သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအိုင်အိုရဲ့ ငြိမ်းချမ်းရေး ရပ်တည်ချက် ရှင်းပြဖို့ အချိန်တန်ပြီ


KIO ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နဲ့ KIO ဥက္ကဌ Zawng Hra
KIO ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နဲ့ KIO ဥက္ကဌ Zawng Hra

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း UWSA ၀ တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ပန်ခမ်းမြို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၇) ဖွဲ့ရဲ့ မျက်နှာစုံညီ အစည်းအဝေး တစ်ခု ကျင်းပခဲ့ပါတယ်။ ၀ လက်နက်ကိုင်အဖွဲ့က ဦးဆောင်ကျင်းပတဲ့ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးပွဲဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့မှာတော့ အချက်(၈) ချက်ပါ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးပြီး ဘာတွေ ဆုံးဖြတ်ချက် ချခဲ့သလဲ၊ ဒီ အစည်းအဝေးနဲ့ ဆက်စပ်ပြီး ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရဲ့ ရပ်တည်ချက်ဟာ ဘာလဲ၊ ဘာတွေ ထူးခြားမှု ရှိနေသလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဆွေးနွေးပွဲကို ၀ တပ်ဖွဲ့က ဦးဆောင်ပြီး သူ့ရဲ့ ရေရှည်မဟာမိတ်ဖြစ်တဲ့ မိုင်းလား တပ်ဖွဲ့၊ လက်ရှိ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်လက်နက်ကိုင် တပ်ဖွဲ့၊ ကိုးကန့်၊ တအန်းပလောင် တပ်ဖွဲ့၊ ရခိုင် AA တပ်ဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA စုစုပေါင်း (၇) ဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးပွဲပြီးနောက် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အရင် အစည်းအဝေးတွေတုန်းက ဖွဲ့စည်းထားခဲ့တဲ့ အစိုးရနဲ့ ဆွေးနွေးမယ့် “ နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ” ကို “ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ” ဆိုပြီး နာမည်ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။ တဆက်တည်း အဲဒီကော်မတီ နဲ့ သူ့အောက်မှာ ထားမယ့် အတွင်းရေးမှူးအဖွဲ့၊ ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ နာမည်စာရင်းတွေ၊ ကော်မတီရဲ့ စည်းမျဉ်းဥပဒေတွေကိုလည်း အတည်ပြုပါတယ်။ ထုတ်ပြန်ချက် နောက်ဆုံးအပိုဒ်မှာ ဒီ ကော်မတီ အဖွဲ့ဝင်တွေ အနေနဲ့ နောင် အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တစ်ဖွဲ့ခြင်း ဆွေးနွေးသွားမှာ မဟုတ်ဘူး၊ ကော်မတီ အနေနဲ့ပဲ ညီညီညွတ်ညွတ် ဆောင်ရွက်သွားမယ် ဆိုပြီး ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲ ထုတ်ပြန်ချက်နဲ့ အစည်းအဝေးပွဲ အပြီး သက်ဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တစ်ချို့ရဲ့ သတင်းဌာနတွေကို ဖြေကြားချက်ကို နားထောင်ကြည့်ရင် အရင် အစည်းအဝေးတွေနဲ့ ခြားနားတာ ဘာတစ်ခုမှ မတွေ့ရပါဘူး။ အရင် တတိယ အကြိမ် အစည်းအဝေးတုန်းကလည်း လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တစ်ချို့ ကိုင်စွဲထားတဲ့ NCA တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လမ်းကြောင်းကို လက်မခံဘူး၊ အစိုးရကို ဆွေးနွေးဖို့အတွက် အခြားသော နည်းလမ်းရှာမယ်၊ ဆွေးနွေးတဲ့အခါ ပထမ အကြိမ် ပင်လုံညီလာခံတုန်းက ၀ အဖွဲ့က တင်ပြခဲ့တဲ့ စာတမ်းကို မူအဖြစ် သတ်မှတ်မယ်၊ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တစ်ဖွဲ့ချင်း တွေ့မှာ မဟုတ်ပဲ အားလုံးစုဖွဲ့ပြီးမှ တွေ့မယ် ဆိုတဲ့ သဘောထား စသဖြင့် အတူတူပါပဲ။

ဒါပေမယ့် ထူးခြားတာ တစ်ခုကတော့ အဲဒီ အစည်းအဝေးမှာ သွားတက်ခဲ့တဲ့ ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရဲ့ သဘောထားပါ။ သိပ်မကြာသေးခင်တုန်းကပဲ ကေအိုင်အိုဟာ သူဦးဆောင်ဖွဲ့စည်းထားတဲ့ UNFC လို့ ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်တပ်ပေါင်းစု အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပါသေးတယ်။ အဲဒီ အစည်းအဝေးမှာ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ NCA လမ်းကြောင်းကိုပဲ ဆက်ပြီး ကိုင်စွဲသွားမယ် ဆိုပြီး စုပေါင်းကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့တာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။

ကေအိုင်အို အနေနဲ့ UNFC မှာ ခေါင်းဆောင်မှုနေရာကို ရယူထား သလို NCA စာချုပ် စတင်ပေါ်ပေါက်လာချိန်ကနေ နောက်ဆုံး စာချုပ်ပါ အချက်အားလုံး သဘောတူသည် အထိ ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ စာချုပ်ကို လက်မှတ်ထိုးချိန် ရောက်မှသာ ကိုးကန့်၊ တအန်းပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့တွေကို လက်မှတ်ထိုးခွင့် မပေးလို့ သူတို့လည်း မထိုးဘူး ဆိုပြီး နေခဲ့တဲ့ အဖွဲ့အစည်းပါ။ ဒါပေမယ့် နောက်ပိုင်း လက်မှတ်မထိုးပဲ ကျန်ရစ်ခဲ့တဲ့ UNFC အဖွဲ့ဝင်တွေနဲ့ စုပေါင်းပြီး NCA ကို လက်မှတ်ထိုးမယ် ဆိုရင် ဒီအချက် ဒီအချက်တွေ ပြင်ဆင်ပေးပါ ဆိုပြီး နောက်ထပ် အချက်(၉) ချက် တင်ပြတောင်းဆိုခဲ့ရာမှာလည်း ဦးဆောင်ပါဝင်နေသူ ဖြစ်ပါတယ်။

အဲဒီလို NCA လမ်းကြောင်းအတိုင်း ဆွေးနွေး တောင်းဆိုရာကနေ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှာတော့ သဘောထား ပြောင်းသွားပြန်ပါတယ်။ အဲဒီအချိန် ဖေဖေါ်ဝါရီ ၂၂ ကနေ ၂၄ ရက် ၀ ဒေသ ပန်ခမ်းမှာလုပ်တဲ့ ၀ အဖွဲ့ဦးဆောင်ကျင်းပတဲ့ တတိယ အကြိမ်မြောက် လက်နက်ကိုင် အဖွဲ့အစည်းအဝေးမှာတော့ NCA စာချုပ်ဆိုတာ အစိုးရနဲ့ စစ်တပ်က လိုသလို အဓိပ္ပါယ်ဖွင့်နေတဲ့ စာချုပ်၊ အဲဒီ စာချုပ်ကို လုံး၀ မလိုလားဘူး၊ လက်မခံဘူး၊ အစိုးရနဲ့ ဆွေးနွေးဖို့ NCA လမ်းကြောင်းမဟုတ်ပဲ အခြား လမ်းကြောင်းနဲ့ သွားကြမယ် ဆိုပြီး သဘောတူ ကြေငြာတဲ့ အထဲလည်း ကေအိုင်အို ပါဝင်ခဲ့ပြန်ပါတယ်။

အဲဒီ အစည်းအဝေးပွဲပြီးတဲ့နောက် အစိုးရနဲ့ UNFC ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဒီ အစည်းအဝေးမှာတော့ ကေအိုင်အို ခေါင်းဆောင်တွေ မပါပါဘူး။ အဲဒီ ဆွေးနွေးပွဲမှာ NCA စာချုပ်လက်မှတ်ရေးထိုးရေးနဲ့ ပတ်သက်ပြီး UNFC ဘက်က တောင်းဆိုထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က မူအားဖြင့် သဘောတူတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒီ သတင်းနဲ့ တစ်ဆက်တည်းပဲ UNFC အဖွဲ့ဝင် တစ်ချို့ NCA စာချုပ်မှာ လက်မှတ်ထိုးတော့မယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အင်န်အယ်လ်ဒီ အစိုးရ တစ်နှစ်ပြည့် မိန့်ခွန်းမှာ ဝမ်းသာစရာ စကားအဖြစ် ထည့်သွင်းပြောဆိုရတဲ့ အထိပါပဲ။ ဒီအခါ ကေအိုင်အို အဖွဲ့ဟာ UNFC အဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူပါတယ်။ အစည်းအဝေးမှာ သူတို့လည်း NCA လမ်းကြောင်းအတိုင်းလိုက်မယ်၊ အခုဟာက သူတို့ တင်ပြထားတဲ့ အချက်(၉)ချက်ကို အစိုးရက တိတိကျကျ သဘောတူ လိုက်လျောတယ် ဆိုတာမျိုးလည်း မဟုတ်သေးဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် NCA ကို လက်မှတ်ထိုးမယ် ဆိုရင်လည်း UNFC အဖွဲ့ဝင်တွေ စုစုစည်းစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ကြရမယ် ဆိုပြီး ပြောဆိုပြန်ပါတယ်။ အဓိပ္ပါယ်ကတော့ ကေအိုင်အိုရဲ့ လှုပ်ရှားမှုဟာ ကိုယ့်သဘော ကိုယ်ဆောင်ပြီး NCA လက်မှတ် ထိုးကြမယ့် UNFC အဖွဲ့ဝင်တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ တားမြစ်လိုက်တဲ့ သဘောလည်း သက်ရောက်နေပါတယ်။ အခုနောက်ဆုံး ၀ အဖွဲ့ဦးဆောင်တဲ့ အစည်းအဝေးမှာတော့ NCA လမ်းကြောင်းအတိုင်း မလိုက်တော့ဘူး ဆိုပြီး ထုတ်ပြန်တဲ့အထဲလည်း ပါဝင် သဘောတူခဲ့ပြန်ပါပြီ။

ဒီအခါ ကေအိုင်အိုရဲ့ သဘောထား ဘယ်လိုလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မေးမြန်းဖို့ လိုအပ်လာပါပြီ။ လက်ရှိ UNFC တပ်ပေါင်းစုနဲ့ ၀ တပ်ဖွဲ့ဦးဆောင်တဲ့ အဖွဲ့ရဲ့ ရပ်တည်ချက်နှစ်ခုဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ UNFC အဖွဲ့ကတော့ NCA စာချုပ်လမ်းကြောင်းအတိုင်း ဆက်သွားနေပြီး ၀ တပ်ဖွဲ့ဦးဆောင်တဲ့ အဖွဲ့ကတော့ NCA ကိုလုံး၀ လက်မခံ၊ ပင်လုံညီလာခံ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာကိုလည်း ၁၉၉၃ ခုနှစ်က အရင် စစ်အာဏာရှင်တွေ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံလိုမျိုး ဘာမှ အသုံးမကျတဲ့ ညီလာခံ အဖြစ် ပြောဆိုနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီ ဆန့်ကျင်ဘက် အဖွဲ့အစည်းနှစ်ခုရဲ့ လမ်းကြောင်းနှစ်ခုထဲမှာ ကေအိုင်အို အဖွဲ့ ဘယ်လမ်းလိုက်မလဲ ဆိုတာ ကချင်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေကို ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ လိုပါတယ်။ ကေအိုင်အို ဘယ်လမ်းကိုလိုက်လိုက် ကောင်းကျိုး ဆိုးကျိုးကို ကချင်ပြည်သူတွေ ခံစားရမှာဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG