သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဘာသာ ရေဒီယိုထုတ်လွှင့်ချက် ၂ ခု အပြိုင်အဆိုင်ထုတ်လွှင့်


ဝိုင်းမော်စစ်ရှောင်စခန်းတခုတွင် ရေဒီယိုနားထောင်နေသည်ကိုတွေ့ရစဉ်
ဝိုင်းမော်စစ်ရှောင်စခန်းတခုတွင် ရေဒီယိုနားထောင်နေသည်ကိုတွေ့ရစဉ်

စစ်ရေး မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာပြည် မြောက်ပိုင်း တလွှားက ကချင် ဒေသခံတွေ အတွက်တော့ ကချင်ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ FM ရေဒီယို ၂ ခုကနေ တိုက်ပွဲတွေ အခြေအနေကို မှန်းဆနေကြရပါတယ်။ ကချင် လက်နက်ကိုင် အဖွဲ့အစည်း ကေအိုင်အိုက ထုတ်လွင့်တဲ့ လိုင်ဇာ FM နဲ့ မြန်မာ့ တပ်မတော်က ထုတ်လွှင့်တဲ့ သဇင် FM တို့က သတင်းတွေ၊ သီချင်းတောင်းနိုင်တဲ့ ကဏ္ဍတွေလည်း ပါဝင်တာမို့ သတင်းလည်း ကြားရ ဖျော်ဖြေရေးလည်း ဖြစ်ပေမယ့် သောတရှင် တချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ကချင် လက်နက်ကိုင် တပ်ဖွဲ့ KIO က ထုတ်လွှင့်တဲ့ လိုင်ဇာ FM ရဲ့ အဖွင့်ကတော့ သတင်းမှန်တွေကို ကြားကြရမှာပါတဲ့။ KIO နဲ့ မြန်မာ အစိုးရကြား အပစ်အခတ် ရပ်စဲရေး ပျက်ပျယ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာမှာ ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA က Laiza FM ရေဒီယို ထုတ်လွှင့်မှုတွေကို စတင်ခဲ့တာပါ။ ကချင်ဘာသာနဲ့ ထုတ်လွှင့်တဲ့ Laiza FM ကတော့ ဒေသတွင်း စစ်ရေး အခြေအနေတွေ၊ တိုက်ပွဲ အခြေအနေတွေကို တရက်ကို ၁၀ နာရီလောက် ထုတ်လွှင့်တာပါ။ ပုံမှန် သောတရှင် တဦးကတော့ ကချင်ဘာသာ စကားနဲ့ ထုတ်လွှင့်တဲ့ Laiza FM နဲ့ သဇင် FM တို့ရဲ့ ထုတ်လွှွင့်မှုတွေကို အခုလို ပြောပါတယ်။

“သူတို့လွှင့်တဲ့အဓိကကတော့ ရှေ့တန်းမှာ စစ်တွေ ဘက်နေရာတွေကို အစိုးရတပ်က စစ်ကြောင်းထိုးတယ်ဆိုတဲ့အကြောင်းတွေလွှင့်တယ်။ ပြီးရင်ပြည်သူလူထုတွေကို စစ်တပ်က ဘယ်လိုခြိမ်းခြောက်တယ်၊ ဘယ်လိုပေါ်တာဆွဲတယ် ၊ ပြည်သူလူထုတွေက မိုင်းတွေနင်းမိတယ်ဆိုတာတွေကို အဓိက သူတို့လွှင့်တယ်ပေါ့နော်။ ဒီဘက်က သဇင် FM ကလည်း KIO က ဗုံးခွဲတယ် ၊ တံတားဖျက်ဆီးတယ်။ KIO ကပြောမယ် ဆိုရင် ပြည်သူလူထုတွေ ကို ပေါ်တာဆွဲ တယ်ပေါ့နော် အပြန်အလှန် တဘက်နဲ့ တဘက် Propenganda လုပ်တာတွေတော့ ကြားနေရတယ်။”

KIA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူကတော့ ကချင်ပြည်သူတွေ သတင်းမှန်တွေ သိဖို့၊ ဗဟုသုတ မျှဝေဖို့ အတွက် လိုင်ဇာ FM ကို တည်ထောင်ခဲ့တာလို့ ပြောဆိုတဲ့ အကြောင်း KIA တို့ရဲ့ ဌာနချုပ် လိုင်ဇာကိုရောက်ရှိခဲ့တဲ့ ပြင်ပ (အလွတ်)သတင်းထောက် Paul Varieze က ဗွီအိုအေကို သတင်းပို့ပါတယ်။

KIA တို့က လိုင်ဇာ FM ကို ထူထောင်ပြီး တနှစ်ကျော်လောက် အကြာမှာတော့ အပြိုင် FM ရေဒီယို ဌာန တခုပေါ်လာပါတယ်။ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ မှာ စတင်လိုက်တဲ့ သဇင် FM ပါ။ သဇင် FM ကတော့ ဗမာ ဘာသာ အပါအဝင် တိုင်းရင်းသား ဘာသာစကား မျိုးစုံနဲ့ ထုတ်လွှင့်နေတာပါ။ ကချင်ဘာသာစကားနဲ့လည်း ထုတ်လွှင့်တဲ့ သဇင် FM နဲ့ ပတ်သက်ပြီးလည်း ကချင် ဒေသခံ တဦးက အခုလို ဆိုပါတယ်။

“သဇင် FM ကိုနားထောင်လိုက်ရင် စစ်အသိုင်းအဝိုင်းကလူတွေ သီချင်းတောင်းတာတွေ ပိုများတယ်ပေါ့နော်။ ရှေ့တန်းက သူတို့အမျိုးသား၊ သူတို့အဖတွေ အတွက် သီချင်းတောင်းပေးတယ် ဆိုတော့လေ သဇင် FM ကိုနားထောင်တဲ့လူတွေက ဒီနေပြည်တော်တဝိုက် က စစ်မှုှထမ်းတွေပေါ့နော် ၊ စစ်သားမိသားစုတွေများမယ်။ ဒီဘက် Laiza FM ကတော့ ကချင်ပြည်သူလူထုတွေပေါ့နော် ၊ နားထောင်ကြတာများတယ်။ ဘာဖြစ်လို့ လဲဆိုတော့ Laiza FM ကိုနားထောင်လိုက်ရင် စစ်ပွဲတွေဘယ်မှာဖြစ်နေသလဲဆိုတာကအစ ကျနော်တို့ သိရတယ်။”

တဖက်နဲ့ တဖက် အပြိုင်ထုတ်လွှင့်နေတဲ့ လိုင်ဇာ FM နဲ့ သဇင် FM ရဲ့ တိုက်ဆိုင်မှု တခုကတော့ ထုတ်လွှင့်တဲ့ လိုင်းတွေက တူနေတာပါ။ ဒါကြောင့် သောတရှင်တွေ အနေနဲ့ လိုင်ဇာနဲ့ သဇင် လိုင်း၂ လိုင်းကို အတော်လေး ဂရုစိုက်ပြီး ဖမ်းရတယ်လို့လည်း လိုင်ဇာ FM ရဲ့ တာဝန်ခံ တဦး ဖြစ်တဲ့ မရန် ဘောက်လာ က ပြောပါတယ်။ သူ့အဆိုအရတော့ လိုင်ဇာ FM အနေနဲ့ ဝါဒဖြန့် ထုတ်လွင့်ချက် အနည်းငယ် ပါရှိတယ်ဆိုပေမယ့် သတင်းတွေ ထုတ်လွှင့်တာ များပါတယ်။ နောက် ကချင် ရှေးသီချင်းတွေ၊ စစ်သီချင်းတွေ အများကြီး ရှိနေ ထုတ်လွှင့်နိုင်တယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG