သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဘသအဖွဲ့ဖျက်သိမ်းဖို့ သံဃမဟာနာယကအဖွဲ့ ညွှန်ကြား


မဘသ တတိယအကြိမ်မြောက် ညီလာခံ
မဘသ တတိယအကြိမ်မြောက် ညီလာခံ

မဘသလို့ လူသိများတဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ကို ဖျက်သိမ်းဖို့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန)က ဒီကနေ့ရက်စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ မဘသအဖွဲ့ ဟာ တရားမဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တာကြောင့် ဒီနာမည်သုံးပြီး လှုပ်ရှားဆောင်ရွက်နေတာတွေကို ရပ် တန့်ဖို့ ဆုံးဖြတ်လိုက်တာပါ။ မဘသအမည် မသုံးရဘူး ဆိုပေမယ့်လည်း အမျိုးဘာသာသာသနာ စောင့် ရှောက်ရေး လုပ်ငန်းတွေကို သူ့နည်းသူ့ဟန်နဲ့ ဆက်လုပ်သွားမှာဖြစ်တယ်လို့ မဘသ အဖွဲ့ဝင် ပွင့်လင်း ဆရာတော်က မိန့်ပါတယ်။သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့် မြင့်ခိုင်က ပြောပြပေးပါမယ်။

“မဘသ” ဆိုတဲ့ အမည်သုံးပြီး တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လှုပ်ရှားဆောင်ရွက် နေတာတွေကို ရပ်တန့်ဖို့ အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ ဆိုင်းဘုတ် တွေကို ဇူလိုင်လ ၁၅ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင် ဖြုတ်သိမ်းဖို့ ဒီကနေ့ မေလ ၂၃ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီအစည်းအဝေးကနေ ဆုံးဖြတ်ညွှန် ကြားလိုက်ပါတယ်။

တကယ်လို့ မဘသ အမည်နဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီး ဌာနအနေနဲ့ ဥပဒေအရ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီညွှန်ကြားချက်နဲ့ ပတ်သက်လို့တော့ သာသနာရေးဝန်ကြီးဌာနဖက်က တစုံတရာ တုံ့ပြန်ပြောဆိုတာ မလုပ်ပါဘူး။ ၁၉၈၀ ပထမအကြိမ် သံဃဂိုဏ်းပေါင်းစုံအစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာပြည်မှာ သံဃအဖွဲ့အစည်း ၉ဖွဲ့ ပဲရှိရမှာဖြစ်တယ်လို့တော့ သာသနာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးအောင်ဆန်း ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က ၁၉၈၀ ပထမအကြိမ် သံဃဂိုဏ်းပေါင်းစုံအစည်းအဝေးထဲမှာကတည်းက သံဃအဖွဲ့အစည်း ၉ ဖွဲ့ပဲရှိရမယ်လို့ သံဃာတွေက သတ်မှတ်ပြီးသားဖြစ်ပါတယ်။ ကျနော်တို့က ၉ ဖွဲ့ပဲရှိရမယ်၊ သံဃ အဖွဲ့အစည်း ၉ ဖွဲ့ပဲရှိပါမယ်။ သံဃဂိုဏ်း ၉ ခုပဲပေါ့နော် ဒါကကျနော်တို့ဆုံးဖြတ်တာမဟုတ်ပါဘူး။ သံဃာထုက ဆုံးဖြတ်တာပါခင်ဗျ။”

ရန်ကုန်မြို့ မဂ္ဂကျောက်တိုက် ဆရာတော် ဦးဣန္ဒက ကတော့ မဟန ဆရာတော်ကြီးတွေရဲ့ အညင်သာ ဆုံး ကိုင်တွယ်ဖြေရှင်းမှုဖြစ်တယ်လို့ ချီးကျူးမှတ်ချက်ပေးခဲ့ပြီး မဘသ အဖွဲ့ဟာ တကယ်ကို ဖျက်သိမ်း သင့်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ မိန့်ပါတယ်။

“အာဏာပိုင်အဖွဲ့အစည်းတွေက တကယ်လို့ အလွန်အကျွံဖြစ်လာရင် ဘုန်းကြီးတွေကို နှိမ်နင်းရတော့မှာလေ။ နှိမ်နင်းလာရင် အကုန်လုံး အရောရော အနှောနှောပါလာနိုင်တဲ့ အတွက်ကြောင့် အခုလိုမျိုးညွှန်ကြားလွှာ ကိုထုတ်ပေးတာပေ့ါနော်။ အခုလိုညွန်ကြားလွှာထုတ်တဲ့အချိန်ကစပြီးတော့ သူတို့ဆိုင်းဘုတ်တွေကအစ သိမ်းခိုင်းမယ်ဆိုတာက ပြောရမယ်ဆိုရင် ကိုယ့်ဒုက္ခကိုရှောင်နိုင်အောင် သူတို့ကို ကြိုတင်ပြီးတော့ အသိပေးတာပေါ့နော် ။ ဒါကိုမှ သူတို့ဆက်လှုပ်ရှားတယ်ဆိုရင် ဆက်လှုပ်ရှားတဲ့ဘုန်းကြီးတွေကို အာဏာပိုင်အဖွဲ့အစည်းကနေပြီးတော့ အရေးယူရတော့မှာပဲ အလွန်အကျွံဖြစ်လာရင်တော့ ။ ကောင်းပါတယ် အခုလိုညင်ညင်သာသာ ထုတ်ပြန်ထားပေးတာကလေ။”

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာဆောင်ရွက်ပါမယ်ဆိုတဲ့ ဝန်ခံကတိကို ဒီကနေ့မှာ မဘသ ဥက္ကဌ အင်းစိန်ရွာမ ဆရာတော် ဦးတိလောဘိဝံသ ကိုယ်တိုင် လက် မှတ်ရေးထိုးခဲ့တာပါ။ အခု မေလ ၂၇ရက်နဲ့ ၂၈ရက်နေ့တွေမှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ မဘသ အဖွဲ့ ၄နှစ်ပြည့် ညီလာခံကို ကျင်းပဖို့ မရှိတော့ဘဲ အဲ့ဒီနေ့တွေမှာ မဟနရဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်လို့ တိုင်းနဲ့ ပြည်နယ်အသီးသီးက မဘသအဖွဲ့ဝင်တွေကို အသိပေးရှင်းလင်းသွားမယ်လို့ မဘသ (ဗဟို)က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်လို့ အင်မတန် စိတ်မကောင်း ဖြစ်ရ သလို ဒါဟာ မဖြစ်သင့်ဘူးလို့ ရန်ကုန်တိုင်း မဘသအဖွဲ့ အတွင်းရေးမှူး ပွင့်လင်းဆရာတော် ဦးပညိန္ဒက မိန့်ပါတယ်။

“ကောင်းတဲ့ခေါင်းစဉ်လေးအောက်မှာလုပ်ရတာ အင်မတန်မှ အရသာရှိတယ်လေ။ ကိုယ့်လူမျိုးဘာသာ သာသနာကို ကာကွယ်တာကိုလေ။ ဒါကို နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တွေအနေနဲ့ အခုအချက် ၄ ချက်နဲ့ ထုတ်ပြန် လိုက်တာကိုလည်း အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုလည်းမဖြစ်သင့်ဘူးလို့လည်း ယူဆပါတယ်။”

မဘသ အမည်သုံးခွင့်မရှိရင်တောင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းတွေကို သူ့ နည်း သူ့ဟန်နဲ့ ဆက်လုပ်သွားမယ်လို့ ပွင့်လင်းဆရာတော်က မိန့်ပါတယ်။

“ရှေ့လျှောက်အလားလာတွေကတော့ ဆရာတော်ကြီးတို့က မနှစ်သက်လို့ ဒီလိုဖြစ်လိုက်ပြီပေါ့လေ ။ ဘုန်းဘုန်းတို့ကတော့ ဘာပဲဖြစ်ဖြစ် နာမည်တွေခေါင်းစဉ်တွေကတော့ အဓိကမကျပါဘူး။ ဘုန်းဘုန်းတို့လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကတော့ ဆက်ပြီးတော့လုပ်သွားမှာပဲလေ။ ဒီနာမည်မှမဟုတ်ပါဘူး ကိုယ်လုပ်တဲ့အလုပ်တွေက အများကြီးရှိတယ်။ ကိုယ့်လူမျိုးဘာသာ၊ သာသနာအတွက် ၊ ကိုယ့်တိုင်းပြည်အတွက်ဆိုရင် ကျရာနေရာတာဝန်ကနေပြီးတော့ ကြိုးစားအားထုတ်သွားမှာပဲလေနော်။”

မဘသအဖွဲ့ဟာ ၂၀၁၄ခုနှစ် ဇန်နဝါရီအတွင်းမှာ ပထမဆုံးအကြိမ် ညီလာခံခေါ်ယူ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီအဖွဲ့မှာ ရဟန်းသံဃာတွေရော၊ လူပုဂ္ဂိုလ်တွေပါ ပါဝင်တာဖြစ်ပါတယ်။ အမျိုးသာသာ သာသနာ ကာ ကွယ်စောင့်ရှောက်ရေးဆိုပြီး အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ဦးစီး ဦးဆောင်ပြုခဲ့ပြီး မဘသအဖွဲ့ထဲက ဦးဆောင်သူတချို့ဟာ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင် လှုံ့ဆော်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။ မဘသအဖွဲ့ကတော့ ဒါဟာ ပုဂ္ဂိုလ် တဦးတယောက်ချင်းရဲ့ လုပ်ဆောင်မှုသာဖြစ်ပြီး၊ မဘသနဲ့ မသက်ဆိုင်ဘူးလို့ ဖြေရှင်းချက် ထုတ်ခဲ့ဖူးပါတယ်။ လက်ရှိ NLD အစိုးရ တက်လာပြီးတဲ့နောက် မဘသအဖွဲ့နဲ့ အာဏာပိုင်တွေကြား တင်းမာမှုတွေ ပိုကြီးလာခဲ့သလို၊ လူမျိုးရေး၊ ဘာသာရေး အသွင် ဆောင်တဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေလည်း ခပ်စိပ်စိပ်ဖြစ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG