သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး KTV မီးလောင်မှု လူ ၁၆ ဦးသေဆုံး


မကွေး KTV မီးလောင်အပြီး
မကွေး KTV မီးလောင်အပြီး

မကွေးမြို့ပေါ်က ကာရာအိုအေက သီချင်းဆိုခန်းတခုမှာ တနင်္ဂနွေညက ၁၀ နာရီကျော်ကနေ နာရီဝက်ကျော်ကြာအောင် မီးလောင်ကျွမ်းတာကြောင့် စုစုပေါင်း လူ ၁၆ ယောက် သေဆုံးသွား ပါတယ်။ ဘာ့ကြောင့် အခုလောက် သေဆုံးသူအရေအတွက် များသွားတာလဲဆိုတာကို မကွေး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ဗွီအိုအေကို အခုလိုရှင်းပြ ပါတယ်။

“KTV ဆိုင်သဘောအရ အတွင်းခန်းထဲမှာ သီချင်းသံတွေလည်း ဆူညံနေမယ် အတွင်းဘက်ကအသံလည်း အပြင်မထွက်အောင်လုပ်ထားတယ်၊ အပြင်ကအသံလည်း အတွင်းကို မရောက်ဘူးခင်ဗျ။ အပြင်ဘက်မှ မီးလောင်နေတာကိုလည်း အတွင်းဘက်ကလူက မသိနိုင်ပါဘူးခင်ဗျ။သူတို့သိတဲ့ အချိန်မှာလည်း KTV အခန်းတွေက အသံကိုထိန်းချုပ်ထားတဲ့စနစ်တွေပေါ့နော် မီးလောင်လို့ရှိရင် ထွက်တဲ့အငွေ့ကလည်း လူကိုမူးစေတဲ့သဘောပေါ့။ သူတို့က အပေါ်ထပ်မှာဖြစ်တာပါ အောက်ထပ်ကိုဆင်းဖို့ ကလည်း လှေကားတခုပဲရှိပြီးတော့ အဲဒီလှေကားကိုလည်း အချိန်မီသူတို့ မထွက်နိုင်တဲ့အခြေအနေဖြစ်တာကြောင့် အဲဒီထဲမှာပဲ မီးခိုးမွန်းတဲ့ ဒဏ် suffocation ဖြစ်ပြီးတော့ သေဆုံးသွားတာပါ။”

သေဆုံးသူ ၁၆ ဦးမှာ ၁၅ ဦးက အခင်းဖြစ်နေရာမှာတင် သေဆုံးတာဖြစ်ပြီး တဦးကတော့ ဆေးရုံမှာသေဆုံးတာပါ။ သေဆုံးသူ ၁၅ ဦးမှာ အမျိုးသမီးက ၅ ဦး၊ အမျိုးသားက ၁၁ ဦးဖြစ်ပြီး အမျိုးသမီးတွေအားလုံးဟာ သီချင်းဆိုခန်းကဖြစ်တယ်လို့ မီးသတ်ဦးစီးမှူးက ပြောပါတယ်။ မီးလောင်ချိန်က သီချင်းဆိုခန်းအပေါ်ထပ်မှာ အခုသေဆုံးသူတွေအပြင် အန္တရာယ်မဖြစ်ဘဲ လွတ်သွားတဲ့ ဆိုင်က စားပွဲထိုးတယောက်ပဲ ရှိနေတယ်လို့လဲ ပြောပါတယ်။

ဆိုင်မှာရှိတဲ့ အိမ်သုံးမီတာကနေ တခြားလျှပ်စစ်ပစ္စည်းတွေကို အလွန်အကျွံ ပိုသုံးတာကြောင့် ဝန်မခံနိုင်တဲ့အတွက် လျှပ်စစ်ကြိုးတွေအပူလွန် လောင်ကျွမ်းပြီး အဲဒီကနေ့တဆင့် အသံထိန်း ရေမြုပ်တွေကို မီးကူးတာကြောင့် အချိန်တိုအတွင်း အမြန်ဆုံးလောင်ပြီး အခုလို အသက်ဆုံးပါး ကြရတာလို့လဲ ဦးအောင်ဝင်းစိန်က ပြောပါတယ်။

ဆိုင်ပိုင်ရှင်ကို ဖမ်းထားတယ်လို့ အခင်းဖြစ်ရပ်နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ဗွီအိုအေကိုပြောပေမဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့ အတည်ပြုချက်ကိုတော့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG