သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား၊ လက်ဘနွန်၊ ဆော်ဒီ တင်းမာမှုလျော့ပါးရေး ဆွေးနွေး


ဆီးရီးယားနဲ့ ဆော်ဒီ အာရေးဗီးယား နိုင်ငံခေါင်းဆောင်တွေဟာ လက်ဘနွန်နိုင်ငံမှာ ရှားရှားပါးပါး ရောက်ရှိနေပါတယ်။ ၂၀၀၅ ခုနှစ်က လက်ဘနွန် ဝန်ကြီးချုပ် Rafik Hariri လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် တင်းမာနေတဲ့ အခြေအနေကို လျှော့ချနိုင်ဖို့ ဟက်ဇ်ဘိုလာ (Hezbollah) တို့အပေါ် စွဲချက် တင်နိုင်ခြေရှိနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆီးရီးယား သမ္မတ ဘက်ရှာ အယ်လ် အဆက် (Bashar Al Assad) နဲ့ ဆော်ဒီအာရေဗီးယား ဘုရင် အက်ဘ်ဒူလာ (Abdullah) တို့ဟာ ဘေရု (Beirut) မြို့တော်မှာ လက်ဘနွန် သမ္မတ မီရှယ်လ် ဆူလေမန် (Michel Suleman) နဲ့ လာရောက် တွေ့ဆုံ ဆွေးနွေးကြတာဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ယောက်ကို လက်ဘနွန်အစိုးရ တာဝန်ရှိသူ အများအပြား လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပါတယ်။ လက်ရှိ လက်ဘနွန် ဝန်ကြီးချုပ်ရဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း Hariri လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းတွေ့ရှိမှုအပေါ် ခေါင်းဆောင် ၃ ယောက် ဆွေးနွေးကြမှာဖြစ်ပါတယ်။ လုပ်ကြံမှုဖြစ်ပြီးကတည်းက ဆီးရီးယားသမ္မတ လက်ဘနွန်ကို ပထမဆုံးအကြိမ် လာရောက်တာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံမှုနဲ့ မပတ်သက်ပါဘူးလို့ ဟက်ဇ်ဘိုလာ အဖွဲ့က ငြင်းဆန်နေပေမဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကြာင့် သူတို့ရဲ့ အဖွဲ့ဝင်တချို့ စွဲချက်တင်ခံရမှာကို စိုးရိမ်နေပါတယ်။ ဆီးရီးယားနိုင်ငံဟာ ဟက်ဇ်ဘိုလာ အဖွဲ့နဲ့ အင်မတန်နီးစပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။ လုပ်ကြံသတ်ဖြတ်မှုအတွက် ဆီးရီးယားနိုင်ငံအပေါ် နိုင်ငံအတော်များများက အပြစ်တင်ကြပေမဲ့ ဆီးရီးယား အစိုးရကတော့ လုံးဝပတ်သက်မှု မရှိဘူးလို့ ငြင်းထားတာပါ။ တကယ်လို့သာ ဟက်ဇ်ဘိုလာ ခေါင်းဆောင်တွေ စွဲချက်တင်ခံရရင် လက်ဘနွန်က ရှီးအိုက်မူစလင်တွေနဲ့ ဆူနီ မူစလင်တွေကြား ပဋိပက္ခတွေ ဖြစ်လာမဲ့အပေါ် ခေါင်းဆောင်တွေရဲ့ စိုးရိမ်မှုကို ပြောပြကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG