သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင်ကို လူ့အခွင့်အရေးအဖွဲ့တွေ ကြိုဆို


(Credit: Kofi Annan Foundation)
(Credit: Kofi Annan Foundation)

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အရေးကိစ္စတွေကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ကိုဖီအာနန် ဦးဆောင်တဲ့ - ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းလိုက်တဲ့အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆို လိုက်ကြပါတယ်။

ဖြစ်ပျက်နေတဲ့ လက်တွေ့အခြေအနေတွေကို လေ့လာပြီးတဲ့နောက် အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် အကြံပြုချက်မျိုး ကော်မရှင်အနေနဲ့ ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထား ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က လူ ၁၀၀ ကျော်သေဆုံးခဲ့ရပြီး၊ လူ ၁ သိန်းကျော်ဟာလည်း IDP ဒုက္ခသည်တွေအဖြစ် စခန်းတွေမှာ နေထိုင်နေရဆဲ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ မူဆလင်အကြား လူမျိုးရေးပဋိပက္ခတွေ ဖြေရှင်းဖို့ အပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေအတွက် - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်းလည်းဖြစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ ကိုဖီအာနန် ဦးဆောင်ပြီး - ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဖွဲ့စည်းလိုက်တဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ကြိုဆို ထောက်ခံခဲ့ကြတာပါ။

ထိုင်းအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Fortify Rights ကတော့ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ရခိုင်ပြည်နယ်အရေး ဖြေရှင်းဖို့ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ၉ ဦးပါ ကော်မရှင်အဖွဲ့ ဖွဲ့စည်းခဲ့တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ဒီကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်တွင်းမှာ ဆက်ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်အောင် ကြိုးပမ်းသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ Fortify Rights ရဲ့ အကြံပေးဘုတ်အဖွဲ့ ဝင်လည်းဖြစ် - ယခင်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်လည်း ဖြစ်ခဲ့ဖူးသူ Thomas Ojea Quintana ကလည်း ဒါဟာ အများက မျှော်လင့်စောင့်စားနေတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အဖြစ် ပြောဆိုခဲ့ပါတယ်။

“အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ အင်မတန်မှ သင့်တော်တဲ့ ဆုံးဖြတ်ချက်ဖြစ်သလို၊ အမျှော်အမြင်ရှိတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် လို ထင်ရှားတဲ့ ခေါင်းဆောင်တွေဟာ၊ ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ် အရေးကို ဝိုင်းဝန်းဖြေရှင်းရာမှာ သင့်တော်တဲ့ ပုဂ္ဂိုလ်မျိုးလို့လည်း ကျနော်ယုံကြည်ပါတယ်။ ဒါကြောင့်လည်း အခြေခံအားဖြင့်ကတော့ NLD အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို ကျနော် ကြိုဆိုပါတယ်။ ဒါဟာ သက်ဆိုင်သူတွေ အားလုံးကို စောင့်စားနေကြတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။”

အခု ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အနေနဲ့ ကိုဖီအာနန်ဖောင်ဒေးရှင်းနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး - ဘက်လိုက်မှုမရှိဘဲ တကယ်လက်တွေ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အစီရင်ခံ အကြံပေးသွားမှာဖြစ်တဲ့အပြင် - ရခိုင်ဒေသက အခြေအနေတွေကို နိုင်ငံတကာ ကပါ လက်ခံလာအောင်လို့ မစ္စတာ ကိုဖီအာနန်လို အတွေ့အကြုံ ရင့်ကျက်သူတဦးကို ဦးဆောင်စေတာဖြစ်တယ်လို့လည်း ကော်မရှင် တာဝန်ရှိသူ တဦးက ဆိုပါတယ်။

၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကိုယ်တိုင် လည်း ရခိုင်ပြည်နယ်ကို ရောက်ခဲ့ဖူးသူ မစ္စတာ ကင်တားနားကတော့ - ရခိုင်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ထံ အစီရင်ခံစာ တင်ခဲ့ဖူးသူတယောက် ဖြစ်တဲ့အတွက် သူ့အနေနဲ့ ကော်မရှင်ကို ဦးစားပေး ဆောင်ရွက်စေချင်တာနဲ့ ပတ်သက်လို့ အခုလို အကြံပြုခဲ့ ပါတယ်။

“ကျနော်ကိုယ်တိုင်လည်း အကြိမ်တော်တော်များများ၊ နေရာတော်တော်များများကို ရောက်ခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်မှာ - လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း တဦးအနေနဲ့ မြင်တွေ့လိုတာကတော့ လူမှုအသိုင်းအဝိုင်းကြားမှာ ခွဲခြားထားတဲ့ မူဝါဒတွေကို ကျော်လွှားဖို့ပဲ ဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းတွေကို ခွဲခြားထားတဲ့အတွက် အဓိက နစ်နာရတာကတော့ ရိုဟင်ဂျာ အသိုင်းအဝိုင်းပဲ ဖြစ်ပါတယ်။ ဒါတွေကို ရခိုင်ကော်မရှင်နဲ့ ကိုဖီအာနန် တို့က ဦးစားပေး ဖြေရှင်းစေချင်ပါတယ်။”

အလားတူ အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်အရေးအဖွဲ့က အာရှရေးရာတာဝန်ခံ Brad Adams ကလည်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင် ဖွဲ့စည်းခဲ့တဲ့အပေါ် ကြိုဆိုကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်က ပြဿနာတွေရဲ့ တစိတ်တပိုင်းဖြစ်တဲ့ လူ့အခွင့်အရေး ပြဿနာကို ဖြေရှင်းနိုင်မယ့် လက်တွေ့ကျတဲ့ အကြံပြု တိုက်တွန်းချက်တွေ ပေးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကော်မရှင်ဟာလည်း ခိုင်မာအားကောင်းပြီး၊ အခြေအနေ တခုလုံးကို ခြုံငုံသုံးသပ်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့်လည်း ကော်မရှင်က အစီရင်ခံတဲ့အခါမှာ လက်တွေ့ အချက်အလက်တွေကို အခြေခံပြီး၊ အစိုးရအနေနဲ့ အကောင်အထည် ဖော်နိုင်မယ့် အကြံပြုချက်တွေ ဖြစ်လိမ့်မယ်လို့လည်း ကျနော်တို့က မျှော်လင့်ထားပါတယ်။”

ဒါ့အပြင် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး (Rafendi Djamin) ကလည်း - မြန်မာအစိုးရရဲ့ ကော်မရှင်ဖွဲ့စည်းကြောင်း ကြေညာချက်ဟာ - ရခိုင်အရေးကို မြန်မာတာဝန်ရှိသူတွေအနေနဲ့ အလေးထား ကိုင်တွယ် နေတာကို ပြသတဲ့ လက္ခဏာတရပ်ဖြစ်ပြီး - ဒါဟာ ရခိုင်ပြည်နယ်တွင်းက လူတွေအားလုံး လူ့အခွင့်အရေး ခံစားရစေဖို့အတွက် လမ်းစဖြစ်စေ မယ်ဆိုရင် တန်ဖိုးရှိတဲ့ လုပ်ဆောင်ချက် ဖြစ်လိမ့်မယ်လို့လည်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံသား ၆ ဦးနဲ့ နိုင်ငံခြားသား ၃ ဦး ပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ထဲမှာတော့ အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာ သာလှရွှေ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြသီတာ၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအသင်း (ရန်ကုန်) ဥက္ကဌ ဒေါ်စောခင်တင့်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း ဂါဆန် ဆလမ်၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးဟောင်း လက်တီတီရာ ဗန်ဒန် အာဆမ် တို့ ပါဝင်ကြပါတယ်။ ဒီကော်မရှင်အနေနဲ့ စက်တင်ဘာလ ၅ ရက်နေ့ကျရင် ရန်ကုန်မှာ ပထမဆုံး တွေ့ဆုံကြမှာ ဖြစ်ပြီး၊ အခြေအနေတွေကို လေ့လာပြီးနောက် - တနှစ်အကြာမှာ မြန်မာအစိုးရကို အကြံပြု အစီရင်ခံစာ တင်သွင်းသွားမှာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG