သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကျော်သူ မှတ်တမ်းရုပ်ရှင်အတွက် ဝါရှင်တန်ရောက်


နာရေးကူညီမှုအသင်းခေါင်းဆောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ
နာရေးကူညီမှုအသင်းခေါင်းဆောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ

လူမှုရေးလုပ်ငန်းတွေမှာ ပရဟိတသမားအဖြစ် တက်တက်ကြွကြွလုပ်ဆောင်လာသူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူရဲ့ဘဝ တစိတ်တဒေသအကြောင်း ရိုက်ကူးထားတဲ့ Walking a Fine Line ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ စက်တာဘာ လ ၂၉ နဲ့ ၃ဝ ရက် နှစ်ရက်ကြာ ရုံတင်ပြသမှာဖြစ်ပါတယ်။ အခမဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ ဖိလစ်ပိုင်နိုင်ငံက ချီးမြှင့်တဲ့ (၅၇) ကြိမ်မြောက် Ramon Magsaysay ဆုကို သြဂုတ်လ ၃၁ ရက်နေ့က လက်ခံ ရရှိခဲ့သလို ၂၀၁၂ ခုနှစ်တုန်းကလည်း ဝါရှင်တန်ဒီစီအခြေစိုက် NED (National Endowment for Democracy)က ချီးမြှင့်တဲ့ မြန်မာ့ဒီမိုကရေစီရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဆုကိုလည်း ဦးကျော်သူလက်ခံရရှိခဲ့ပါတယ်။ Walking a Fine Line မှတ်တမ်းရုပ်ရှင်အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

Walking a Fine Line မှတ်တမ်းရုပ်ရှင်ကို World Movement for Democracy လို့ခေါ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ကမ္ဘာ့ကွန်ယက်အဖွဲ့က စီစဉ် ပြသတာဖြစ်ပြီး ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ စက်တင်ဘာလ ၂၄ ရက်နဲ့၂၅ နေ့တွေမှာ နှစ်ရက်ကြာ ပြသခဲ့ပြီးဖြစ်သလို ဝါရှင်တန်ဒီစီမှာလဲ အင်္ဂါ ဗုဒ္ဓဟူး ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက် အခမဲ့ပြသမှာပါ။ ရုပ်ရှင်ပြပွဲအပြီးမှာ ကာယကံရှင်ဦးကျော်သူနဲ့ အမေးအဖြေကဏ္ဍတွေလည်းပါဝင်တာကြောင့် ဦးကျော်သူ ကိုယ်တိုင် ဝါရှင်တန်ဒီစီကို ရောက်နေတာပါ။ Walking a Fine Line မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်လို့ ဦးကျော်သူက VOA နဲ့ သီးသန့် တွေ့ဆုံ မေးမြန်းစဉ်မှာ ခုလို ရှင်းပြပါတယ်။

“ရုပ်ရှင်ကားကတော့ ကျနော့်ရဲ့အကြောင်းပေ့ါလေ၊ ကျနော့်ရဲ့ကိုယ်ရေးဇာတ်လမ်းလို့ ပြောလို့ရတာပေါ့။ ကျနော်မွေးကတည်းက ကျောင်းသားဘဝ ရောက်တယ်၊ ကျောင်းသားဘဝကနေပြီးတော့ မိန်းမခိုးပြေးတယ်၊ ခိုးပြေးပြီးတော့ ရုပ်ရှင်မင်းသားဖြစ်တယ်။ ရုပ်ရှင်မင်းသား တစ်ယောက်ကနေ ဘာလို့ နာရေးကူညီမှုအသင်း၊ ပရဟိတအလုပ်ကိုလုပ်တယ်ဆိုတာကို အဓိကပြချင်တာ။ အဓိက ကတော့ ပရဟိတသမားတွေကို နိုင်ငံတော်ရဲ့အစိုးရပိုင်း၊ စစ်အစိုးရပိုင်းတွေက ဘာဖြစ်လို့ ဖိနှိပ်မှုတွေလုပ်တယ်ဆိုတာကို သူတို့ပြချင်တယ်။”
၅၅ မိနစ်လောက်ကြာတဲ့ ဦးကျော်သူအကြောင်း မှတ်တမ်းရုပ်ရှင်ထဲမှာ အောင်မြင် ထင်ရှားတဲ့ ရုပ်ရှင်မင်းသားဘဝကနေ ဘာ့ကြောင့် အခုလို ပရဟိတ သမား ဖြစ်လာရသလဲ၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကာလအတွင်း ဦးကျော်သူရဲ့လုပ်ဆောင်ချက်တွေ၊ နာရေးကူညီမှုအသင်းကို ဘယ်လို စတင် လည်ပတ်ခဲ့ သလဲဆိုတဲ့ အကြောင်းတွေနဲ့ ဦးကျော်သူရဲ့မိသားစုဝင်တွေ၊ အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ နိုင်ငံရေးလောကက ထင်ရှားသူတွေရဲ့ မှတ်ချက်ပေး ပြောဆိုချက်တွေလည်း ပါဝင်ပါတယ်။

Walking a Fine Line မှတ်တမ်းရုပ်ရှင်ထဲမှာ ဦးကျော်သူရဲ့ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်ပြောတာက -

“ခင်ပွန်းကောင်းတစ်ယောက်လိုတော့ သိပ်မသတ်မှတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားရိုက်နေလို့ ပိုက်ဆံတွေ ဝင်လာတဲ့အချိန်မှာ အမက သူ့ကို စသလိုလိုနဲ့ အမြဲတမ်းပြောတယ်။ နင်က ရွှေဇီးကွက်ကလေးတွေ ယူလာပြီးတော့ - ငါ ရွှေဇီးကွက်ကလေးကို လုပ်ကျွေးမယ်ဆိုပြီးတော့ ယူခဲ့တာမဟုတ်ဘူး-လို့။ ယူလာခဲ့တယ်၊ ဘာမှ Idea မရှိဘူးပေါ့၊ ဘာလုပ်ကျွေးမလဲ၊ ဘယ်လို ဘဝတစ်ခုကို ထူထောင်မလဲဆိုတာ…..”

ဦးကျော်သူကတော့ သူအခုလို ပရဟိတသမား ဖြစ်လာရတာဟာ သူ့ဇနီးသည်ကြောင့်လို့ ဝန်ခံပြောဆိုပါတယ်။

“အဓိက-ကတော့ ကျနော့်ရဲ့အမျိုးသမီး ရွှေဇီးကွက်ကနေပြီး ကျနော့ဘဝကို ချိန်းပေးခဲ့တယ်။ ချိန်းပေးတဲ့အတွက်လည်း အခုလို အသိ၊ အတွေးအခေါ်ပိုင်း၊ စက်တင်ဘာ သံဃာ့အရေးအခင်းဆို သံဃာတော်တွေကို ဆွမ်းကပ်ရမယ့်ကိစ္စမျိုးတွေ၊ ဒါလေးတွေဖြစ်လာတယ်ဆိုတာ၊ ဒါကြောင့် ကျနော်လုပ်မိတာ။ နောက် ပရဟိတလုပ်တဲ့ဟာလည်း ကျနော့်အမျိုးသမီးရဲ့တိုက်တွန်းမှုနဲ့ ကျနော်က လုပ်ခဲ့ရတာ။ အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် စာနာတတ်တဲ့စိတ်ထားလေးတွေ ရှိတဲ့အတွက် ပရဟိတလုပ်ငန်းကို မှန်မှန်ကန်ကန်လျှောက်နိုင်တာဖြစ်ပါတယ်။”

ဦးကျော်သူနဲ့ ပတ်သက်လို့ Walking a Fine Line ရုပ်ရှင်ထဲမှာ သူ့မိဘတွေရဲ့ပြောပြချက်အပြင် ၊ ဒေါ်အောင်ဆန်းစုကြည် ကိုမင်းကိုနိုင် ဒါရိုက်တာ ကြည်စိုးထွန်း တို့ရဲ့မှတ်ချက်ပေး ပြောစကားတွေလည်း ပါဝင်တာတွေ့ရပါတယ်။ ဒီ မှတ်တမ်းရုပ်ရှင်ကို မြန်မာပြည်တွင်းမှာ လာမယ့် ၂ဝ၁၆ ခု နှစ်ဦးပိုင်းမှာ ပြသဖို့အတွက် ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

XS
SM
MD
LG