သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူ တိုက်ပွဲဖြစ် 


KNU ရှေ့တန်းတပ်များကို တွေ့ရစဉ်
KNU ရှေ့တန်းတပ်များကို တွေ့ရစဉ်

၂၈နှစ်နီးပါးစစ်ရေးပဋိပက္ခငြိမ်သက်နေတဲ့ မွန်ပြည်သစ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ အငြင်းပွါးဖွယ်ရာ နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် ဒီကနေ့ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ဒီလိုဖြစ်တဲ့တိုက်ပွဲမှာ တဖက်နဲ့တဖက် စတင်ကျူးလွန်ကြောင်းပြောဆိုနေကြပါတယ်။ VOA ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထား ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးမှာ ဒေသတွင်းအခြေချနေ တဲ့ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်ဖွဲ့ဝင်တို့ ဒီကနေ့ညနေပိုင်းမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့ကြပါတယ်။

သဲချောင်းရွာမှာခြေပြုနေတဲံ့မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားအစည်းအရုံးတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ တယ်လို့ ထားဝယ်ခရိုင်ဥက္ကဌနိုင်ဧကက မွန်ဘာသာနဲ့အခုလိုပြောပါတယ်။

မွန်းလွှဲ တနာရီ(၄၅)မိနစ်အချိန်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေအခြေချစခမ်းကို KNUအဖွဲ့တွေ စစ်ကြောင်းနှစ်ဖွဲ့ညှပ်ပြီး ရောက် လာတယ်။ ကျွန်တော်တို့ဘက်ကို ဒီလိုသွားလာရင် အကြောင်းကြားပြီးသွားရင်ကောင်းမယ်။ တပ်ချင်းမှားမှာစိုး လို့ဆိုပြီး ပြောတယ်။ အဲဒီအချိန်မှာဘဲ KNUဘက်က စပစ်တယ်။ သူတို့ကအစီစဉ်ရှိရှိနေရာယူပြီးစပစ်လို့ တိုက်ပွဲဖြစ်ပွါး ခဲ့တယ်ဆိုပြီးမွန်ဘာသာနဲ့ပြောဆိုသွားတာပါ။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုမရှိပေမဲ့ သဲချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်နဲ့ တခြားအိမ်ခြေတွေ ပျက်စီးမှုရှိခဲ့တယ်လို့လဲ နိုင်ဧက ကပြောပါတယ်။

ဒီကနေ့ရေဖြူမြို့နယ်သဲချောင်းကျေးရွာမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲနဲ့ပက်သက်ပြီး KNU အတွင်းရေးမှူးပဒိုစောကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

“ကျနော်သိရသလောက်ကတော့ ကျနော်တို့ အဲဒီမှာရှိတဲ့ သဲချောင်းကို ဖြတ်သွားတဲ့ KNU တပ်ဖွဲ့တွေကို မွန်ပြည်သစ်ပါတီက ပစ်လို့ သူတို့ ပြန်ပစ်တာ ထိခိုက်မှုတော့ ဘာမှမရှိဘူး။”

အခုတိုက်ပွဲဖြစ်ပွါးတဲ့ဒေသဟာ KNU နဲ့မွန်ပြည်သစ်ပါတီတို့အကြား နယ်မြေနဲ့ပက်သက်ပြီးအငြင်းပွါးဖွယ်ရာဖြစ်နေပါတယ်။

တိုက်ပွဲဖြစ်ပွါးတဲ့ အကြောင်းအရင်းဟာ နယ်မြေအငြင်းပွါးမှုပြဿနာကြောင့်လို့ KNU အတွင်းရေးမှူးပဒိုစောကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

“အဲဒီမှာ နယ်မြေပြဿနာလေးတော့ နည်းနည်းရှိတယ်။ အဲဒီဒေသမှာ ကျနော်တို့ သိတာက ဟိုတုန်းက မွန်ပြည်သစ်ပါတီက အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့နောက်ပိုင်းမှာ အစိုးရက သူတို့ကို အဲဒီနေရာမှာ နေရာသွားချတာကို ။ သွားချတော့ KNU ကတော့ အပစ်အခတ်ရပ်စဲရေးမလုပ်တော့ အဲဒီမှာ တိုက်ပွဲတွေဖြစ်တဲ့အပေါ်မှာ ပြည်သူလူထုတွေပြောင်းသွားတယ် ၊မွန်လူထုတွေ ဝင်လာတဲ့အပေါ်မှာ သူတို့ မှာ နယ်မြေပြဿနာတွေတော့ နည်းနည်းရှိတယ်ဗျ အဲလိုတော့ သိရတာပေါ့နော် အဲဒီခရိုင်က တင်ပြတဲ့အပေါ်မှာ။”

KNU အနေနဲ့အစိုးရနှင့် အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ NCAသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်တဲ့အတွက် ၎င်းတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေအတွင်း ပြန်လည်လှုပ်ရှားသွားမြယ့်ဖစ်ကြောင်း KNU လယ်ဒိုစိုးမြို့နယ် (ရေဖြူမြို့နယ်) အတွင်းရေးမှူး စောဆီဆိက လက်မှတ်ရေးထိုးပြီးတော့ သြဂုတ်လ ၂၄ ရက်နေ့မှာ ဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စာပေးပို့ထားပါတယ်။

ဒီလိုလက်နက်ကိုင်နှစ်ဖွဲ့အကြားဖြစ်ပွါးနေတဲ့ပဋိပက္ခနဲ့ပက်သက်ပြီး အောက်ခြေအဖွဲ့တွေအနေနဲ့တွေ့ဆုံဆွေးနွေး ဖြေရှင်း သွားဖို့တိုက်တွန်းထားကြောင်း ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

လက်ရှိမှာတော့ တဖက်နဲ့တဖက်စစ်ရေးအသင့်အနေအထားရှိနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ ၁၉၈၈ခုနှစ်မှာ နယ်မြေမငြင်းပွါးမှုပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး အဲဒီတုန်းက အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)ရဲစေ့စပ်ညှိနှိုင်းမှုအရ စစ်ရေးပြဿနာ ပြေလည်သွားခဲ့ပြီး (၂၈)နီးပါးပဋိပက္ခရပ်တန့်ရာကနေ အခုတဖန်တိုက်ပွဲဖြစ်ပွါးလာတာလဲဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဟာမြန်မာအစိုးရနဲ့ NCAသဘောတူစာချုပ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ် ပါတီ ကတော့ သဘောတူစာချုပ်ရေးထိုးထားခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG