သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNPP ကရင်နီလက်နက်ကိုင်အဖွဲ့ NCA လက်ခံမည်


KNPP ခေါင်းဆောင် ခူးဦးရယ်(ဝဲ)နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ တွေ့ဆုံခဲ့ကြစဉ်။
KNPP ခေါင်းဆောင် ခူးဦးရယ်(ဝဲ)နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ တွေ့ဆုံခဲ့ကြစဉ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းအတိုင်း ဆက်ပြီး အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ကြာသပတေးနေ့က ကျင်းပပြီးစီးသွားတဲ့ ပါတီညီလာခံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီးတဲ့ နောက် အဲဒီလိုပြောတာပါ။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေထဲမှာ NCA လမ်းကြောင်းအတိုင်းသွားဖို့ ဆန္ဒရှိတဲ့ အဖွဲ့တွေနဲ့ NCA လမ်းကြောင်းကို လက်မခံတဲ့ အဖွဲ့တွေဆိုပြီး ကွဲပြားနေချိန်မှာပဲ UNFC အဖွဲ့ဝင်ဖြစ်တဲ့ KNPP ကတော့ NCAလမ်းကြောင်း အတိုင်း သွားမယ်လို့ အတိအလင်းဆုံးဖြတ်လိုက်တာပါ။ ဒါနဲ့ပတ်သက်ပြီး KNPP ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးရွှေမျိုးသန့်က အခုလိုပြောပါတယ်။

"တကယ်လို့ ကျနော်တို့က ဒီလမ်းကြောင်းကို အပျက်ခံလိုက်မယ်ဆိုလို့ရှိရင် လက်နက်ကိုင် ပဋိပက္ခတွေကို ပိုပြီးတော့ ဖြစ်ပွားလာနိုင်တယ်လို့ ဒီလိုတွက်တာပေါ့။ ဒီလမ်းကြောင်းကို ထိန်းနိုင်တာကလဲ လောလောဆယ် အစိုးရနဲ့ဆွေးနွေးဖို့ ပြေပြေလည်လည်ရှိတာပေါ့။ ဒီတော့ တခြားအဖွဲ့တွေကလည်း ဒီလိုရွေးချယ်ချင်မှ ရွေးချယ်မယ်လေ။ ကျနော်တို့ရဲ့NCA လမ်းကြောင်းကိုသွားမယ်ဆိုလို့ရှိရင်တော့ ဒီလိုလမ်းကြောင်းသွားမယ့် ဘဝတူတွေ စုပြီးတော့ ကျနော်တို့ အနေအထားတခုဖြစ်အောင် ဖန်တီးတည်ဆောက်ရမှာပေါ့။"

UNFC အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ မေလ(၈)ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေး ကနေ NCA လမ်းကြောင်းအတိုင်း လိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးတဲ့နောက် အခု နောက်ထပ် အဖွဲ့ဝင် အဖွဲ့အစည်းတခုဖြစ်တဲ့ KNPP ကလဲ အလားတူ ဆုံးဖြတ်ချက်မျိုး ချလိုက်တာပါ။

လာမဲ့ မေလ (၂၄) ရက်နေ့မှာ ကျင်းပဖို့လျာထားတဲ့ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံကို KNPP အဖွဲ့ တက်ရောက်ဖို့ အလားအလာနဲ့ ပတ်သက်လို့လဲ ဦးရွှေမျိုးသန့် ကအခုလို ဆက်ပြောပါတယ်။

" ပင်လုံညီလာခံကို တက်ရောက်နိုင်ဖို့ဆိုတဲ့အပေါ်မှာ ကြားခံတဆင့်ရှိတယ်။ အခုနောက်ဆုံး ထုတ်ပြန်တဲ့ ငြိမ်းချမ်းရေးကော်မရှင်ထဲက ပြေလည်မယ့် လမ်းကြောင်း တကြောင်းကတော့ NCA လမ်းကြောင်းအတိုင်း သွားမယ်ဆိုတဲ့ သဘောထားရှိလို့ရှိရင် ကျနေ်နာ်တို့ ညှိနှိုင်းနိုင်တဲ့အချက် အတိုင်းအတာပမာဏကို ခနထားပြီးတော့ NCA လမ်းကြောင်းအတိုင်းသွားဖို့ နှစ်ဘက်က သဘောတူတယ်ဆိုတဲ့ဟာကို ပြေလည်အောင် ညှိနှိုင်းရမယ်ခင်ဗျ။ ပဋိပက္ခမဖြစ်အောင် ရှောင်ရှားရမယ် အထူးသဖြင့် လက်နက်ကိုင် အဖွဲ့တွေ အဲ့တာကို ပြနိုင်ပြီဆိုရင် NCA လက်မှတ်ထိုးတဲ့အဆင့် မဟုတ်ရင်တောင်မှ ကတိကဝတ်ပြုတဲ့စာချုပ်ကို လက်မှတ်ထိုးနိုင်ပြီဆိုရင် ကျနော်တို့ KNPP က တက်နိုင်မယ့်သဘော အလားအလာရှိပါတယ်။ ညှိနှိုင်းမှုက အဆင်မပြေဘူးဆိုရင်တော့ ကျနော်တို့ပြောဖို့တော့ ခက်သွားမယ်။ "

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့ အန်စီအေစာချုပ်ကို လက်မှတ်ထိုးရေး မထိုးရေးနဲ့ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံ တက်ရောက်ရေးကိစ္စတွေကို လာမယ့်သီတင်းပတ်မှာ ဆက်ဆွေးနွေးပြီး အတည်ပြုသွားမယ်လို့လဲ ဦးရွှေမျိုးသန့်က ပြောပါတယ်။

(၄)နှစ်တကြိမ်ကျင်းပတဲ့(၁၃)ကြိမ်မြောက်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီညီလာခံကို ထိုင်းမြန်မာနယ်စပ် KNPP ဌာနချုပ် ညာမိုကုန်းမှာကျင်းပခဲ့တာပါ။ ကိုယ်စားလှယ် (၂၀၀)ကျော် တက်ရောက်ပြီး မေ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တပတ်ကျော် ကြာကျင်းပခဲ့တဲ့ ဒီ ပါတီညီလာခံအတွင်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအပြင် မူးယစ်ဆေးဝါး ကိစ္စ၊ လူငယ်နဲ့အမျိုးသမီးရေးရာတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ပါတီခေါင်းဆောင်ပိုင်း ရွေးကောက်ပွဲကိုလဲ လုပ်ခဲ့ပြီး ပါတီဥက္ကဌအဖြစ် ဧဘယ်တွိဒ်ကို မဲခွဲရွေးချယ်ခဲ့ပြီးတော့ မေလ တတိယပတ်လောက်မှာ ဗဟို အလုပ်အမှုဆောင်ကော်မီတီတွေကို ဆက်လက် ရွေးချယ်သွားမှာဖြစ်ပါတယ်။

ဒီတကြိမ် ပါတီ ရွေးကောက်ပွဲမှာ လူငယ်ခေါင်းဆောင်တွေ အတော်များများ ပါဝင်လာတယ် လို့လဲ ဦးရွှေမျိုးသန့်က ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ ၁၉၉၅ ခုနှစ်ကမြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ၃ လ အကြာမှာ သဘောတူညီမှုပျက်ပြားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့ပါတယ်။

NCAလမ်းကြောင်းအပေါ်အယုံကြည်မရှိတော့ဘူးလို့ထုတ်ပြန်ကြေညာထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA ကချင် လွတ်လပ်ရေးအဖွဲ့ ကိုးကန့်တပ်ဖွဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့နဲ့ ရခိုင်တပ်မတော် AA အဖွဲ့တွေအပြင် UWSA ဝ လက်နက် ကိုင်အဖွဲ့တွေကိုတော့ ကြာသပတေးနေ့မှာ တရုတ်နိုင်ငံက ယူနန်မှာ ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG