သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်းအစိုးရဟောင်းရဲ့ ကျပ်သန်း ၇ ထောင်ကျော် ကိစ္စ ခုံရုံးဖွဲ့ စစ်ဆေး


မကွေးတိုင်းဒေသကြီးလွှတ်တော် (MOI)
မကွေးတိုင်းဒေသကြီးလွှတ်တော် (MOI)

မကွေးတိုင်းဒေသကြီး ဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ မကွေးတိုင်းအတွင်းက ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေ ထံကနေ ကောက်ယူထားတဲ့ ကျပ်ငွေ သန်း ၇ ထောင်ကျော် ပျောက်ဆုံးခဲ့တဲ့အပေါ်မှာ အထူး စုံစမ်းစစ်ဆေးရေးကနေ ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ မခင်ဖြူထွေးက စုံစမ်းမေးမြန်းထားပါတယ်။

အရင်ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ အစိုးရလက်ထက်က ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေထံက ကောက်ယူထားတဲ့ ပါမစ်ခွန်တွေကို အစိုးရသစ်လက်ထက်မှာ လွဲှပြောင်းခဲ့ခြင်းမရှိတဲ့အပေါ်မှာ စပြီး ဒီပြဿနာဖြစ်လာတာပါ။ တိုင်းအစိုးရဘားဂျက် ကျပ်သန်းနှစ်ထောင်ရှစ်ရာ ပျောက်ဆုံးနေတာကို စစ်ဆေးရာကနေ ကျပ်ငွေ သန်းခုနှစ်ထောင်ကျော်အထိ ပျောက်ဆုံးနေတယ်လို့ ကနဦးစုံစမ်းမှုတွေမှာ တွေ့ရပါတယ်။ ဒီအတွက် ပြည်ထောင်စုအဆင့်စုံစမ်းမှုအဖြစ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စသုံးလုံး ကနေ ကိုင်တွယ်စစ်ဆေးနေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝင်း ဦးတင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒါက သူတို့ စုံစမ်းစစ်ဆေးနေဆဲပဲ။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ခုနပြောတဲ့ သက်ဆိုင် ဝန်ကြီးချုပ်က ပြောလို့ဆိုပြီးတော့မှ ကျနော်တို့ သမ္မတရုံးကနေပြီးတော့မှ စုံစမ်းစစ်ဆေးခိုင်းလို့ သူတို့ အထူး စုံစမ်းစစ်ဆေးရေးနဲ့ စုံစမ်းစစ်ဆေးဆဲဖြစ်တယ်။ ကျနေ်ာတို့ဆီကတော့ စုံစမ်းစစ်ဆေးပြီးရင် သမ္မတရုံးပဲ တင်ပေးလိုက်မှာပဲ။ အဲဒီအပေါ်မှာတော့ ဘာအရေးယူပါ၊ ညာအရေးယူပါဆိုပြီးတော့ ကျနော်လည်း မကြားသေးဘူး။ သူတို့က စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေထံကနေ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ထောင်နဲ့ချီကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲခဲ့ခြင်းမရှိတဲ့ အပေါ်မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြည်သူ့လွှတ်တော်မှာ စတင် မေးမြန်းခဲ့ရာကနေ ဒီကိစ္စ စုံစမ်းစစ်ဆေးမှုတွေ ဖြစ်လာခဲ့တာပါ။ ဒီအခြေအနေနဲ့ပတ်သက်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းထွန်းက အခုလိုပြောပါတယ်။

“ ကျနော်တို့က ပထမစပြီးတော့ လွှတ်တော်ထဲမှာ ဒီမေးခွန်း မေးမြန်းရတာကတော့ ကျနော်တို့ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက်ဆိုပြီးတော့ ရေနံ လက်ယက်တွင်းကနေ ထွက်ရှိတဲ့ ရေနံ တွေသုံးတဲ့နေရာမှာ အခကြေးငွေတွေ ကောက်ခံခဲ့တယ်လို့ ဖွံ့ဖြိုးရေးအတွက်သုံးစွဲဖို့ ဆိုပြီးတော့တရားဝင်ကောက်ခံခဲ့တယ်ပေါ့နော်။ အဲဒီလိုကောက်ခံပြီးတဲ့ငွေတွေက မကွေးတိုင်းအတွင်းမှာ ဘာ ဖွံ့ဖြိုးရေးမှ ဘာမှမလုပ်ခဲ့လို့ ကျနော်တို့ ကြားသိတဲ့အခါကျတော့ သက်ဆိုင်ရာဒေသကနေ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊သက်ဆိုင်ရာဒေသက လက်ယက်တွင်း လုပ်ငန်းရှင်တွေကို မေးမြန်းကြည့်တော့ အမှန်တကယ်ပေးရပါတယ်။ ဟုတ်တယ်ဆိုတော့ ကျနော်က ထပ်ပြီးတော့ တက်လာတဲ့ အစိုးရသစ်ကိုလည်း ကျနော်တို့က မေးကြည့်ပါတယ်။ မေးကြည့်တော့ အစိုးရသစ်က ဝန်ကြီးများအဖွဲ့တွေ ဝန်ကြီးချုပ်တွေကလည်း ဟုတ်တယ်၊ ဒါတွေက ကြားသိရတယ်၊ ဒါပေမယ့် မမေးခဲ့ဘူး အဲဒီတော့ လွှဲပြောင်းတာတွေလည်းမရှိဘူးဆိုတော့ ကျနေ်ာတို့လွှတ်တော်အတွင်းမှာ တင်ပြခြင်းဖြစ်ပါတယ်။ တချို့ကတော့ အခွန် ဒသမ ၄၅၉ ရပါတယ် ၊ အခွန် ဒသမ ၄၅၉ ကျော်ကျော် ဘီလီယံတွေရပြီးတော့ မကွေးတိုင်း ဖွံ့ဖြိုးရေးအတွက် ၄.၁၈ ဘီလီယံကျော် သုံးစွဲထားတယ်လို့လည်း တရားဝင်ထွက်ဆိုထားပါတယ်။ နောက်တခါ ငွေရေးကြေးရေး ချေးငွေတွေ မှာလည်း ၁.၅၇၅ ချေးထားတာကိုလည်း သိရပါတယ်။ အဲဒီမှာတင်မကဘူး သူတို့ရဲ့ USDP အတွင်းမှာ ၁.၇ ဘီလီယံကျော်သုံးစွဲထား တယ်ဆိုပြီးတော့လည်း ဖြေကြားထားပါတယ်။ အဲဒါကတော့ ပြည်ထဲရေးကနေပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မတီ ကနေမှ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို စာနဲ့ပေးထားတဲ့ အကြောင်းအရာတခုပါခင်ဗျ။”

အရင် ကြံခိုင်ရေးအစိုးရလက်ထက် မကွေးတိုင်းဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့သူ ဦးဘုန်းမော်ရွှွေဟာ သဘောထားတင်းမာသူတဦးအဖြစ် နယ်မြေအတွင်းမှာ ကျော်ကြားခဲ့တာပါ။ စစ်အစိုးရလက်ထက်မှာတော့ မကွေးတိုင်းအေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးကောင်စီအဖြစ် ဆောင်ရွက်ခဲ့သူပါ။ ဦးသိန်းစိန်သမတအဖြစ်ဆောင်ရွက်တဲ့ အရပ်သားအစိုးရတက်လာတဲ့အချိန်မှာ မကွေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး၊ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားသူတဦးအဖြစ် ဒီမိုကရေစီအတိုက်အခံအင်အားစုတွေအကြား သိမြင်ထားကြပါတယ်။ အန်အယ်ဒီဦးဆောင်တဲ့ အစိုးရတက်ပြီး အစိုးရအပြောင်းအလွဲှလုပ်ချိန်မှာ တိုင်းအစိုးရသစ်ထံကို ငွေစာရင်းတွေကို စံနစ်တကျ ကိုယ်တိုင်လွဲှပြောင်းခြင်းမရှိခဲ့ဘူးလို့လည်း လွှတ်တော်အမတ်တဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG