သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ ငြိမ်းချမ်းစွာအဖြေရှာဖို့ ကိုဖီအာနန်တိုက်တွန်း


ကုလသမဂ္ဂ အတွင်း ရေးမှုး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် (ဒီဇင်ဘာလ ၃ ရက်)
ကုလသမဂ္ဂ အတွင်း ရေးမှုး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် (ဒီဇင်ဘာလ ၃ ရက်)

ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပါတ်သက်ပြီး အားလုံး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ မစ္စတာ ကိုဖီအာနန်က တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာ မူစလင်တွေ အပေါ် စစ်တပ်က လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေတဲ့ မတည်ငြိမ်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ကုလသမဂ္ဂ အတွင်း ရေးမှုး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ အပါအဝင် ဒေသတွင်း အခြေအနေတွေကို ကွင်းဆင်းလေ့လာဖို့အတွက် လာရောက်တဲ့ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ အဖွဲ့ဟာ စနေနေ့ မနက်ပိုင်းမှာ မောင်တောနဲ့ ဘူးသီးတောင်ကို သွားရောက်ခဲ့ပြီး ပြည်နယ် အစိုးရ တာဝန် ရှိသူတွေ အပါအဝင် ဒေသခံ တချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုခံရပြီး လက်နက်တွေပါ လုယူတာခံရတဲ့ ကျီးကန်းပြင် နယ်ခြားစောင့်တပ်ရှိရာ နေရာကို သွားရောက်ခဲ့သလို လုယူသွားတဲ့ လက်နက်တွေထဲက တချို့ကို ပြန်လည်သိမ်းဆည်းရမိတဲ့ ဝါးပိတ်ကျေးရွာကိုပါ သွားရောက်ခဲ့ တာဖြစ်ပါတယ်။ မောင်တောမှာ ရခိုင်ဒေသခံတွေနဲ့ အစ္စလန်ဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့သလို ဘူးသီးတောင် မြို့နယ်မှာတော့ ဆေးရုံက အခြေနေတွေကို သွားရောက်ကြည့်ရှုခဲ့တာပါ။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပါတ်သက်ပြီး အားလုံး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ စစ်တွေမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကိုဖီအာနန်က တိုက်တွန်းလိုက်ပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၊ အနောက်ဆုံး အခြေနေတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ စိတ်ပူစရာ ကောင်းတာကတော့ သိသာပါတယ်။ အကြမ်းဖက်မှုတွေ မလိုအပ်ပါဘူး။ ဒါပေမယ့် ထပ်ဖြစ်နေတာက စိုးရိမ်စရာပါ။ ဒေသခံတွေ အနေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို အဖြေရှာဖို့ လိုပါတယ်။”

ဒေသတွင်း ကယ်ဆယ်ကူညီရေး အဖွဲ့တွေ ဝင်ရောက်ရေးနဲ့ ပါတ်သက်ပြီးတော့လည်း ဒီဒေသမှာ လုံခြုံရေး သေသေချာချာ ရအောင် လုပ်ဖို့လိုနေရတာ ထင်ရှားပေမယ့် လုံခြုံမှု ရှိအောင်လုပ်နေလို့ လူသားချင်းစာနာမှု အကူညီတွေ မရတာမျိုး မဖြစ်သင့်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာ တချို့အဖွဲ့တွေ ဝင်ရောက်နိုင်တာ တွေ့ရပေမယ့် လိုအပ်မှုက သိပ်ကြီးမားတာမို့ လာမယ့် ရက်အနဲငယ် အတွင်းမှာပဲ ခုထက်ပို ပြီး သွားရောက်နိုင်ကြလိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

မစ္စတာအာနန်ရဲ့ အခုခရီးစဉ်မှာ ရခိုင်ဒေသခံတစ်ချို့က ဒီကော်မရှင်ဖျက်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ မှာတော့ ကော်မရှင်ဟာ မြောက်ဦး နဲ့ မင်းပြားဘက်ကို သွားရောက်မှာဖြစ်ပြီး အဲဒီဒေသက ဒေသခံတွေနဲ့ တွေ့ဆုံမှာဖြစ် ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG