သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာခလမ်ဆမ်ဆွမ် ထိန်းသိမ်းခံရမှု ရှင်းရှင်းလင်းလင်းမရှိသေး


ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် Dr Hkalam Samson
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် Dr Hkalam Samson

ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီလွတ်ငြိမ်းခွင့်နဲ့ပြန်လွှတ်ခဲ့ပေမဲ့ မြန်မာ့ငြိမ်းချမ်းရေးမှာ ပါဝင်ကူညီဖို့ဆိုပြီး ပြန်လည်ခေါ်ယူထိန်းသိမ်းထားတာ တလနီးပါးရှိပါတော့မယ်။ ဒါပေမဲ့လို့ ဒေါက်တာခလမ်ဆမ်ဆွမ်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအခန်းကနေပါဝင်မလဲဆိုတာ ခုအချိန်အထိ ရှင်းရှင်းလင်းမသိရဘူးလို့ ကချင်ဘာသာရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်ကတင်ပြပေးထားပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံထားရာက ပြီးခဲ့တဲ့ဧပြီ ၁၇ ရက်၊ နှစ်ဆန်း ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတာပါ။ မြစ်ကြီးနားအကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပြီး အဲနေ့ညမှာပဲ စစ်ကောင်စီက ပြန်ဖမ်းဆီးတာကို ခံရပါတယ်။ ငြိမ်းချမ်းရေးမှာပါဝင်ဖို့အတွက် အခုလို ခေါ်ယူတာဖြစ်တယ်လို့ စစ်ကောင်စီဘက်ကပြောပေမဲ့ ခေါ်ယူထားတာ တလနီးပါးရှိတာတောင် ခုချိန်ထိ တိတိပပ ရှင်းလင်းမှုမရှိသေးဘူးလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က လမိုင်ဂွန်ဂျာက ပြောပါတယ်။

"အဲဒါ ကျနော်တို့လည်း ဘာမှမသိရသေးဘူး ဆရာ ခလမ်ဆမ်ဆွမ်နဲ့ပတ်သက်ပြီးတော့- ရိပ်သာမှာခေါ်ထားတယ်ဆိုပြီးတော့ အခုချိန်ထိ ဘာမှလည်းမကြားဘူး။ ဘယ်လိုကြောင့် ဘာကြောင့်ဆိုတာလည်း ဘာမှ ဂဃနဏ မသိရသေးဘူးဗျ။ ဘယ်လိုဖြစ်လာမယ်၊ ဘာကြောင့်ခေါ်ရခြင်းဖြစ်တယ်ဆိုတာလည်း ဘာမှလည်းမသိဘူး။ ဘာမှလည်း အကြောင်းမကြားလာတော့ ကျနော်တို့လည်း ဒီအတိုင်းပဲ စောင့်ကြည့်နေတာ။"

၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ အကျဉ်းထောင်ထဲမှာ ၁ နှစ်ကျော်ကြာနေပြီးနောက်မှာ လွတ်ငြိမ်းနဲ့ပြန်လွှတ်ခဲ့ပါတယ်။ လွှတ်အပြီး ၂၄ နာရီမပြည့်ခင်မှာတင် ပြန်လည်ခေါ်ဆောင်ခံခဲ့ရတာ ဥပဒေကြောင်းအရ မညီညွတ်သလို လူ့အခွင့်အရေးအရလည်း မညီဘူးလို့ တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဦးကြီးမြင့်က ပြောပါတယ်။

"သူတို့စိတ်ကူးတည့်ရာလုပ်နေတာလေ။ ဆင်ကျီစားရာဆိတ်မခံသာပေါ့။ အဲဒီလို ဆင် မကျီစားရဘူးလေ၊ မနောက်ရဘူးလေ။ ဆွေးနွေးမယ်ဆိုရင်လည်း တည်တည်တံ့တံ့ဆွေးနွေးပေါ့နော်။ လုပ်သင့်လား-အဲဒါ။ လူတယောက်ဘယ်လောက်စိတ်ထိခိုက်မလဲ။ မလုပ်သင့်ဘူးလေ။ ဥပဒေနဲ့ဘယ်ညီမလဲ၊ တကယ်ပဲဖမ်းပြီးတော့ ဆက်ချုပ်လို့ရှိရင် ဥပဒေပုဒ်မတပ်လေ။ တပ်လိုက်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ဖမ်းတယ်ပေါ့။ အဲလိုမဖမ်းဘဲနဲ့ ၂၄ နာရီကျော် ဖမ်းခွင့်မရှိဘူး-ဥပဒေက။ ၂၄ နာရီကျော်ဖမ်းခွင့်မရှိဘူးလေ။ အဲဒါပါပဲနော်။"

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဘက်ကတော့ ပြန်လည်ခေါ်ဆောင်ခံရတဲ့ အကြောင်းကို တိတိကျကျပြောဖို့နဲ့ ဘယ်လောက်ထိ ခေါ်ထားမလဲဆိုတာ ရှင်းရှင်းလင်းလင်းပြောဆိုဖို့ သူတို့ဘက်ကလိုလားတယ်လို့ ပြောထားပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ နှလုံးနဲ့သွေးတိုးရောဂါရှိသလို ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် လေပြွန်ယောင်ရောဂါ ခံစားနေရသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မြစ်ကြီးနား အကျဉ်းထောင်ရဲ့ရိပ်သာဆောင်မှာ ကောင်းမွန်စွာထားတယ်လို့ ထောင်ဝန်ထမ်းတဦးက ပြောပါတယ်။

ကျန်းမာရေးချို့ယွင်းချက်ရှိနေတဲ့အတွက် မိသားစုဝင်တွေကတော့ သူ့ကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်စေချင်ပါတယ်။ ကချင်ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့က လမိုင်ဂွန်ဂျာကတော့ ဆရာတော်ရဲ့လက်ရှိကျန်းမာရေးကြီးကြီးမားမားမရှိပေမယ့်အခုလိုပြန်ခေါ်ယူတဲ့ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုရှိနေတယ်လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကိုလည်း ပူပြင်းလှတဲ့ ရာသီဥတုကြောင့်ဆိုပြီး အကျဉ်းထောင်ထဲကနေ သက်သာတဲ့နေရာဆီခေါ်ထုတ်ကာထားတယ်လို့ စစ်ကောင်စီပြောခွင့်ရဘက်က ပြောဆိုပေမဲ့ ဘယ်မှာလဲဆိုတာ အတိအကျမပြောပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ခုချိန်ထိ သူ့မိသားစုနဲ့ကော သူ့ရှေ့နေတွေနဲ့ပါ တွေ့ဆုံခွင့်မပေးထားပါဘူး။

ဒီလိုပိတ်ပင်မှုတွေ၊ လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပြီးမှ ပြန်ခေါ်ခံရတာ၊ နိုင်ငံရေးအကျဉ်းသားတယောက်ကို မိသားစု သက်ဆိုင်ရာရှေ့နေတွေနဲ့တွေ့ခွင့်မပေးတာ စတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်သလိုနိုင်ငံရေးအကျဉ်းသားတွေကို သူတို့နိုင်ငံရေးလှည့်ကွက်တွေထဲမှာ ကစားကွက်တခုအနေနဲ့ အသုံးချနေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ နာယက တဦးဖြစ်တဲ့ ဦးထွန်းကြည်က ဝေဖန်ပါတယ်။

"လွှတ်တယ်။ ပြီးတော့မှ အကြောင်းပြပြီးတော့မှ ဆွေးနွေးနေပါတယ်ဆိုပြီးတော့ ....ဒါက တကယ့်တကယ်ကျတော့ ဥပဒေမဲ့ - လက်လွတ်စပယ်ပေ့ါနော်။ ပြန်ပြီးတော့ ဖမ်းတာပဲ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော စေတနာရှိလို့၊ နေပြည်တော်အချုပ်ထောင်ကနေပြီးတော့....... KBC ဥက္ကဋ္ဌဟောင်းအပေါ်မှာကော လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့အပြင်းထန်ဆုံး ချိုးဖောက်နေတယ်လို့ ကျနော်တို့က ရှုမြင်သုံးသပ်တယ်။ အခုက နိုင်ငံရေးအရ ပြန်ပေးဆွဲထားတယ်ပေါ့နော်။ ဓားစာခံလုပ်ထားတယ်။ သူတို့ နိုင်ငံရေးထွက်ပေါက်တွေပိတ်ပြီဟေ့ ဆိုရင် သူတို့က ဒေါ်အောင်ဆန်းစုကြည်တို့၊ KBC ဥက္ကဋ္ဌဟောင်းတို့ကို ပြန်ပေးဆွဲ ဓားစာခံလုပ်ထားတဲ့အတွက်ကြောင့် အဲဒီတော့အပေးအယူပေါ့နော်။ အပေးအယူအရ လွှတ်ပေးတာတို့၊ နောက်တခါ ဖြေလျော့ပေးတာတို့ ဒါမျိုးတွေက အများကြီးလုပ်ခဲ့ပြီးပြီပေါ့နော်။ အခုကတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ နိုင်ငံတကာအစိုးရအနေနဲ့ကလည်း ဒီအပေါ်မှာတော့ နိုင်ငံရေးအရ ဖိအားပေးဖို့တော့ လိုပြီဗျ။"

သိက္ခာတော်ရဆရာဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှာ အတွင်းရေးမှူးအဖြစ် ရှစ်နှစ်၊ ဥက္ကဋ္ဌအဖြစ်လေးနှစ် တာဝန်ထမ်းဆောင်ပြီးလက်ရှိမှာတော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အကြံပေးပုဂ္ဂိုလ်အနေနဲ့ဆောင်ရွက်နေသူဖြစ်ပါ တယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG