သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကန့်အသတ်နဲ့လုပ်မယ့် KNU ညီလာခံ


မကြာခင်လပိုင်းအတွင်း ကျင်းပဖို့ရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်မှာ ပြည်ပမှာရှိတဲ့ KNU ကိုယ်စားလှယ်တွေနဲ့ ကရင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို လေ့လာသူတွေအဖြစ်နဲ့သာ အကန့်အသတ်နဲ့ တက်ရောက်ခွင့်ပြုတာဟာ အစဉ်အလာကို ဆန့်ကျင်တာဖြစ်တယ်လို့ ပြည်ပရောက်ကရင်အဖွဲ့အစည်း - IKO က ပြောပါတယ်။

အခုလို လုပ်ဆောင်မယ်ဆိုရင် KNU ဟာ ကရင်အမျိုးသားထုတရပ်လုံးကို ကိုယ်စားမပြုတော့သလိုလည်း ဖြစ်နိုင်တယ်လို့ ပြည်ပရောက် ကရင်အမျိုးသား တချို့ကလည်း ပြောပါတယ်။ အသေးစိတ်ကို ရှားဖောင် က တင်ပြထားပါတယ်။

လာမယ့် မတ်လ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ကရင်အမျိုးသားအစည်းရုံး - KNU ရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်အတွင်း ပြည်ပနိုင်ငံတွေမှာရှိတဲ့ KNU ကိုယ်စားလှယ်တွေကို မဲပေးခွင့်မပြုတော့ဘဲ လေ့လာသူတွေအဖြစ်နဲ့သာ တက်ရောက်ခွင့်ပြုမယ်လို့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ KNU ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ KNU က ခန့်အပ်ထားတဲ့ ကိုယ်စားလှယ် ၁၅ ဦးရှိပြီးတော့ လာမယ့် ၁၆ ကြိမ်မြောက် ကွန်ဂရက်မှာ ၇ ဦးသာ လေ့လာသူအဖြစ် တက်ရောက်ခွင့် ပြုသွားမှာဖြစ်ပြီး သူတို့အနေနဲ့ မဲပေးခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ အလားတူ နိုင်ငံတကာမှာရှိတဲ့ ကရင်အဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေကိုလည်း လေ့လာသူတွေအဖြစ်နဲ့သာ တက်ရောက်ခွင့် ပြုသွားမယ်ဆိုတာကို အဲဒီအစည်းအဝေးကပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အရင်က ကွန်ဂရက်မှာ မဲပေးခွင့်ရှိတဲ့ KNU ရဲ့ ပြည်ပကိုယ်စားလှယ်တွေဟာ အခုတကြိမ်မှာ မဲပေးခွင့်မရှိတော့တာဟာ အစဉ်အလာကို ဆန့်ကျင်တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ပြည်ပရောက် ကရင်အဖွဲ့အစည်း - IKO ပြောခွင့်ရ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ မန်းအော်လန်းဒိုက ပြောပါတယ်။

“ကျနော်တို့က အခုလောလောဆယ်က ဒီသတင်းကို တရားဝင်မျှော်လင့်နေတယ်လေ။ ပြန်ပြီးတော့အကြောင်းကြားအောင်။ အဲဒီတော့မှ ကျနော်တို့ တုန့်ပြန်ဖို့၊ ကျနော်တို့ဖော်ပြဖို့ ဒါပေမယ့် အကယ်၍သာ ဒီသတင်းကမှန်တယ်ဆိုရင် KNU ရဲ့ လုပ်ရိုးလုပ်စဉ် အစဉ်အလာနဲ့ ဆန့်ကျင်ပြီးတော့ ဖြစ်တာနဲ့အလျှောက် အလားအလာ မကောင်းဘူးလို့ပဲ ကျနော်တို့ အဲ့လို ယေဘုယျ ပြောလို့ရမှာပေါ့နော်။”

ပြည်ပမှာရှိတဲ့ KNU က ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်တချို့ကို လေ့လာသူတွေအဖြစ်နဲ့သာ တက်ရောက်ခွင့်ပြုမှာနဲ့ ပတ်သက်ပြီး ပြည်ပရောက် ကရင်အဖွဲ့အစည်းထံကို KNU ကနေ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် ဒါနဲ့ပတ်သက်လို့ တရားဝင် အကြောင်းကြားပေးဖို့ ပြီးခဲ့တဲ့ တပတ် အင်္ဂါနေ့၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က KNU ထံ စာရေးပေးပို့ထားတယ်လို့လည်း မန်းအော်လန်းဒိုက ပြောပါတယ်။

“နိုင်ငံတကာမှာရှိနေတဲ့ တရားဝင်ခန့်ထားတဲ့ KNU ကိုယ်စားလှယ်တွေဆီကို စာမလာသေးဘူးပေါ့နော်။ အဲဒီအကြောင်း၊ တက်ရောက်ခွင့်ဘယ်နှစ်ယောက်ရှိလဲ၊ ကြားတာ ၇ ယောက် တက်ခွင့်ပေးမယ်။ မဲပေးပိုင်ခွင့်မပေးပဲနဲ့ လေ့လာသူအဖြစ်နဲ့ပဲတက်ရမယ်လို့ ကျနော်တို့သိရတာပေါ့နော်။ ဒါကြောင့် IKO ကနေပြီးတော့ ကျနော်တို့ ဒီ KNU အတွင်းရေးမှူးချုပ်ဆီလိပ်မူတပ်ပြီးတော့ စာတဆောင်ရေးပါတယ်။ အဲဒီစာနဲ့ပတ်သက်ပြီး ဒီသတင်းတွေဖြစ်ပေါ်နေတာ အတွက်ကြောင့် ကျနော်တို့ကိုပြန်ပြီးတော့ပေါ့နော် IKO ကို၊ တပတ်အတွင်း ပြန်ပြီးတော့ အသိပေးပါ။ ကျနော်တို့ တရားဝင်သိချင်တယ်ပေါ့နော်။ မဲပေးပိုင်ခွင့်မရှိဘူးဆိုတာ ဟုတ်ပါသလားပေါ့နော်။”

ဒီ ၄ နှစ်တကြိမ် ကျင်းပလေ့ရှိတဲ့ ကွန်ဂရက်အတွင်း ခေါင်းဆောင်သစ် ရွေးချယ်တင်မြှောက်တာဖြစ်ပြီး အစဉ်အလာအရ KNU ကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားတဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး - KNU အဖွဲ့ဟာ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့ဖြစ်တာကြောင့် အခုလိုမျိုး ပြည်မှာရှိတဲ့ ကိုယ်စားလှယ်တွေကို အကန့်အသတ်နဲ့ တက်ရောက်ခွင့်ပြုမယ်ဆိုရင် ကရင်တမျိုးသားလုံးကို ကိုယ်စားမပြုတော့သလို ဖြစ်သွားနိုင်တယ်လို့ အရင်က KNU ရဲ့ ပညာရေးဌာနနဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ တာဝန်ယူခဲ့ဖူးသူ လက်ရှိ အမေရိကန်ပြည်ထောင်စု Minnesota ကရင်အဖွဲ့ကို အကြံပေးနေတဲ့ ဆရာ စောထူးလို က သုံးသပ်ပြောဆိုပါတယ်။

“လိုရင်းပြောရရင်တော့ ကိုယ်စားပြုတယ်လို့ ပြောလို့မရတော့ဘူးလို့ပဲ ဆိုရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမတုန်းက နိုဝင်ဘာလမှာကျင်းပဖို့ပဲ။ ဒါပေမယ့် သူတို့ရက်ရွှေ့တယ်။ ရက်ရွှေ့ရတဲ့အကြောင်းပြချက်ကတော့ အားလုံးပါဝင်နိုင်ဖို့ပေါ့လေ။ ပြည်တွင်းရော၊ အရင်တုန်းကတော့ ပြည်ပပေါ့လေ ပြည်တွင်းကတော့ သွားတာနည်းပါတယ်။ အခုကတော့ မတရားအသင်းအဖြစ်က လွတ်သွားတဲ့အခါကျတော့ ပြည်တွင်းက များများပါနိုင်မယ်။ ဆိုတော့ အဲ့ဒီပုံစံနဲ့ သူတို့ရွှေ့ရတယ်လို့ ကြားတယ်လေ။ ဆိုတော့ အများကြီးမျှော်လင့်ခဲ့တယ်။ အခုကတော့ မျှော်လင့်တာနဲ့ လက်တွေ့နဲ့ဟာ တခြားစီဖြစ်သွားတယ်။ ပြည်ပကတောင်မှ လျော့ချလိုက်တယ်။ လျော့ချလိုက်တဲ့အပြင်မှာ ခုနပြောသလိုပဲ အရင်ပေးထားတဲ့ အခွင့်အရေးတွေပါ သူတို့ ကန့်သတ်လိုက်တဲ့အခါကျတော့ အားလုံးကိုပါဝင်ရေးနဲ့ ကိုယ်စားပြုရေးဆိုတာကတော့ တခြားဆီဖြစ်သွားပြီပေါ့။”

KNU ကွန်ဂရက် အစည်းအဝေးကို ပုံမှန်အားဖြင့် နိုဝင်ဘာလအတွင်းမှာ ကျင်းပလေ့ရှိပေမဲ့ အခုတကြိမ် ကျင်းပမယ့် ၁၆ ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၇ အထိ ရွှေ့ဆိုင်းဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့တာပါ။ အခု လာမယ့် မတ်လ ၁၄ ရက်နေ့ကျမှ ကျင်းပဖို့ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ KNU ဘားအံခရိုင် သေဘေထ မှာ ကျင်းပခဲ့တဲ့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်တာဟာ KNU ခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲလွဲမှုတွေကြောင့် ဖြစ်တယ်လို့ ပြည်ရောက် ကရင်တိုင်းရင်းသားတွေကတော့ သုံးသပ်ကြပါတယ်။

အကန့်အသတ်နဲ့လုပ်မယ့် KNU ညီလာခံ
please wait

No media source currently available

0:00 0:04:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG