သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်းအစိုးရဟောင်းငွေကြေးအရှုပ်အရှင်း မိမိတို့မပတ်သက်ကြောင်း ကြံခိုင်ရေးငြင်း


magway division Hluttaw (MOI)
magway division Hluttaw (MOI)

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ အစိုးရလက်ထက် မကွေးတိုင်းထဲက ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေဆီကနေ ဒေသဖွံ့ဖြိုးရေးအတွက် ကောက်ယူထားခဲ့တဲ့ ကျပ်ငွေ သန်း ၇ ထောင်ကျော် ပျောက်ဆုံးမှုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူးလို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ ဦးဘုန်းမော်ရွှေ ဦးဆောင်တဲ့ မကွေး တိုင်း အစိုးရဟောင်းအနေနဲ့ ရန်ပုံငွေ ကျပ်သန်း ၇ ထောင်ကျော်ထဲကနေ ကျပ်သန်း ၁၇၀၀ ကျော်ကို ပြည်ခိုင်ဖြိုးပါတီအတွက် သုံးစွဲခဲ့တာ စစ်ဆေးတွေ့ရှိတယ်လို့ လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ပြောဆိုထားတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက် ဖွံ့ဖြိုးရေးရန်ပုံငွေတွေထဲ ကျပ် သန်း ၁၀၀၀ ကျော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအတွက် သုံးစွဲခဲ့တယ်ဆိုတာ လုံးဝမဟုတ်ဘဲ ဒီကိစ္စမှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူးလို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဗွီအိုအေ ကိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့နဲ့ ဘာမှ မပတ်သက်ဘူး ။ လုံးဝမသက်ဆိုင်ဘူးလို့ ပြတ်ပြတ်သားသားပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာက ကျနော်တို့ သတင်းတွေထွက်လာမှ ပါတီအနေနဲ့ သိရတာလေ။ ကျနေ်ာတို့ ဌာနချုပ်အနေနဲ့က ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဦးဘုန်းမော်ရွှေက ငွေသွင်းသွားပါတယ်။ ဘယ်လောက် ပေးသွားပါတယ်ဆိုတာက ကျနော်တို့ ပါတီမှာ စာရင်းဇယားလည်း လုံးဝမရှိဘူး ။ ကျနော်တို့လည်း မသိခဲ့ဘူး အခုသတင်းတွေ မီဒီယာတွေမှာ ပါမှ ကျနော်တို့ သိရတယ် ကျနော်တို့ လုံးဝမသိတဲ့ကိစ္စ ၊ ကျနော်တို့ကို ဒီလိုစွပ်စွဲတာမျိုးကို လုံးစလက်မခံဘူး ငြင်းပယ်တယ်။ တကယ်လို့ ပြည်ခိုင်ဖြိုးပါတီအတွက်သုံးတယ်ဆိုရင်၊ အဲဒီ တိုင်းဝန်ကြီးချုပ်လုပ်ခဲ့တဲ့ သူက တိုင်းတာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်က ပြည်ခိုင်ဖြိုးပါတီအတွက် ဘာတွေလုပ်ခဲ့သလဲ ဥပဒေနဲ့ ညီမညီဆိုတာကိုလည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့သူကို စစ်ဆေးဖို့လိုတယ်လေ။ သေချာတာကတော့ ပါတီ ဌာနချုပ်နဲ့ လုံးဝမပတ်သက်ဘူး ပြည်ခိုင်ဖြိုးပါတီအတွက် ငွေ receipt လည်း မပေးခဲ့ဘူး။”

ပြီးခဲ့တဲ့ အစိုးရလက်ထက် ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက ကောက်ယူထားတဲ့ ပြည်သူ့ ဘဏ္ဍာငွေ ကျပ်သန်းထောင်ချီကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲခဲ့တာမရှိတဲ့အပေါ် ပြန်လည်စိစစ်ဖို့ ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်အမတ်က လွှတ်တော်မှာ မေးမြန်းခဲ့ရာကနေ အခုလို စုံစမ်းစစ်ဆေးမှုတွေ ပေါ်ပေါက်လာတာပါ။

တိုင်းအစိုးရဘက်ဂျက် ကျပ်သန်း နှစ်ထောင့်ရှစ်ရာ ပျောက်ဆုံးနေတာကို အခုနှစ် ဇန်နဝါရီလက စတင်ပြီး ပြည်ထောင်စု အဆင့် စုံစမ်းမှုအနေနဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စသုံးလုံးကနေ စစ်ဆေးခဲ့ချိန်မှာ ကျပ်သန်း ခုနှစ်ထောင်ကျော်အထိ ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလဲ ဖြစ်ပါတယ်။

စသုံးလုံးရဲ့ အစီရင်ခံစာထဲမှာတော့ ဦးဘုန်းမော်ရွှေဦးဆောင်တဲ့ ပြီးခဲ့တဲ့ မကွေးတိုင်း အစိုးရဟောင်းဟာ ရန်ပုံငွေ ကျပ်သန်း ၇ထောင်ကျော်ထဲက ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၄ထောင်ကျော်၊ ရွှေသုခ အသေးစား ချေးငွေလုပ်ငန်းအတွက် သန်း၁ထောင်ကျော်၊ ပြည်ခိုင်ဖြိုးပါတီ အတွက် ကျပ် သန်း ၁၇၀၀ အသီးသီး သုံးစွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စအပေါ် မကွေးတိုင်း ဒေသကြီး အစိုးရသစ်အနေနဲ့ ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက် ပေးဖို့လိုပြီး မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေဟာ အမှန်တကယ် ဥပဒေ ချိုးဖောက်ခဲ့ရင် အရေး ယူခံရမှာဖြစ်သလို အဂတိတရားလိုက်စားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ရင် ပြည်ခိုင်ဖြိုးပါတီရဲ့ စည်းမျဉ်းအရ အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

“ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ဖြစ် ၊ NLD ပါတီဝင်ဖြစ်ဖြစ် နိုင်ငံသားတိုင်းဟာ ဥပဒေနဲ့ မညီညွတ်ဘူး၊ ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ကိစ္စပေါ်လာရင် အရေးယူရမှာပဲ ဖြစ်ပါတယ်။ ဦးဘုန်းမော်ရွှေဟာ သူတာဝန်ထမ်းဆောင်တဲ့အချိန်မှာ အဂတိတရားလိုက်စားခဲ့တယ်လို့ ၊ ဒါမှမဟုတ် အလွဲသုံးစားလုပ်တယ်လို့ စစ်ဆေးပေါ်ပေါက်လို့ ဥပဒေအရ အရေးယူခံရရင်လည်း ပါတီက အရေးယူမှုတွေရှိမှာပါ။ ဦးဘုန်းမော်ရွှေမှ မဟုတ် ကျနော်တို့ပါတီက ဘယ်သူပဲဖြစ်ဖြစ် ဥပဒေနဲ့ မညီဘူး အလွဲသုံးစားမှုပုံစံမျိုး လုပ်တယ်ဆိုရင် ကျနော်တို့ မည်သူကိုမဆို အရေးယူသွားမှာပါ။”

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးဘုန်းမော်ရွှေဟာ သဘောထားတင်းမာသူဖြစ်တယ်လို့ သတ်မှတ်ခံခဲ့ရသူတဦးဖြစ်ပြီး စစ်အစိုးရလက်ထက်တုန်းက မကွေးတိုင်းအေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီမှာ ပါဝင်ခဲ့သူပါ။ သူဟာ မကွေးတိုင်းဝန်ကြီးချုပ်ဖြစ်ချိန်တုန်းကပြည်ခိုင်ဖြိုးပါတီရဲ့ မကွေးတိုင်းဒေသကြီး ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူလဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG