သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ရခိုင်ပြည်သူတွေကသာ ဖြေရှင်းနိုင်ကြောင်း ကိုဖီအာနန် အကြံပြု


 Kofi Annan သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိနေပါသည်။
Kofi Annan သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိနေပါသည်။

ရခိုင်ပြည်နယ်အတွင်း မတူညီတဲ့လူမှုအသိုင်းအဝိုင်းနှစ်ခုအကြားဖြစ်ပွါးနေတဲ့ပြဿနာအရေးကိုအဖြေရှာကြရာမှာ နည်းလမ်းတွေအကြံပေးနိုင်ဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့မှာရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ကော်မရှင်အနေနဲ့ရခိုင်ပြည်နယ်အတွင်းဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေနဲ့စပ်လျှင်းပြီး အဖြေရှာဖို့ ဖြစ်တယ်လို့ပြောဆိုမှုတွေရှိသလို ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ ရခိုင်ပြည်ရဲ့တကယ့်အဖြစ်ပျက်မှန်ကို သိရှိဖို့ လိုအပ်တယ်လို့လဲပြောဆိုမှုတွေရှိနေပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကနေ ဒီကနေ့ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့တွေ မြို့မိမြို့ဖ တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့မနက်ရခိုင်ပြည်နယ်အစိုးရရုံးအတွင်း အစိုးရအဖွဲ့ဝင်တွေနဲ့မြို့မိမြို့ဖ တွေနဲ့တွေ့ဆုံပွဲမှာတော့ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်တွင်းမှာဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေနဲ့စပ်လျှင်းပြီး အဖြေရှာဖို့ ဖြစ်တယ် လို့နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကိုဖီအာနန်ကနေ အခုလိုပြောပါတယ်။

"အနာဂတ်ကိုတည်ဆောက်ကြဖို့ဆိုရင် အခရာကျတဲ့ လူမှုအသိုင်းအဝိုင်း ၂ ခု အကြား ၁၀စုနှစ်တွေနဲ့ချီ မယုံကြတဲ့အဖြစ်တွေကို အတိတ်မှာထားခဲ့ပြီး နှစ်ဘက်စလုံးက တန်ဖိုးထားတဲ့ တရားမျှတမှုနဲ့ တန်းတူရေးကို ပိုက်ထွေးနိုင်ကြဖို့ နည်းလမ်းတွေရှာဖွေကြရပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ရခိုင်ပြည်သူတွေကသာ ကိုယ့်လမ်း ကိုယ်ထွင်ပြီး ရှေ့ဆက်နိုင်ကြဖို့ စီစဉ်ကြရမှာဖြစ်ပါတယ်။ ကျနော်တို့က အကူအညီပေးဖို့ ဒီကိုလာခဲ့တာပါ။ ဘယ်လို ဖြေရှင်းကြရင်ကောင်းမလဲဆိုတာတွေကို အကြံပြု အကူအညီပေးဖို့ လာခဲ့တာဖြစ်ပါတယ်။"

အနာဂတ်ကိုတည်ဆောက်ကြဖို့ဆိုရင် အခရာကျတဲ့ လူမှုအသိုင်းအဝိုင်း ၂ ခု စလုံးအနေနဲ့ နှစ်ပေါင်းများစွာ အယုံအကြည်မရှိတာတွေကို အတိတ်မှာထားခဲ့ပြီး တရားမျှတမှုနဲ့ တန်းတူရေးစတဲ့ တန်ဖိုးတွေကို အတူတကွမျှဝေ ပိုက်ထွေးနိုင်ကြဖို့ နည်းလမ်းတွေရှာဖွေကြရပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ရခိုင်ပြည်သူတွေကသာ ကိုယ့်လမ်း ကိုယ်ထွင်ပြီး လျှောက်လှမ်းနိုင်ကြဖို့ စီစဉ်ကြရမှာဖြစ်ပါတယ်။ ကျနော်တို့က အကူအညီပေးဖို့ ဒီကိုလာခဲ့တာပါ။ ဘယ်လို ဖြေရှင်းကြရင်ကောင်းမလဲဆိုတာတွေကို အကြံပြု အကူအညီပေးဖို့ လာခဲ့တာဖြစ်ပါတယ်။

ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွါးနေတဲ့ပဋိပက္ခအရေးနဲ့ပက်သက်ပြီး ဘက်မလိုက်ဘဲမျှတစွာဆောင်ရွက်သွားမယ်လို့မျှော်လင့်ကြောင်း လယ်ယာနဲ့ဆည်မြောင်းဝန်ကြီး ဦးကျော်လွင်က အခုလိုပြောပါတယ်။

“ဒီပုဂ္ဂိုလ်တွေကတော့ နိုင်ငံတကာက လူသိထင်ရှားတဲ့ လူတွေလည်းဖြစ်တယ်။ နောက်မြန်မာနိုင်ငံဘက်က ပါလာတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဒီဘက်နိုင်ငံမှာ ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် သူတို့ဟာ ဘက်မလိုက်ပဲ မျှမျှတတနဲ့ အကောင်းဆုံး တခုကိုတော့ ဆောင်ရွက်သွားလိမ့်မယ်လို့တော့ ကျနော်ထင်ပါတယ်။”

ကော်မရှင်အဖွဲ့အနေနဲ့ ဒီကနေ့မွန်းလွှဲပိုင်းလောက်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တွေနဲ့လဲတွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုအခြေအနေကိုတော့ ရခိုင်အမျိုးသားပါတီကကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကျော်လွင်က အခုလိုပြောပါတယ်။

“ဒီနေ့တွေ့ဆုံပွဲမှာ အဓိကကတော့ ဟိုဘက်ကဆို ကိုဖီအာနန်က အဓိကပြောပါတယ်။ ကျနော်တို့ဘက်ကတော့ ဦးစံကျော်လှ လွှတ်တော်ဥက္ကဌက အဓိကပြောပါတယ်။ အဲဒီလိုပြောတဲ့အချိန်မှာ ဦးစံကျော်လှက ကျနော်တို့ကူညီပါမယ် ဒါပေမယ့် ရောက်လာကြတဲ့ ပုဂ္ဂိုလ်များက ဒီရခိုင်ပြည်ရဲ့ အမှန်တကယ်အဖြစ်အပျက်ကို သိထားဖို့လိုတယ်ဆိုပြီး သူကလည်း ဒီရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အဓိက ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အဓိက ရှင်းလင်း ပြောကြားပါတယ်။ ဦးစံကျော်လှ ပြောတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ ဒီဘင်္ဂါလီတွေက ရိုးရိုးနိုင်ငံသားဖြစ်ချင်တဲ့အဆင့်လောက်တောင်မဟုတ်ပဲနဲ့ တိုင်းရင်းသားဖြစ်ချင်နေတာ။ သူတို့က မရှိတဲ့လူမျိုးတမျိုးဖြစ်တဲ့ ရိုဟင်ဂျာဆိုတာကို သူတို့ ရှေ့တန်းတင်ပြီးလုပ်နေကြတယ်။ ဒါကြောင့် ဒီ ပဋိပက္ခတွေဖြစ်နေတာဆိုတာကို ပြောပါတယ်။ ကိုဖီအာနန်တို့အဖွဲ့ကလည်း ဥက္ကဋ္ဌပြောတာကို လေးလေးစားစားနားထောင်ခဲ့ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့၂၀၁၂ခုနှစ်ဇွန်လမှာဖြစ်ပွါးခဲ့တဲ့လူမျိုးရေးအသွင်ဆောင်တဲ့ပြဿနာတွေကြောင့်အကြမ်း ဖက်တိုက်ခိုက်မှုတွေအပါအဝင် ဒေသခံတွေကနေအိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေရှိခဲ့ပါတယ်။

မတူညီတဲ့လူမှုအသိုင်းအဝိုင်းနှစ်ခုအကြားဖြစ်ပွါးနေတဲ့ပြဿနာအရေးကို နိုင်ငံတော်အစိုးရကနေ ကော်မရှင်ဖွဲ့ပြီး ညှိ နှိုင်းဆောင်ရွက်နေပေမဲ့ မပြေလည်သေးတဲ့အခြေအနေတွေကြောင့်NLDအစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်အရေး ပြဿနာစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့်အကြံပြုနည်းလမ်းတွေကိုရှာဖွေဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်လ်ဆုရှင်ကိုဖီအာနန်ဦးဆောင်တဲ့အဖွဲ့ဝင် ၉ ဦးပါ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်းခဲ့ တာပါ။

ဒီလိုနိုင်ငံခြားသားတွေပါဝင်တဲ့ကော်မရှင်ဖွဲ့စည်းမှုနဲ့ပက်သက်ပြီး ရခိုင်အမျိုးသားပါတီကနေကန့်ကွက်ခဲ့သလို ပြည်ခိုင် ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF တို့ကလည်း ကော်မရှင်ရဲ့ရပ်တည်ချက်အပေါ် စိုးရိမ်မကင်းဖြစ်ပြီး လုပ်ဆောင်ချက်တွေ အပေါ် စောင့်ကြည့် သွားမှာဖြစ်တဲ့ အကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အဖွဲ့တွေ ဒီမနက်စစ်တွေလေဆိပ်ကိုရောက်ရှိချိန်မှာ ဒေသခံတွေနဲ့ သံဃာတော် တွေ ကနေဆန္ဒပြမှုတွေလဲဖြစ်ပွါးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG