သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၉ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်


၇၉ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်
၇၉ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်

၇၉ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားပုရဝုဏ်အတွင်းမှာ ဒီကနေ့ကစပြီး ၃ ရက်ကြာ စည်းကားသိုက်မြိုက်စွာကျင်းပနေပါတယ်။ ကရင်ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးနဲ့ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး ကိုမျိုးဆက်သစ်လူငယ်တွေကို လက်ဆင့်ကမ်းဖို့ အခုလိုအမှတ်တရ နှစ်စဉ်ကျင်းပပေးနေတာဖြစ်တယ်လို့ နှစ်သစ်ကူးပွဲတော် ဦးဆောင်ကျင်းပပေးနေသူတွေကပြောပါတယ်။ ဒီကနေ့စတင်ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကောင်းစံဟိန်းကပြောပြပေးမှာပါ။

နှစ်စဉ်နှစ်တိုင်း ကရင်တိုင်းရင်းသားတို့ရဲ့ ကောက်သစ်ပေါ်တဲ့ပွဲကို အစွဲပြုပြီး ကရင်နှစ်သစ်ကူးပွဲကိုကျင်းပတာဖြစ်ပြီး ကရင်ရိုးရာ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို နောင်လာနောက်သားတွေ လက်ဆင့်ကမ်းထိန်းသိမ်းဖို့ အခုလို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပတာဖြစ်တယ်လို့ ကရင်နစ်သစ်ကူးကျင်းပရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစောအုံးရွှေကပြောပါတယ်။

“ရိုးရာယဉ်ကျေးမှုအထူးနေ့ဖြစ်တဲ့ ဘိုးဘေးကတည်က ကြိုးစားပြီးတော့လုပ်လာခဲ့တဲ့ ကရင်အမျိုးသားနေ့ နှစ်သစ်ကူးပွဲတော်ကို လာမယ့်နောင်လာနောက်သားတွေ မမေ့မလျှော့ပဲနဲ့အမြဲရင်ထဲမှာ ရှိနေအောင် ဒီနှစ်သစ်ကူးနေ့မှာ ရိုးရာယဉ်ကျေးမှုမြင့်တင်မယ်၊ ပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးဖြစ်အောင်လုပ်တဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့အတွက် ဒီပွဲကို နှစ်စဉ်လုပ်ခြင်းဖြစ်တယ်။”

ဒီပွဲတော်မှာတော့ နှစ်စဉ်ပါဝင်နေကျ ဒုံးပြိုင်ပွဲ ကရင်ရိုးရာ လက်ဝှေ့ပြိုင်ပွဲအပြင် ကရင်ပျားအုံဖွပ်ပြိုင်ပွဲကို ထည့်သွင်းထားပါတယ်။အာလိန်ငါးဆင့်ဘုရားပုရဝုဏ် ထဲမှာတော့ ရှေးခေတ်ကရင်လူမျိုးတို့ အသုံးပြုခဲ့တဲ့ အသုံးဆောင်ပစ္စည်းတွေ ကရင်လူမျိုးတွေအကြောင်း သိကောင်းစရာ စအုပ်တွေအပြင် ကရင်တိုင်းရင်းသားတွေအကြောင်း သရုပ်ဖော်ထားတဲ့ ပန်းချီကားတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။

ဒီနှစ်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဟာဆိုရင် အရင်နှစ်တွေကထက် ပိုပြီးစည်ကားသိုက်မြိုက်ရတာကတော့

“အခုက မြို့နယ်ပေါင်းစုံလာတဲ့အတွက် ၊ နောက်ပြီးတော့ မြို့နယ်ပေါင်းစုံမှာလည်း လိုက်ပြီးတော့ အလှူခံတယ်။ မြို့နယ်ပေါင်းစုံကလည်း ဝိုင်းပြီးတော့ ပံ့ပိုးတဲ့အတွက် ဒီနှစ်သစ်ကူးက မခြားမြို့နယ်တွေထက်စာရင် စည်ကားသိုက်မြိုက်တယ်ပေါ့။ မနှစ်ကထက်စာရင် ဒီနှစ်က နည်းနည်းလေးတော့ ပိုပြီး သိုက်မြိုက်တယ်ပေါ့။

ကရင်တိုင်းရင်းသားတစ်ဦးကတော့ နှစ်စဉ်နှစ်သစ်ကူးပွဲတော်တွေမှာ မိရိုးဖလာရိုးရာ ကရင်ဒုံးအကနဲ့ဖျော်ဖြေရတဲ့ ကျေနပ်အားရတယ်လို့ပြောပါတယ်။

“နှစ်စဉ်နှစ်တိုင်း အဲလိုလုပ်နိုင်တဲ့အခါကျတော့ ပီတိဖြစ်တယ်၊ နောက် ကိုယ့်ယဉ်ကျေးမှုကို လည်း ထုတ်ဖော်နိုင်တယ် မပျောက်ပျက်အောင်ပေါ့ မိရိုးဖလာ ယဉ်ကျေးမှုကို မပျောက်ပျက်အောင်လုပ်ပေးတာပေါ့။”

တစ်နှစ်တစ်ခါကျရောက်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာဝတ်စုံတွေဝတ်ဆင်ပြီးကရင်တိုင်းရင်းသားတွေကိုတစ်စုတစ်စည်း တွေ့မြင်ရတဲ့အတွက် ပျော်ရွှင်နေကြပါတယ်။

လာမယ့်နှစ်သစ်တိုင်းမှာ တိုင်းရင်းသားပေါင်းစုံနဲ့အတူတကွ ကရင်တိုင်းရင်းသားတွေစည်းစည်းလုံးလုံး အတူလက်တွဲဖို့ ဦးစောအုံးရွှေက ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။

“ဒီကရင်နှစ်သစ်ကူးနေ့မှာ ဆုတောင်းချင်တာက ဒီလာမယ့် နှစ်သစ်တိုင်းမှာ ကရင်အမျိုးသားတွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဘေးအန္တာရယ် ကင်းစွာနဲ့ ရပ်တည်နေထိုင်ပြီးတော့ တိုင်းရင်းသားအားလုံးတွေ စည်းလုံးညီညွှတ်စွာနေထိုင် လုပ်ကိုင်နိုင်ဖို့ ကျနော်တို့ ဆုတောင်းပါတယ်။”

ရန်ကုန်မြို့မှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာတော့ မနက်စောပိုင်းမှာ အလံတင်အခမ်းအနားကျင်းပခဲ့သလို ရန်ကုန်တိုင်း ကရင့်ရေးရာဝန်ကြီးကလည်း အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ပထမဆုံးအနေနဲ့ နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ် ။ကရင်အမျိုးသားတို့ရဲ့ ယဉ်ကျေးမှု စည်းလုံးမှုတို့နဲ့ ဘဝဓလေ့ကိုပါ ဖော်ဆောင်နိုင်တဲ့ နှစ်သစ်ကူးပွဲတော်ကိုနှစ်စဉ်ကျင်းပသွားဖို့ ကရင်တိုင်းရင်းသားတို့က ဆန္ဒရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG