သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုး UWSA ဆက်ဆံရေးရုံးကို မြန်မာအာဏာပိုင်တို့ဝင်ရောက်စစ်ဆေး


UWSA တပ်
UWSA တပ်

UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်ရဲ့ လာရှိုး ဆက်ဆံရေးရုံးကို ဧပြီလ ၈ ရက်နေ့မှာ ဒေသခံရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ထောင်ချီတဲ့ စနက်တန်တွေအပါဝင် ကျည်ခဲယမ်းအချို့ကို သိမ်းဆည်းရမိတယ်လို့ မြန်မာသမ္မတရုံးက ပြောပါတယ်။ UWSA တပ်ဖွဲ့ဝင်တဦး ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ သေနတ်ပစ်ဖေါက်မှုနဲ့ နောက်ဆက်တွဲအဖြစ် လားရှိုးမြို့က UWSA ဆက်ဆံရေးရုံးကို ဝင်ရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းပြည်နယ်မှာ UWSA ဝတပ်ဖွဲ့ရဲ့ ဆက်ဆံရေးရုံးတွေကို တန့်ယန်းမြို့နဲ့ လာရှိုးမြို့ ၂ မြို့မှာသာဖွင့်လှစ်ခွင့်ပေးထားတာပါ။ UWSA လာရှိုး ဆက်ဆံရေးရုံးက စီးပွားရေး ဒုတာဝန်ခံ အားဟောင်က သူ့ဇနီးသည်နဲ့ စကားများရာက ဧပြီလ ၇ ရက်နေ့ညက တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်မှာ သေနပ်ပစ်ဖေါက်မှု ဖြစ်ပွားခဲ့တာပါ။ ဒီလုပ်ရပ်ကြောင့် စီးပွားရေး ဒုတာဝန်ခံ အားဟောင်ကို တောင်ကြီးရဲက ဖမ်းဆီးခဲ့ပြီး သူနဲ့အတူ M22 ကျည်ဆံ ၄၆ တောင့်နဲ့ ပစ်ပြီးသား ကျည်ခွံ ၁၀ ခု သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီနောက်မှာ အားဟောင်ကို တောင်ကြီးရဲ စခန်းက (ပ) ၃၄/၂၀၁၇ လက်နက်ဥပဒေနဲ့ စစ်ဆေးနေပါတယ်။

အဲဒီနောက် ဧပြီလ ၈ ရက်နေ့မှာတော့ UWSA လာရှိုးဆက်ဆံရေးရုံးကို လားရှိုးမြို့နယ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာမှာ ထောင်ချီတဲ့ စနက် တန်တွေအပါဝင် ကျည်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိတယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက VOA ကိုပြောပါတယ်။

“ရဲတပ်ဖွဲ့ကနေပြီးတော့ ဝရမ်းနဲ့ စအဖလည်း ပါတယ်၊ နောက်အုပ်ချုပ်ရေးမှူးတွေ နောက် တာဝန်ရှိသူတွေပါတယ်။ အိမ်ကို ဝရမ်းနဲ့ ဝင်ရှာတယ်။ အိမ်အခန်းတခန်းက တံခါးသော့ ပိတ်ထားတယ်။ သော့က ခုနပြောတဲ့ ဦးသာလျှမ်းရဲ့အခန်းလို့ပြောတယ်။ ဦးသာလျှမ်း ( UWSA လာရှိုး ဆက်ဆံရေးရုံး တာဝန်ခံ)က ဘယ်မှာလဲဆိုတော့ ပန်ဆန်းဌာနချုပ် မှာ ရောက်နေတယ်။ အဲဒါနဲ့ ဒီဟာကိုသော့ဖွင့်ခိုင်းတယ်လို့ပြောတယ်။ ဖွင့်ခိုင်းတော့ သော့မရှိဘူးဆိုတော့ တံခါးကို ရိုက်ချိုးဖျက်ဆီးတာတော့မဟုတ်ဘူး ဟိုဘက်က သောပြင်တဲ့သူကိုသွားခေါ်ပြီးတော့ သော့ဖွင့်ပြီးတော့ စစ်တဲ့အခါမှာ မြွေရေခွံအိတ်ထဲကနေပြီးတေ့ာ ၇.၆၂ ကျည် ၂၈ ထောင့်တွေ့တယ် ။ နောက်ပြီးတော့ M22 ကျည် ၁ ခုတွေ့တယ် နောက် Equipment တခုတွေ့တယ် နောက်ထင်းရှုးသေတ္တာ ၁ လုံးမှာ အစိမ်းရောင် ဒီတိုနေတာ ၁၀၀ စည်းပါ ၁၀ ဗုံးစီ စီထားတာ အဲဒီတော့ ၃ လုံးဆိုတော့ ဒီတိုနေတာ အချောင်း ၃၀၀၀ တွေ့တယ်။ နောက်အရှည် ၇၅၀ရှိတဲ့ အဖြူရောင် ယမ်းကြိုးခွေတခွေ တွေ့တယ်။”

UWSA ဝတပ်ဖွဲ့ကတော့ လာရှိုးဆက်ဆံရေးရုံးကို ဝင်ရောက်ရှာဖွေတဲ့ မြန်မာအာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့မကိုက်ညီပဲ UWSA လာရှိုးဆက်ဆံရေးရုံး တာဝန်ခံမရှိချိန်မှာ အတင်းအဓမ္မ ရိုက်ချိုးပြီး တရားမဝင် ရှာဖွေခဲ့ခြင်းဖြစ်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဧပြီ ၉ ရက်နေ့စွဲနဲ့ မြန်မာအစိုးရထံပေးပို့တဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဒီကိစ္စရှင်းရှင်းလင်းလင်း သိရအောင် UWSA ဝတပ်ဖွဲ့ ပြောခွင့်ရသူကို VOA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားမယ့်သူ မရှိခဲ့ပါဘူး။

တိုင်းရင်သားလက်နက်ကိုင် ဆက်ဆံရေးရုံးအနေနဲ့ မြို့ပေါ်မှာ လက်နက်ကိုင်ဆောင်မယ်ဆိုရင် အစိုးရတပ်ဖွဲ့ တာဝန်ရှိသူတွေကို ကြိုတင် အကြောင်းကြားဖို့ လိုတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ အပစ်ရပ်ထားတဲ့ UWSA အဖွဲ့နဲ့ ငြိမ်းချမ်းရေး မပျက်ပြားရအောင် မြန်မာအစိုးရက လောလောဆယ် UWSA တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ဒီဆက်ဆံရေးရုံးတွေမှာ ဒီလို လက်နက်ခဲယမ်းတွေထားရှိဖို့ ခွင့်ရှိသလား၊ သဘောတူညီချက်တွေကဘာလဲ၊ နောက် ဒီလိုသေနတ်နဲ့ လားရှိုးကနေ တောင်ကြီးရောက်လာတယ်၊ သေနတ်နဲ့ ဒီလိုပစ်တယ်ဆိုတဲ့အပေါ်မှာလည်း ဥပဒေကြောင်းအရ ဘယ်လိုရှိသလဲ လောလောဆယ်တော့ ကျနေ်ာတို့ ပြည်ထဲရေးရော ကာကွယ်ရေးကိုရော ပြန်ပြီးတော့ ဒါတွေကို လုပ်ထုံးလုပ်နည်းတွေ နည်းဥပဒေတွေဘယ်လို လုပ်သလဲဆိုတာ စိစစ်ခိုင်းထားတယ်။”

UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်နောက်ပိုင်း အရင်စစ်အစိုရ နဝတ လက်ထက်မှာ အပစ်ရပ် ငြိမ်းချမ်းရေးယူခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG