သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံမတိုင်ခင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ငြိမ်းကော်မရှင်တွေ့ဆုံဖွယ်ရှိ


မေလ ၁၃ ရက်၊ ၂၀၁၄ အင်္ဂါနေ့က မြစ်ကြီးနားမြို့မှာ KIO နဲ့ ငြိမ်းကော်မရှင်တို့ တွေ့ဆုံစဉ်
မေလ ၁၃ ရက်၊ ၂၀၁၄ အင်္ဂါနေ့က မြစ်ကြီးနားမြို့မှာ KIO နဲ့ ငြိမ်းကော်မရှင်တို့ တွေ့ဆုံစဉ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးရေးအတွက် နှစ်ဖက် ညှိနှိုင်းနေပြီး ၂၁ရာစုပင်လုံမတိုင်ခင်မှာ တွေ့ဆုံဖွယ်ရှိတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်တဦးက ပြောပါတယ်။ လောလောဆည်မှာ နေရာနဲ့အချိန်ကို ညှိနှိုင်းနေကြောင်း ကော်မရှင်ဘက်ကပြောတာကို KIO ပြောခွင့်ရကတော့ မသိသေးကြောင်း ပြောပါတယ်။ ဒီသတင်း ကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်မြန်မာနယ်စပ်အခြေစိုက်အင်အားကြီးလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အစိုးရနဲ့ တိုက်ရိုက်ညှိနှိုင်းနေတယ်ဆိုတဲ့သတင်းဟာ ဒီရက်ပိုင်းအတွင်းမှာ ထိုင်းနယ်စပ်အခြေစိုက် နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး အခုလို ပြောဆိုပါတယ်။

“သူတို့ညှိနှိုင်းနေတယ်ခင်ဗျ အဲဒါအချိန်တော့မပြောတတ်သေးဘူး။ အချိန်ရော၊ နေရာရောက ခေါင်းဆောင်တွေအချင်းချင်းညှိနှိုင်းနေပါတယ်။ ဒီဘက်က တွေ့ဆုံမယ်ဆိုတာကို ပြန်ပြီးပြီ ၊ ဟိုဘက်က တွေ့ဆုံမယ်ဆိုတာကိုလက်ခံ ပြီးပြီ ဆိုတော့ နေရာနဲ့အချိန်ကို ခေါင်းဆောင်တွေအားတဲ့ရက်တွေနဲ့ ညှိနေပါတယ်။ ကျနေ်ာတို့ တရုတ်ပြည်ထဲမှာတွေ့မလား မြန်မာပြည်မှာပဲတွေ့မလဲဆိုတာကို ညှိနေတာပါ။ ကျနေ်ာ့အထင်ကတော့ ပင်လံမတိုင်ခင်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။”

KIO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီးနော်ဘူကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မသိရသေးကြောင်း အခုလို ပြောပါတယ်။

“ကျနော်ကတော့ မကြားမိဘူး၊ လုံးဝကို မကြားမိဘူး။ အဓိက လူကြီးတွေ ညှိကြတာထင်တယ်။ ဗိုလ်ချုပ် ဂွန်မော်တို့ အဆင့်၊ နောက်ပြီးတော့ Du kaba ဗိုလ်ချုပ်ကြီး အင်ဘန်လ တို့ သူတို့ပဲ ညှိမယ်ထင်တယ်။ ကျနေ်ာတို့ဆီမှာကတော့ ဘာမှ မရောက်သေးဘူး။ ဘာမှ မကြားသေးဘူးခင်ဗျ ။”

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကြားဝင်ဆောင်ရွက်ပေးတဲ့ PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကလည်း အခုလို ပြောပါတယ်။

“ပထမကတော့ သူတို့ ပန်ဆန်းအစည်းအဝေးမလုပ်ခင် စစ်တပ်နဲ့ ရွှေလီမှာတော့ တွေ့မယ်ဆိုပြီးတော့ ပြောတဲ့အသံတော့ကြားတယ်။ အခုနောက်ပိုင်းကြားတော့ ဘာညာပြောတဲ့အသံကတော့ ကျနော်တို့ မကြားမိဘူးခင်ဗျ။”

KIO အဖွဲ့ဟာ ၁၉၉၄ခုနှစ်က စစ်အစိုးရနဲ့ ၁၇နှစ်ကြာအပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး ပျက်သွားခဲ့ပါတယ်။

၂၀၁၅ခုနှစ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးမပါဝင်တာကြောင့် လက်မှတ်ရေးထိုးဖို့ကို KIO က ငြင်းပယ်ခဲ့ပါတယ်။ လောလောဆည်မှာ ထိုင်းနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအများဆုံးပါဝင်တဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီမှာ KIO က ဥက္ကဌအဖြစ် တာဝန်ယူထားတာပါ။ UNFC အနေနဲ့ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ဆွေးနွေးနေပါတယ်။

တချိန်တည်းမှာတော့ KIO အဖွ့ဲဟာ UWSA ခေါ် ဝတပ်ဖွဲ့အပါအဝင် တရုတ်နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၆ဖွဲ့နဲ့ အတူ NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးဖို့အတွက် ဆောင်ရွက်နေတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီမှာလည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒီကော်မတီအဖွဲ့ဝင်တွေဟာ အစိုးရနဲ့ တဖွဲ့ချင်း ဆွေးနွေးမှာ မဟုတ်ကြောင်းလည်း ဧပြီလ ၁၇ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၈ရက်နေ့က အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာတွေ့ဆုံဆွေးနွေးစဉ်က KIO က ပါဝင် တက်ရောက်ခဲ့ပေမဲ့ အစိုးရနဲ့ သီးသန့်ဆွေးနွေးမယ့် ကိစ္စအကြောင်းကို တစုံတရာ ထုတ်ပြန်တာမရှိခဲ့ပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ KIOဟာ NCA လက်မှတ်ရေးထိုးရေးအတွက် UNFC အဖွဲ့နဲ့အတူ ရပ်တည်မလား၊ ဒါမှမဟုတ် UWSA ခေါ် ဝတပ်ဖွဲ့အပါအဝင်ဖြစ်တဲ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီနဲ့ အတူ NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးမလားဆိုတာကို ရှင်းရှင်းလင်းလင်း ပြည်သူကို ချပြသင့်ပြီလို့ ထောက်ပြတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG