သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တပ်မတော်နဲ့ KIA ဘာလို့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာလဲ


ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။
တိုက်ရိုက် လင့်ခ်

အခုရက်ပိုင်း ကချင်ပြည်နယ်က လာတဲ့ သတင်းတွေမှာတော့ ကချင်ပြည် လွတ် လပ်ရေး အဖွဲ့ ကေအိုင်အို ဗဟို အဖွဲ့ အခြေစိုက် ရာ ဒေသပတ်ဝန်း ကျင် မှာ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေကြတယ် ဆိုတဲ့ သတင်းပါ။ ထုံးစံအတိုင်း နှစ်ဖက်စလုံးက အတည်ပြုလို့ရနိုင်မယ့် တိကျတဲ့ သတင်းထုတ်ပြန်ပေးတာတွေ မရှိတော့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်နေရာ မှာဖြစ်တယ်၊ အထိအခိုက် အကျအဆုံး ဘယ်လောက် ရှိတယ် စသဖြင့် ပြည်သူတွေ မသိရှိကြရပါဘူး။ တကယ်တော့ မြန်မာ့ တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေကြတယ် ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျင်းပပြီးသွားတဲ့ သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင်ကရော၊ ညီလာခံ အပြီးမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာချည်းပါ။ နိုင်ငံတော် အတိုင်ပင်ခံ ပု ဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ပြည်တွင်းစစ် ရပ် စဲရေး၊ နိုင် ငံရေးအရ ပြသနာတွေ ပြေလည်စေရေး၊ ငြိမ်းချမ်းရေး ရရှိရေး အရှိန် အဟုန် နဲ့ ဆောင်ရွက်နေချိန် ခုလို တိုက်ပွဲကြီးငယ်တွေ ဖြစ်ပွားနေတာဟာ သင့်တော်ပါ ရဲ့လား၊ ဒီပြသနာတွေ ပြေလည်အောင် ဘယ်လို ချဉ်းကပ် ဖြေရှင်းရင် ရနိုင်မလဲ ဆိုတာ ဆွေးနွေးကြည့်ကြရအောင်ပါ။

မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့ပြီးတဲ့ တိုက်ပွဲတွေ ကို ခြုံငုံသုံးသပ်ကြည့်ရင် ဘက်တစ်ဖက်ဖက်က လွန်တယ်၊ မှားယွင်းတယ် ဆိုပြီး ကောက်ချက်ချဖို့ အတော်လေး ခက်ခဲပါတယ်။ အကြောင်းပြချက် အမျိုးမျိုး နဲ့ မြန်မာ့တပ်မတော်ဘက်ကနေ ကေအိုင်အေ တပ်စခန်းနေရာတွေကို ရှင်းလင်း သိမ်းပိုက်တာမျိုး ရှိခဲ့သလို၊ ကေအိုင်အေ ဘက်က လည်း မြန်မာ့ တပ်မတော် ယဉ် တန်းတွေကို ခြုံခိုတိုက်ခိုက်တာမျိုး၊ လမ်းပန်းဆက်သွယ်ရေး တံတားတွေကို ချိုးပစ် တာမျိုး အထိ ရှိခဲ့ပါတယ်။ စစ်ပွဲရဲ့ သဘောသဘာဝကလည်း ကေအိုင်အေက ဒီနေရာမှာ တိုက်ရင် တပ်မတော်ဘက်က ဒီနေရာမှာပဲ ခုခံ တိုက်မယ်၊ အခြားနေ ရာတွေကို ပြန်တိုက်တာမျိုး မလုပ်ဘူး ဆိုပြီး ကတိက ဝတ် ပြုထားတာ မျိုးလည်း ရှိမနေပါဘူး။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့် ပဋိပက္ခဖြစ်၊ တပ်ဖွဲ့ခြင်း ထိပ် တိုက်တွေ့ကြပြီ ဆိုတာနဲ့ အခြားသောနေရာ၊ အခြားသော စစ်မျက်နှာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်သွားနိုင်တာချည်းပါပဲ။

ပြောရရင် မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ ခုလို တိုက် ပွဲတွေ ဖြစ်ပွားနေ တာကလည်း သိပ်ပြီး ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင် နှစ်ဖက် တိုက်ပွဲတွေ ပြန် စတင်ပြီးကတည်း က မြန်မာ့တပ် မတော်နဲ့ ကေအိုင်အေ အကြား၊ တစ်နည်းပြောရရင် အစိုးရနဲ့ ကေအိုင်အို အကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် တစ်ခုတစ်လေမှ ချုပ်ဆိုထားခြင်း မရှိလို့ပါ။ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး လုပ်ထားပြီးသား တပ်ဖွဲ့တွေ အချင်းချင်းကြားမှာတောင် အကြောင်းအမျိုးမျိုးကြောင့် ထိတွေ့မှုတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့၊ ဖြစ်ပွားနေတဲ့ သာဓကတွေ ရှိခဲ့လေတော့ လုံး၀ အပစ်ရပ် သဘောတူညီမှု လုပ်မထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်တာကို မထူးဆန်းဘူးလို့ ပြောရခြင်း ဖြစ်ပါတယ်။

ဒီအတွက် အစိုးရနဲ့ ကေအိုင်အိုကြား ဘာကြောင့် ပစ်ခတ်တိုက်ခိုက်မှု စာချုပ် မချုပ်ဆိုနိုင်ခဲ့ရသလဲ ဆိုတာကို ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ လိုလာပါ တယ်။ ကေအိုင် အို၊ ကေအိုင်အေ ဟာ ၁၉၆၀ ဝန်းကျင် လက်နက်ကိုင် ပုန်ကန်မှု စ တင်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ ၁၉၉၄ ခုနှစ်မှာ အဲဒီ အချိန်က နိုင် ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နဝတ စစ်အစိုးရနဲ့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲရေး ၁၇ နှစ်တာ တည်တံ့ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်ရတဲ့ လတ်တလော အကြောင်း အချက်တွေ ရှိပေမယ့် တကယ့်ပြသနာကတော့ ကေအိုင်အိုအနေနဲ့ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံခဲ့လို့ပါပဲ။

ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ် စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ပြီး ငြိမ်းချမ်းရေး ရရှိရေး အားသွန်ခွန်စိုက် ကြိုးစားလာတာ တွေ့မြင်ကြရပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ရှေ့ စစ်အာဏာရှင် အစိုးရ အဆက်ဆက် လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ မတူတဲ့၊ တကယ့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တဆင့် ငြိမ်း ချမ်းရေး ပန်းတိုင်ဆီ သွားရေး ကြိုးစားလာခဲ့ပေမယ့် ကေအိုင်အို အဖွဲ့ရဲ့ သဘောထား လုံး၀ ပြောင်းလဲသွားခဲ့တာကြောင့် အပစ်အခတ် ရပ်စဲရေးရဖို့ ညှိနှိုင်းရေး ခက်ခဲသွားစေခဲ့ပါတယ်။

အကြောင်းကတော့ ကေအိုင်အို အဖွဲ့အနေနဲ့ အရင် ၁၇ နှစ်တာကာလကို သင်ခန်းစာယူပြီး အပစ်အခတ် ရပ်စဲထားရုံနဲ့ နိုင်ငံရေးပြသနာတွေ မပြေ လည်နိုင်၊ နိုင်ငံရေး ပြသနာကြောင့် ပေါ်ပေါက်လာရတဲ့ စစ်ပွဲတွေ ကို နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာနိုင်ခဲ့ရင်၊ နိုင်ငံရေး အရ ပြေလည်မှုတွေ ရသွား ခဲ့ရင် တိုက်ပွဲတွေဟာ သူ့အလိုလို ရပ်ဆိုင်းသွားမှာပဲ ဆိုပြီး ခံယူလိုက်လို့ ဖြစ်ပါတယ်။ ဒီအတွက် ကေအိုင်အိုဟာ အစိုးရနဲ့ တစ်ဖွဲ့ခြင်း အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ မလိုဘူးလို့ ဆုံးဖြတ်ထားလိုက်တဲ့အတွက် ဒီကနေ့ အချိန်ထိ အပစ်ရပ် ဆိုင်ရာ သဘောတူညီချက် တစ်စုံတရာ မရကြတော့တာပါ။ တိုင်းပြည်မှာ အမျိုး သားပြန် လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ရရှိရေး အတွက် အရင် သမ္မတ ဦးသိန်းစိန် အစိုးရ ချမှတ်ခဲ့တဲ့ မူဝါဒကတော့ ပထမ အဆင့် တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်အ ခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်အောင် ကြိုးစားမယ်၊ အပစ်ရပ် စာချုပ် ချုပ်နိုင်ပြီဆိုရင် အပစ်ရပ် တည်မြဲနေအောင် အကောင်အထည် ဖော်ကြမယ်၊ တစ်ပြိုင်နက်တည်း စာချုပ်ပါ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်သွား မယ်၊ နိုင် ငံရေး ဆွေးနွေးပွဲတွေမှာ ရရှိတဲ့ သဘောတူညီချက်တွေကို လွှတ်တော်တင်၊ အတည်ပြုချက် ရယူပြီး ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လုပ်သွားမယ်၊ ဒီလိုနဲ့ တနေ့ ငြိမ်း ချမ်းရေး အပြည့်အ၀ ရရှိစေရမယ် ဆိုတဲ့ နည်းလမ်းပါ။ ဒါပေမယ့် အဲဒီ လမ်းစဉ် အတိုင်း အကောင်အထည် ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြည့်အ ၀ အောင်မြင်မှု မရပဲ အစိုးရသက်တန်း ကုန်ဆုံးသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့သစ် တက်လာတဲ့အခါ မပြီးဆုံးသေး တဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ကို ဆက်ပြီး အကောင်အထည် ဖော်ပါတယ်။ သမ္မတ ဦးသိန်း စိန် လက်ထက်က ချသွားတဲ့ လုပ်ငန်း လမ်းစဉ်ကို ထွေထွေ ထူးထူး ပြောင်း လဲတာ မရှိပေမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ လက်နက်ကိုင် အဖွဲ့တွေ အားလုံးနဲ့ အင်အားစု အားလုံးပါဝင်လာအောင် အထူးအာရုံစိုက် ကြိုးစားခဲ့ တာ တွေ့နိုင် ပါတယ်။ အဓိက အားသာချက်က အရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းတွေ မှာ မြန်မာ့ တပ်မတော်ဘက်နဲ့ လက်နက်ကိုင် တိုင်းရင်းသား ဘက်နှစ်ဖက်ပဲ ပါခဲ့ပေမယ့် အခုနောက်ပိုင်း ပြည်သူလူထု ကရွေးကောက် တင်မြှောက်လိုက် တဲ့ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေ ပါဝင်လာတာ ပဲ ဖြစ်ပါ တယ်။ ဒီလိုနည်းနဲ့ သမိုင်းမှာ ပထမဦးဆုံးအကြိမ် အင်အားစု အားလုံးပါဝင်တဲ့ ၂၁ရာစုပင် လုံ၊ ငြိမ်းချမ်းရေးညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း သူတို့ လိုလားမျှော်လင့်တာတွေကို ဘယ်ခေတ် အခါတုန်းကနဲ့မှမတူ တစ်တိုင်းပြည်လုံး တကမ္ဘာလုံးက သိအောင် ပွင့်ပွင့်လင်း လင်း ပြောဆို ချပြနိုင်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဖွင့်မိန့်ခွန်းမှာ NCA တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် မှာ ပါဝင်လက်မှတ်ရေးထားထားခြင်း မရှိသေးတဲ့ ကေအိုင်အို၊ UNFC အဖွဲ့ဝင်တွေ ပါဝင်လက်မှတ်ရေးထိုးလာအောင် ကြိုးစားသွားမယ် ဆိုတာပါပဲ။ ဒါမှသာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး၊ အေးချမ်းတဲ့ အခြေအနေ တစ်ခုအောက်မှာ နိုင်ငံရေးဆိုင် ရာ ဆွေးနွေးပွဲညှိနှိုင်း ပွဲတွေ ကို ကောင်းကောင်းမွန်မွန် ကျင်းပနိုင်မှာပါ။ ဒီ အတွက် ငြိမ်းချမ်းရေး ဖြစ် စဉ် ကြီး အောင်မြင်ဖို့ အတွက် ကေအိုင်အို အဖွဲ့အနေနဲ့ လက်ရှိ ကိုင်စွဲထားတဲ့ မူဝါဒ အစား အပစ်အခတ်တွေရပ်စဲထားတဲ့ အခြေအနေအောက် မှာ နိုင် ငံရေး ဆွေးနွေး ပွဲတွေ ကျင်းပနိုင်အောင်၊ ပြည်သူလူထု တစ်ရပ်လုံး စိတ်အေးချမ်း လုံခြုံမှုရအောင် NCA စာချုပ်ထဲ လက်မှတ်ရေးထိုးနိုင်အောင် စဉ်းစားသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG