သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးမတိုးတဲ့ မြန်မာ ငှက်ဖျား အန္တရာယ်


ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်း ကျန်းမာရေး ဝန်ထမ်းမှ ဒေသခံများတွင် ငှက်ဖျားပိုး ရှိမရှိ သွေးဖောက် စစ်ဆေး (နိုဝင်ဘာ ၂၈၊ ၂၀၁၄)
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်း ကျန်းမာရေး ဝန်ထမ်းမှ ဒေသခံများတွင် ငှက်ဖျားပိုး ရှိမရှိ သွေးဖောက် စစ်ဆေး (နိုဝင်ဘာ ၂၈၊ ၂၀၁၄)

ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှာ သိသိသာသာ တိုးတက်မှုတွေရှိခဲ့ပေမဲ့ - ဒီထက်မက လုပ်ဖို့တော့ လိုအပ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောဆိုလိုက် ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဆေးမတိုးတော့တဲ့ ငှက်ဖျားရောဂါပိုး ကို တွေ့ရှိထားပြီး - ဒီရောဂါပိုးဟာ အာရှနိုင်ငံ တွေကနေတဆင့် ကမ္ဘာတဝှမ်းကို ပျံ့နှံ့ခဲ့ရင် သန်းပေါင်းများစွာသော အသက်တွေ ဆုံးရှုံးရနိုင်တယ်လို့ လည်း ဆေးပညာရှင်တွေက ထောက်ပြနေကြ တာပါ။ ဒါကြောင့် ငှက်ဖျားရောဂါ ကာကွယ်ရေး၊ ရောဂါရှာဖွေ ကုသရေးတွေမှာ ကွာဟချက်တွေ မရှိစေဖို့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ကြဖို့အတွက်ကိုလည်း - ဧပြီလ ၂၅ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ငှက်ဖျားရောဂါ ပပျောက်ရေးနေ့ မတိုင်မီမှာပဲ ကုလသမဂ္ဂ က တိုက်တွန်း ထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် လီဇာ ရှလိုင်း (Lisa Schlein) နဲ့ ကာရိုး ပီယာစန် (Carol Pearson) က သတင်းပေးပို့ထားပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အကြီးအကျယ် တိုးတက်မှုတွေ ရှိခဲ့တယ်လို့ WHO က ပြောပါတယ်။ WHO ရဲ့ ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ်မှာ မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ရစ်ချက် ဆာဘောစကီး (Richard Cibulski) ကတော့ - ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက ရန်ပုံငွေ ၁၀ ဆလောက် တိုးလာတဲ့အတွက် - ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှာ ကြီးမားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တာလို့ ပြောပါတယ်။ ပိုးသတ်ဆေးဖြန်းထားတဲ့ ခြင်ထောင်တွေကို လူတွေပိုအသုံးပြုလာနိုင်တာ၊ ရောဂါရှာဖွေ စမ်းသပ်စစ်ဆေး မှုတွေနဲ့ လိုအပ်တဲ့ ကုသမှုတွေကိုလည်း ရရှိလာကြတယ်လို့ သူက ပြောပါတယ်။

“ရလဒ်အနေနဲ့က - ကမ္ဘာတဝှမ်းမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး၊ ငှက်ဖျားကြောင့် သေဆုံးမှုနှုန်းဟာ ဆိုရင်လည်း ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၃ ခုနှစ်ကြားမှာ ၄၀ ရာခိုင်နှုန်းအထိကို ကျဆင်းသွားခဲ့ပါတယ်။ ငှက်ဖျားရောဂါ ကူးစက်ပျံ့နှံ့တဲ့ နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်တုန်းက - ငှက်ဖျားရောဂါ ဖြစ်ပွားမှုကြောင့် ကုသမှုခံယူဖို့ လိုအပ်တဲ့သူ ၁၃ ယောက်ကနေ တယောက်မှ မကျန်တဲ့အထိ လျှော့ချနိုင်ခဲ့ ပါတယ်။ နှစ်စဉ် ငှက်ဖျားရောဂါ ကူးစက်မူနှုန်းဟာလည်း ၁၀ ယောက်မှာ ၄ ယောက်လောက်ပဲ ကျန်တော့တယ်လို့လည်း သိရပါတယ်။”

ဒီလိုတိုးတက်မှုတွေ ရှိလာပေမဲ့လို့လည်း မကြာသေးခင်က စလို့ မြန်မာနိုင်ငံ အပါအဝင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တလျှောက်မှာ ဆေးမတိုးတော့တဲ့ ငှက်ဖျားပိုးကို တွေ့ရှိထားပါတယ်။ မနှစ်ကစလို့ ကမ္ဘာ့ကျန်းမာရေး ဖောင်ဒေးရှင်း အဖွဲ့ကြီးတခုဖြစ်တဲ့ The Wellcome Trust ကလည်း ဒီငှက်ဖျားရောဂါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ သုတေသနလုပ်ဖို့အတွက် ရန်ပုံငွေ ထောက်ပံ့ထားပါတယ်။

အခုဆိုရင် ဆေးမတိုးတော့တဲ့ ငှက်ဖျားပိုးဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့အထိ ပျံ့နှံ့လာနေတာကြောင့် အတော်လေး စိုးရိမ်နေကြတာပါ။ တကယ်လို့ မြန်မာ နယ်စပ်ကနေ တဆင့် လူဦးရေများတဲ့ အိန္ဒိယနိုင်ငံအထိ ပျံ့နှံ့သွားခဲ့ရင် ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ အမြစ်ပြတ် ရှင်းလင်းနိုင်ဖို့အတွက် တကယ့်ကို ခြိမ်းခြောက်မှုကြီး တခုလို့ The Wellcome Trust က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖော်ပြထား ပါတယ်။ ဒါ့အပြင် အာရှကနေမှ အာဖရိက အထိ ဆေးမတိုးတော့တဲ့ ငှက်ဖျားပိုး ပျံ့နှံ့ခဲ့မယ်ဆိုရင် သန်းပေါင်း များစွာသော အသက်တွေအတွက် အန္တရာယ်ရှိတယ် လို့လည်း ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာတော့ ကမ္ဘာတဝှမ်းမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ သန်း ၂၀၀ နီးပါး ရှိခဲ့ပြီး၊ ၅ သိန်းကျော် သေဆုံးခဲ့တယ်လို့ WHO က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ငှက်ဖျားရောဂါကြောင့် သေဆုံးသူ ၉၀ ရာခိုင်နှုန်းလောက်ဟာဆိုရင်လည်း အာဖရိကတိုက်မှာ ဖြစ်ပွားခဲ့ပြီး၊ အသက် ၅ နှစ်အောက် ကလေးတွေ အများစု ဖြစ်ပါတယ်။

ကလေးငယ်တွေ သေဆုံးမှုနှုန်း မြင့်မားရတဲ့ အကြောင်းရင်းတခုကတော့ - ကိုယ်ဝန်ဆောင် အမျိုးသမီး သန်းပေါင်းများစွာဟာ- ထိရောက်တဲ့ ကာကွယ်ဆေးဝါးတွေ မရရှိနိုင်ကြတဲ့အတွက် ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်လို့ ရနိုင်ပေမဲ့လည်း ကိုယ်ဝန်ဆောင်စဉ် ငှက်ဖျားရောဂါ ကူးစက်မှုကြောင့် အမျိုးသမီး ၁ သောင်းနဲ့ မွေးကင်းစအရွယ် ကလေးငယ် ၇ သောင်းခွဲကနေ ၂ သိန်းကြားလောက်ဟာ နှစ်စဉ် သေဆုံးနေကြရတယ်လို့လ်ည်း WHO က ခန့်မှန်းထားပါတယ်။

ကလေးတော်တော်များများဟာလည်း ဆေးဝါးကုသမှု မှန်မှန်ကန်ကန် မရကြဘူးလို့လည်း WHO ကမ္ဘာ့ငှက်ဖျားရောဂါအစီအစဉ်က ဆေးပညာရှင် ပီတာ အိုလိုမေ့စ် (Peter Olumese) က ပြောပါတယ်။

“ဆေးကုမ္ပဏီတွေက ဆေးဝါးတွေ တီထွင်ထုတ်လုပ်တဲ့အခါမျိုးမှာ - သုတေသန လေ့လာမှု အများစုဟာ အရွယ်ရောက်တဲ့သူတွေနဲ့ပဲ စမ်းသပ်လေ့ ရှိကြပါတယ်။ သုံးစွဲရမယ့် ဆေးဝါးပမာဏကိုလည်း အရွယ်ရောက်တဲ့သူတွေ အတွက်ပဲ တိုင်းတာဆုံးဖြတ်လေ့ ရှိတာမို့၊ ကလေးတွေအတွက် ဆေးပေးမယ်ဆိုရင် ကိုယ့်နည်းကိုယ်ဟန်နဲ့ တွက်ချက်ကြရပါတယ်။ ကိုယ်လုံးသေးတဲ့ အရွယ်ရောက်သူတွေကို ဆေးပေးသလိုမျိုး ကလေးတွေအတွက် ပေးနေရတာမျိုးဟာ တကယ်တော့ လုပ်လို့လည်း မရပါဘူး။”

ငှက်ဖျားရောဂါ တိုက်ဖျက်ဖို့ အခုအခါ နည်းလမ်းတွေ ရှိနေပြီးဖြစ်သလို၊ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုလည်း ရှိသလို၊ ကြိုတင်ကာကွယ်မှု တွေနဲ့ နှစ်စဉ် ထောင်သောင်းချီတဲ့ လူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ပေမဲ့၊ ကုသနိုင်တဲ့ အခွင့်အလန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရဖို့လိုတယ်လို့ လည်း WHO က ပြောပါတယ်။

ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေး WHO ရဲ့ မဟာဗျုဟာ မှာတော့ ရှေ့လာမယ့် ၂၀၃၀ ပြည့်နှစ် နောက်ဆုံး ထားပြီး ရောဂါဖြစ်ပွားမှုနှုန်း ၉၀ ရာခိုင်နှုန်း လျှော့ချဖို့ ရည်မှန်းထားတာပါ။ ဒီရည်မှန်းချက် အောင်မြင်နိုင်ဖို့ အတွက်ကတော့ တနေ့တခြား ကြီးထွားလာနေတဲ့ လူဦးရေကို အမှီလိုက်ပြီး ဒေါ်လာသန်းပေါင်း ၅ ထောင်ကနေ ၉ ထောင်အထိ နှစ်စဉ် တိုးမြှင့်သုံးစွဲသွားဖို့ လိုအပ်လိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG