်။ KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီးတဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် က ဆက်ပြောပြပါမယ်။

ကချင်လွတ်မြောက်ရေးဌာနချုပ်၊ လိုင်ဇာနဲ့ အနီးတဝိုက်က ကချင်တပ်စခန်းတွေကို အဓိကပစ်မှတ်ထားပြီး မြန်မာစစ်တပ်ဘက်ကမနေ့သောကြာနေ့မနက်ကစလိ့ုလေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တဲ့အတွက် ကချင်တပ်စခန်းတချို့ ဆုတ်ခွာပေးခဲ့ရပြီး အကျဆုံးတွေရှိခဲ့တယ်လို့ ကချင်စစ်ရေးကို လေ့လာသုံးသပ်နေတဲ့ ကချင်သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းက ပြောပါတယ်။

“မနေ့ကဆိုလို့ရှိရင်လည်း ဒီ လက်နက်ကြီးက လက်နက်ကြီးကျည်ကတော့ အလုံးပေါင်းထောင်ကျော်ကျော်ပစ်ခတ်တယ်။ အဲ့ဒီနောက်ပိုင်း ဂျက်တိုက်လေယာဉ်တွေနဲ့လည်းအကြီးအကျယ် ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးမှသူတို့ကတော့ ဒါ မနေ့ကဆိုလို့ရှိရင် KIA ဘက်က အကျအဆုံးတွေကလည်း ရှိခဲ့တယ်ဆိုတော့ သူတို့ညနေပိုင်း ၃ နာရီကျော်ကျော်မှာ ဒီ ဂီဒေါင်စခန်းကနေပြီးမှာ ကေအိုင်အေနောက်ဆုတ်လိုက်တာဖြစ်တယ်”

ဒီကနေ့ စနေနေ့မနက်မှာလည်း ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်ဘက်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲအနေအထား သူက အခုလိုပြောပြပါတယ်။

“အခုဒီနေ့မှာဆိုလို့ရှိရင်လည်းပဲ တကယ်ပြင်းပြင်းထန်ထန် ထိုးစစ်ကို ဒီ..ဗမာစစ်တပ်ဘက်က ဂီဒေါင်နဲ့ တဘောက်ချောင်း ရဲ့တဘက်မှာရှိတဲ့ လွိုင်ဖောင်ရယ်၊ KIA တပ်ရင်း ၃ စခန်းဘက်ကိုအပြင်းအထန် တိုက်ခိုက်နေတယ် ဆိုတဲ့ ဟာကို ကျွန်တော်တို့သိရပါတယ်။ တဘက်မှာလည်းပဲ ဒီလိုင်ဇာ ကေအိုင်အေ ဗဟိုဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင်မှာလည်းပဲ သူတို့လက်နက်ကြီးတွေနဲ့ ဒီလိုင်ဇာပတ်ဝန်းကျင်ကို ပစ်ခတ်မှုတွေကတော့ လုပ်နေတုန်းပါပဲ “

ကချင်လွတ်မြောက်ရေးတပ်စခန်းရဲ့ စခန်းတခုဖြစ်တဲ့ ဂီဒေါင်တပ်စခန်းအပြင် KIA တပ်မဟာတပ်တွေ စခန်းချရာ တောင်ကုန်းတွေကို ထိုးစစ်ဆင်နေဆဲမှာပဲ မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ ထပ်တိုးချဲ့ချလာနေတဲ့အတွက် ရှ့ဆက်ပြီးလည်း ကချင် လွတ်မြောက်ရေးတပ်စခန်းတွေကို ပြင်းပြင်းထန်ထန် ဆက် ထိုးစစ်ဆင်နိုင်တဲ့အလားအလာရှိတယ်လို့လည်း ကိုနော်ဒင်းက အခုလိုရှင်းပြပါတယ်။

“ဒီလိုင်ဇာပတ်ဝန်းကျင်မှာကျတော့ ကေအိုင်အိုဘက်က ပြည်သူလူထုတွေ၊ ဒုက္ခသည်တွေလည်း အများကြီးရှိပါတယ်။ ဒုက္ခသည်တွေကလည်း ထောင်ပေါင်းများစွာ ရှိတဲ့နေရာဖြစ်တယ်။ အဲ့ဒီတရုတ်နယ်စပ်၊ လိုင်ဇာပတ်ဝန်းကျင်တောက်လျှောက်ပေါ့။ လူထုတွေပဲ အဲ့ဒီလိုမျိုးအစိုးရတပ်ဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့နေရာကနေပြီးမှ ရှောင်ဖို့အတွက်ရော၊ သတိထားဖို့အတွက်ရော အခုအဲ့ဒီလိုမျိုး သတိပေးတဲ့ကြေငြာချက်တွေကိုလည်းကချင်ဘာသာနဲ့ရောထုတ်ပြန်နေတာကို ကျနော်တို့တွေ့ရပါတယ်။ အခုဒီမှာ မန်ဝိန်းကြီး ဘက်မှာဆိုရင်လည်း ဒုက္ခသည်တွေကို တကယ်တော့ အစိုးရထိန်းချုပ်ဒေသမှာရှိတဲ့ ဒုက္ခသည် ၅ ထောင်ကျော်လောက်ရှိတယ်။ သူတို့ အတွက် ရိက္ခာတွေကိုလည်း အစိုးရစစ်တပ်တွေက လမ်းကြောင်းအားလုံးမှာ ပိတ်ဆို့ပြီးမှ ရိက္ခာအားလုံး သက်ဆိုင်ရာအကူအညီတွေကိုလည်း မဝင်လာနိုင်အောင် သူတို့ဘက်က အဲ့လိုပိတ်ဆို့တာလည်း အရမ်းကြာပါပြီ။ စိုးရိမ်မှုတွေကတော့ ပိုပြီးတော့ရှိလာနေတာပေါ့ “

အခုလို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အနီး KIO ထိန်းချုပ်နယ်မြေထဲမှာ မြန်မာစစ်တပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လာနေတဲ့အတွက်လိုင်ဇာအနီးတဝိုက်ကကချင်လွတ်မြောက်ရေးတပ်ထိန်းချုပ်နယ်မြေထဲက IDP ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေနဲ့ လိုင်ဇာအနီးတဝိုက်က ဒေသခံကချင်ပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေကို မြင်တွေ့နေရတဲ့အပြင် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေမှုကြောင့် သုူတို့ရဲ့အသက်အန္တရာယ်ကို စိုးရိမ်နေကြတယ်လို့ ကချင်ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)အထွေထွေအတွင်းရေးမှူးဒေါက်တာဆမ်ဆွမ်ကဆိုပါတယ်။

“အခြေအနေကတော့ အဲ့ဒီဘက်မှာလည်း အပြင်းအထန်ပဲ ထိုးစစ်ဆင်နေတယ်။ အဲ့တာနဲ့ ဂီးဒေါင် Post ကုန်းနဲ့အတူတူပဲ။ အဲ့ဒီထက်မှာ။ လိုင်ဖွန်ဆိုတဲ့အဲ့ဒီစခန်းနဲ့ မဝေးတဲ့နေရာမှာ မဂါ့ရန်ဆိုတဲ့ IDP စခန်းရှိတယ်။ အဲ့ဒီအတွက်တော့ စိုးရိမ်စရာတော့ရှိတယ်။ မဂါ့ရန် IDP စခန်းက အဲ့ဒီလွိုင်ဖောင်နဲ့ သိပ်မဝေးတဲ့ တောင်တတောင်ကျော်လောက်မှာပဲရှိတဲ့နေရာမှာ ရှိတဲ့နေရာဖြစ်တယ်။ ဒါကြောင်းမို့လို့ အဲ့ဒီအတွက်တော့ စိုးရိမ်ရတယ်။ သူတို့ကတော့ အဲ့ဒီကေအိုင်အို စခန်းကိုတော့ ပစ်မှတ်ထားပြီးတိုက်တာပဲ။ ဒါပေမယ့် အဲ့ဒီ IDP စခန်းနဲ့လည်း နီးတာဆိုတော့ ဟို..ဗုံးသံ၊ သေနတ်သံ၊ လေယာဉ်နဲ့ ပစ်သံတွေ ကတော့ အဲ့ဒီ IDP စခန်းနားမှာလည်း ကျတယ်ဆိုတော့ သူတို့အားလုံးက စိုးရိမ်စရာဖြစ်လာတာပေါ့။ ဒီ IDP အဲ့ဒီမှာရှိတဲ့ ကျနော်တို့လူထုတွေအတွက်တော့ တခြားပြေးဖို့တော့ မရှိတော့ ဘူး။ ဘာကြောင့်လည်းဆိုတော့ တရုတ်ပြည်ဘက်ကလည်း လက်ခံမှာ မဟုတ်ဘူး “

အခုလို ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ ကချင်ပြည်သူတွေကို စစ်ဘေးကို သတိထားရှောင်ရှားကြဖို့ကိုလည်း ကချင်ဘာသာတွေနဲ့ပါ သတိပေးကြေညာချက်တွေ ထုတ်ပြန်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေကစလို့ ရှမ်းမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုဘက်က မြန်မာစစ်တပ်စခန်းတွေကို စတင်တိုက်ခိုက်လိုက်ချိန်ကစလို့ တိုက်ပွဲတွေ တင်းမာလာချိန်မှာပဲ ကချင်ပြည်နယ်ဘက်က ကချင်လွတ်မြောက်ရေးဌာနချုပ် KIO ရဲ့ လိုင်ဇာဌာနချုပ်နဲ့ အနီးတဝိုက်က ကချင်တပ်စခန်းတွေကို ပစ်မှတ်ထားပြီး မြန်မာ အစိုးရတပ်တွေဘက်က လေကြောင်းနဲ့ပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

အခုလိုမျိုး ကချင်ပြည်နယ်တွင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရစစ်တပ်ဘက်ကတော့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA တပ်ဖွဲ့ဝင်များ အခိုင်အမာတပ်စွဲ ထားသည့် ပွိုင့်-၁၁၀၃၊ ဂီဒုန်စခန်း(KIA အမည်)နှင့် ဆက်စပ်တောင်ကုန်းများအား တပ်မတော်စစ်ကြောင်းများက ရှင်းလင်းသိမ်းပိုက်ရရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG