သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်းသွေးလွန်တုတ်ကွေး အခြေအနေ စိုးရိမ်ဖွယ်


မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ သွေးလွန်တုပ်ကွေးရောဂါ ဆိုးရွားစွာ ဖြစ်ပေါ်နေတာကြောင့် ကလေးငယ်တဦး သေဆုံးသွားခဲ့တယ်လို့ ကောလင်းမြို့နယ် လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတကွန်ယက် KDPN က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ကစပြီး ကောလင်းမြို့၊ သရက်ချဉ်ကျေးရွာက ကျောင်းသား ၅၈ ဦး ဖျားနာနေတာကို တွေ့ရှိတာကြောင့် ကျောင်းဆရာမကြီးက ချောင်းနားတိုက်နယ်ဆေးရုံကို သတင်းပို့ခဲ့တာမှာ ကလေးငယ် ၁၀ ဦးထက်မနည်းကို အရေးပေါ် ဆေးရုံကို ပို့လိုက်ရပြီး၊ အဲဒီအထဲက ၃ ဦးဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေတဲ့အတွက် စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ အထိတော့ အဖျားရှိနေတဲ့ ကလေးငယ်ပေါင်း ၄၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ ကောလင်းမြို့ပေါ် ဆေးရုံနဲ့ ချောင်းနားတိုက်နယ်ဆေးရုံဟာလည်း လူနာတွေ များလွန်းနေတဲ့အတွက် ဆေးရုံဝန်ထမ်း ဆရာ၊ ဆရာမတွေ မနိုင်ဝန် ထမ်းနေကြရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ကတော့ ကောလင်းကျန်းမာရေးဌာနက တာဝန်ရှိသူတွေ စေလွှတ်ပြီး ခြင်ဆေးဖြန်းတာ၊ ပညာပေးလုပ်ငန်းတွေ လုပ်တာနဲ့ သွေးစစ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကောလင်းမြို့ပေါ်နဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ နှစ်စဉ် ရေလွှမ်းမိုးတဲ့ဒဏ် ခံရတာကြောင့် ရေဝပ်တဲ့နေရာတွေများပြီး ခြင်တွေလည်း ပွားများနေတာ ဖြစ်ပါတယ်။

ကောလင်းမြို့ တမြို့လုံးမှာ ခြင်ဆေးဖြန်းစက် တခုပဲ ရှိတဲ့အတွက် ခြင်ဆေးဖြန်းစက် အရေးပေါ် အကူအညီ လိုအပ်နေကြောင်းနဲ့ ဖုန်းသွန်လဲစစ် ပညာပေးလက်ကမ်းစာစောင်တွေ၊ BPI ဓာတ်ဆားထုတ်တွေလည်း အရေးပေါ် လိုအပ်နေကြောင်း ကောလင်းမြို့နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတကွန်ယက် KDPN က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG