သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ရေးထိုးရေး ဗိုလ်ချုပ်ဂွမ်မော် အမြင်


KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဗွီအိုအေ (မြန်မာပိုင်း)နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ်
KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဗွီအိုအေ (မြန်မာပိုင်း)နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ်

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖို့ အစိုးရရဲ့ဖိတ်ကြားချက်အပေါ်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေ ဘယ်လိုတုန့်ပြန်သလဲလို့ VOA မအင်ကြင်းနိုင်က မေးမြန်းရာမှာတော့ UNFC ရဲ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ DPN ဒုတိယခေါင်းဆောင် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ခုလို စပြောပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်။ ။ တွေ့ဆုံမှုကတော့ ကျနော်တို့လက်ခံပါတယ်။ အစကတည်းက တွေ့ဆုံဖို့လည်း ကျနော်တို့က စပြီးတောင်းဆို ထားတာပါ။ အခုကတော့ ရက်ကို ပြန်ပြီးသတ်မှတ်ကြဖို့ ကျနော်တို့ ညှိနှိုင်းကြဖို့ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အစိုးရဘက်က အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ဗိုလ်ချုပ်တို့ကို ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက်မှာ ဗိုလ်ချုပ်တို့ တင်ပြတဲ့ အချက်ကို အဓိက ဆွေးနွေးမှာလား၊ ဆွေးနွေးမယ့် အကြောင်းအရာကိုရော သူတို့ ဘယ်လိုပြောလဲရှင့်။

ဗိုလ်ချုပ်ဂွမ်မော်။ ။ အဲဒီကိစ္စကတော့ ကျနော်တို့ ညှိနှိုင်းထားတာမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ တင်ပြဖို့ လိုအပ်တဲ့ အချက်တွေ၊ ဆွေးနွေးဖို့ လိုတဲ့အချက်တွေကို မျက်နှာချင်းဆိုင်ပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ ဒီကေအိုင်အိုတို့ပေါ့နော်၊ အခု ဒီငြိမ်းချမ်းရေး ကိစ္စမှာ အဲဒီ လိုအပ်ချက်တွေပေါ့လေ၊ အဲတာတွေကိုလည်း ထောက်ပြထားတော့ ဗိုလ်ချုပ်တို့ အခုထုတ်ပြန်ချက် ထဲမှာပါတဲ့ အချက်တွေက ပြေလည်နိုင်ဖို့ပေါ့နော်၊ အထူးသဖြင့် စစ်တပ်နဲ့လား၊ ဒါမှမဟုတ် အစိုးရနဲ့ ဖြစ်နေတာလားပေါ့နော်၊ အဲတာ ဘယ်လို သုံးသပ်ပါသလဲရှင့်။

ဗိုလ်ချုပ်ဂွမ်မော်။ ။ ကျနော်တို့ ကေအိုင်အိုကတော့ အမြဲတမ်း အစိုးရလို့သုံးပါတယ်။ ဒါပေမယ့် အစိုးရဘက်မှာက တပ်မတော် နဲ့လည်းတွေ့ပါဆိုတဲ့ အသံတွေ ထွက်ထွက် လာတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ တာဝန်ပေးတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့မှာပါ။ လိုအပ်လာရင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သီးခြားလည်းတွေ့ဖို့ရှိပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေး မူဝါဒအရ သွားမယ့် လမ်းကြောင်းအားလုံးမှာတော့ UNFC ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်မှုအောက်ကနေ ကေအိုင်အိုကတော့ လိုက်ပါမှာဖြစ်ပါတယ်။

မအင်ကြင်းနိုင်။။ ဒါပေမယ့် တဘက်မှာလည်း ဒီတပ်မတော်က ထိုးစစ်တွေဆင်နေတဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က တားမြစ်နိုင်မှု မရှိတဲ့အပိုင်းကို ထောက်ပြနေတာကိုလည်း တွေ့ရတယ်။ ဒါပေမယ့် တဘက်မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အပိုင်းကို တိုင်းရင်းသား ခေါင်းဆောင်တွေ ဘက်ကရော ဘယ်လို သုံးသပ်သလဲရှင့်။

ဗိုလ်ချုပ်ဂွမ်မော်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်လိုတဲ့ ဆန္ဒကို ကျနော်တို့ သံသယမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ပြော ခဲ့တဲ့အတိုင်း ၂၀၀၈ အခြေခံ ဥပဒေအောက်မှာ တပ်မတော်ကို ဘယ်သူမှ ထိန်းချုပ်လို့မရပါဘူး။ အဲဒီတော့ တကယ်လို့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မဟုတ်ပဲနဲ့ တခြားတယောက် ဖြစ်တယ်ဆိုလို့ရှိရင် ပြည်သူလူထု အနေနဲ့ရော EAO အနေနဲ့ရော သည်းခံနိုင်မလား၊ ဟို သည်းမခံပဲနဲ့ တခုခု ထလုပ်မလားဆိုတဲ့အပိုင်းကို အဓိက ထောက်ပြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စက ကျနော်တို့ နည်းနည်း ရှုပ်ထွေးပါတယ်။ အဲတော့ ဒီလို လက်မှတ်ထိုး လိုက်ခြင်းအားဖြင့်သော်လည်းကောင်း၊ အခုသွားနေတဲ့ ငြိမ်းချမ်းရေး process (လုပ်ငန်းစဉ်)တွေ အရသော်လည်းကောင်း၊ ဒီ ၂၀၀၈ အခြေခံဥပဒေ ကျတော့ရော၊ တကယ်ပဲ ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြုပြင်နိုင်ကြ မလားဆိုတဲ့အပိုင်းကလည်း ကျနော်တို့ နောက်ထပ်ဆွေးနွေးရမယ့် ခေါင်းစဉ်တွေဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းထားသလို NCA စာချုပ်မှာ လက်မှတ်ရေး ထိုးမယ့် အလားအလာ ကျတော့ရော ဘယ်လိုရှိလဲရှင့်။

ဗိုလ်ချုပ်ဂွမ်မော်။ ။ NCA လက်မှတ် ထိုးမလား၊ မထိုးဘူးလား ဆိုတာကို တိုက်ရိုက် မေးခွန်းတွေနဲ့မေးပြီး တိုက်ရိုက်ဖြေလို့ မရပါဘူး။ ကျနော်တို့ ဟိုတခြား အထောက်အကူပြုတဲ့ အချက်တွေ၊ ပြီးလို့ရှိရင် ဆွေးနွေးပြီးမှ ကြိုတင် သဘောတူထားရမယ့် အချက်တွေရှိပါတယ်။ ဒါ ကျနော် ဥပမာ နှစ်ခုလောက် ပြောချင်ပါတယ်။ ပထမအချက်ကတော့ ဥပမာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ပြီးလို့ရှိရင် အစိုးရသော်လည်းကောင်း၊ တပ်မတော်က သော်လည်းကောင်း တနိုင်ငံလုံးမှာ စစ်ဆင်ရေး လှုပ်ရှားမှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေငြာပေးနိုင် မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီဟာက အခုထက်ထိ မကြေငြာသေးနိုင်သေးဘူးလို့ တပ်မတော်က ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။ အဲဒီတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီလို့ မကြေငြာသေးပဲနဲ့ ကျနော်တို့က လက်မှတ်ထိုးမလား၊ ဒါ ဥပမာ တခုပေါ့နော်။ နောက်တခုက ကျနော်တို့ လက်မှတ်ထိုးပြီးလို့ရှိရင် ကျနော်တို့ နှစ်ဘက်တပ်ပိုင်း ပြန်လည်နေရ ာချထားရေးကို ဘယ်လိုလုပ်မလဲ ဆိုတဲ့အပိုင်းကို ကျနော်တို့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့ကို မပြောပါနဲ့ လက်မှတ်ထိုးပြီးသား ရှစ်ဖွဲ့တောင်မှ အခုထက်ထိ ညှိုနှိုင်းလို့ မရသေးပါဘူး။ ကျနော်တို့ ကေအိုင်အို အနေနဲ့ကတော့ နှစ်ဘက်တပ်စခန်းတွေ ဘယ်လိုနေရာ ပြန်ချထားမလဲဆိုတာ ၂၀၁၂ ဇန်နဝါရီ ၁၇-၁၈ ဆွေးနွေးစဉ် ကာလမှာ တရားဝင်စာနဲ့ တင်ခဲ့တယ်။ ၂၀၁၃ မေလ ၂၉ ရက်နေ့ ဦးအောင်မင်းတို့ကို ကျနော် တကြိမ်စာနဲ့ ကျနော်တို့ တင်ခဲ့ပါတယ်။ အဲတော့ ၂၀၁၂ ကတည်းက တင်ထားတဲ့ အဆိုပြုချက်ဟာ အခုချိန်ထိ ကျနော်တို့ မဆွေးနွေးရသေးဘူး၊ အဲတော့ ဒီလို တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဘာမှမဆွေးနွေးပဲနဲ့ ဒီ NCA ကို လက်မှတ်ထိုးမလားဆိုတဲ့ ဒီလို ဥပမာမျိုးရှိပါတယ်။ အဲတော့ ကျနော်တို့က လိုအပ်တဲ့ ကိစ္စများကို ညှိုနှိုင်းပြီးတော့ ထိုးနိုင်တဲ့ အဆင့်ရောက်ရင် လက်မှတ်ထိုးဖို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG