သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု တရားလိုဘက် အပြီးသတ်လျှောက်လှဲ


လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ၂ ဦးရဲ့ အမှုအတွက် အကျိုးဆောင်ရှေ့နေတွေဘက်က အယူခံတရားရုံးမှာ တင်ပြချက်တွေနဲ့ ပတ်သက်လို့အစိုးရရှေ့နေတွေဘက်ကို အယူခံတရားရုံးက ပြန်လည်မေးခွန်းထုတ် တောင်းဆိုတာတွေကို ၉ ကြိမ်မြောက် ပြုလုပ်အပြီးမှာ အစိုးရရှေ့နေတွေဘက်က နောက်ဆုံးအနေနဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ အပြီးသတ် တင်ပြချက်တွေကို လုပ်ခဲ့ရပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို သေဒဏ်ပေးလိုက်ပြီးတဲ့နောက်မှာတော့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေက အယူခံတရားရုံးမှာ စာမျက်နှာ ၁၉၈ မျက်နှာပါတဲ့ အယူခံဖြေရှင်းချက်တွေနဲ့ ထောက်ပြချက်တွေကို တင်ပြခဲ့တာပါ။ ဒီအတွက် အယူခံတရားရုံးကနေ အစိုးရရှေ့နေတွေဘက်ကို ပြန်လည် မေးခွန်းထုတ်ခဲ့တာကြောင့် အစိုးရရှေ့နေတွေဘက်က တင်ပြခဲ့တာ အခုဆိုရင် ၉ ကြိမ်ရှိခဲ့ပါပြီ။ အစိုးရရှေ့နေတွေဘက်က တင်ပြချက်တွေကို နောက်ဆုံးနေ့အဖြစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ တင်ပြခဲ့ကြောင်း လူငယ် ၂ ဦးရဲ့အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က ဆိုပါတယ်။

“အယူခံတရားခံပေါ့။ သူတို့က တရားခံဖြစ်သွားပြီ။ အန်ကယ်လ်တို့က အထက်ရုံးကျတော့ တရားလိုဖြစ်သွားပြီ။ အဲဒီတော့ အစိုးရရှေ့နေ (အယူခံတရားခံ) ဘက်ကနေပြီးတော့ သူတို့ဖြေရှင်းချက်ကို ပြန်လည်တင်ပြတဲ့နေ့။ ၂၇ ရက်၊ ၉ လ၊ ၂၀၁၆ ပေ့ါ။ အန်ကယ်လ်တို့ဘက်က ၁၉၆ မျက်နှာရှိတဲ့ အယူခံလျှောက်လွှာကို တင်ခဲ့တယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ အယူခံတရားရုံးကနေ သုံးသပ်တဲ့အခါမှာ အမှုရဲ့ အားနည်းချက်ရှိတဲ့ဘက်ကို အရင်ဆုံး သူတို့က စုံစမ်းစစ်ဆေးရေး ဖွဲ့ရတယ်။ အခုဟာက အမှုအားနည်းချက်က အစိုးရရှေ့နေ့ဘက်က ရှိတယ်ဆိုတဲ့သဘောကြောင့် အစိုးရရှေ့နေကို ဖြေရှင်းချက်တောင်းတာပါ။ တောင်းတဲ့အခါကျတော့ အားလုံးပေါင်း ၉ ကြိမ် ရှိသွားပါပြီ။ အခုအချိန် အယူခံတရားရုံးမှာ စစ်တဲ့အခါမှာ အန်ကယ်လ်တို့ဘက်ကို မစစ်ဘဲနဲ့ အစိုးရရှေ့နေဘက်ကို စစ်တယ်ဆိုတဲ့ အကြောင်းအရာဟာ သူတို့ဘက်မှာရှိတဲ့ အားနည်းချက်ကို အပြန်အလှန် မေးခွန်းထုတ်တဲ့သဘော ဖြစ်နေပါတယ်။”

အခု တင်ပြချက်တွေအပြီးမှာတော့ အယူခံတရားရုံးကနေ တခုခုကို ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် အယူခံတရားရုံးအဖြေကိုသာ စောင့်နေရတယ်လို့လည်း ဆက်ပြောသွားပါတယ်။

“ဒီနေ့ တင်ပြီးသွားပြီ။ တင်ပြီးသွားရင် အဲဒီတင်ပြီးတဲ့ အဖြေပေါ်မှာ မူတည်ပြီးတော့ နောက်တချိန်းကျလို့ရှိရင် တခါ အစိုးရရှေ့နေတွေ ခေါ်ချင်ခေါ်မယ်၊ မခေါ်ရင် ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ တရားသူကြီးရဲ့ သဘောပါ။ သူတို့ဘက်ကတော့ အပြီးသတ်ပေါ့။ ဒါပေမဲ့ တရားသူကြီးအနေနဲ့များ ထပ်ပြီးတော့ လိုအပ်တဲ့ အချက်ကလေးတွေများ ရှိနေရင် ထပ်တောင်းဦးမှာပဲ။ ဒါတော့ သူတို့က သုံးသပ်ဦးမယ်လေ။ သူတို့ကတော့ အမှုတွဲတောက်လျှောက်မှာ လိုအပ်တာရှိရင်တောင်းမယ်။ အန်ကယ်လ်တို့ဘက်က လိုရင် အန်ကယ်လ်တို့တောင်းမယ်။ အစိုးရရှေ့နေဘက်က လိုအပ်ရင်လည်း တောင်းမှာပါ။ အားလုံးပြီးသွားရင် တရားရုံးက တခုခု ဆုံးဖြတ်ရမှာကိုး။”

တရားခံအဖြစ် စွပ်စွဲခံထားရသူ လူငယ် ၂ ဦးနဲ့ ပတ်သက်လို့ အယူခံတရားရုံးကနေ ကျေနပ်လောက်ဖွယ် အဖြေမထွက်လာဘူးဆိုရင်တော့ ဗဟိုတရားရုံးအထိ အယူခံ ဆက်တက်သွားမယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့် က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ မေလ ၂၃ ရက်နေ့တုန်းကတော့ တရားခံအကျိုးဆောင်ရှေ့နေတွေရဲ့ အယူခံတင်ပြချက်ကို အယူခံတရားရုံးက လက်ခံခဲ့တာပါ။ ဒီနောက်မှာတော့ ခိုင်လုံတဲ့ အချက်တွေရဖို့အတွက် အစိုးရရှေ့နေတွေကို အပြန်အလှန် မေးခွန်းထုတ်ပြီး အချက်အလက် တောင်းခံနေတာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှုကျုးလွန်ကြောင်း အစောပိုင်းမှာ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG