သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် မြန်မာလုပ်သားများ ကူညီရေး သံရုံးဦးစီး


တနိုင်ငံလုံးအတိုင်းအတာနဲ့ မလေးရှားရောက် မြန်မာအလုပ်သမားတွေ ကြုံနေရတဲ့ အခက်အခဲ ပြဿနာတွေကို အချိန်နဲ့တပြေးညီ ကူညီဖြေရှင်းပေးရေး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာသံအမတ်ကြီး စစ်သံမှူးတို့ဦးဆောင်ပြီး မလေးရှားရောက် မြန်မာလူမှုအဖွဲ့အစည်း (၅၀) ကျော် ပူးပေါင်းပါဝင်တဲ့ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက် ပထမဆုံး မြန်မာအစိုးရ သံအရာရှိတွေနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး အလုပ်သမားရေး ဆောင်ရွက်ကြတာလည်း ဖြစ်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာသံအမတ်ကြီး၊ ဒုသံအမတ်ကြီး၊ စစ်သံမှုူးနဲ့ အတွင်းဝန်တို့ ဦးဆောင်တဲ့ မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ကို ဒီသီတင်းပတ်ထဲ ယာယီ ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့ထဲမှာ မလေးရှားနိုင်ငံရောက် မြန်မာလူမှုအဖွဲ့အစည်း ငါးဆယ်ကျော် ပူးပေါင်းပါဝင်ပြီး ကွာလာလမ်ပူ၊ ပီနန်၊ မလေးနယ်စပ် ဂျိုဟိုး ခရိုင်တွေမှာ ဇုန်ကြီးသုံးဇုန်ခွဲပြီး ကူညီဆောင်ရွက် သွားမှာဖြစ်တယ်လို့ ကွာလာလမ်ပူ တာဝန်ခံအဖြစ် ဆောင်ရွက်မယ့် ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

“နာယကအနေနဲ့ကတော့ သံအမတ်ကြီး၊ ဒုတိယ သံအမတ်ကြီးနဲ့ စစ်သံမှူးကနေပြီးတော့ ပါဝင်ပါတယ်။ သံရုံးကနေပြီးတော့ အတွင်းဝန် ဦးတင်ဝင်းအောင်နဲ့ အလုပ်သမားရေးရာ သံအရာရှိတို့ ပါဝင်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ကတော့ ကျနော်တို့ ဇုန် (၃) ဇုန် လောလောဆယ် ခွဲထားပါတယ်။ ဇုန် (၃) ဇုန်မှာဆိုရင် ကွာလာလမ်ပူဇုန်ရယ်၊ ပီနန်းဇုန်ရယ်၊ ဂျိုဟိုးဘာတူးလို့ခေါ်တဲ့ စင်ကာပူနယ်စပ်မှာရှိတဲ့ ဇုန်တဇုန်ဆိုပြီး၊ ဇုန် (၃) ဇုန်ခွဲထားပြီး ထောက်ခံမဲ ရရှိတဲ့ လူ ၃ ယောက်ကို သူတို့ ရွေးချယ်ပြီး ခေါင်းဆောင်အနေနဲ့ တင်ထားပါတယ်။ နောက်ပြီး ကွာလာလမ်ပူက ကျနော် ဦးဆောင်ပါမယ်ခင်ဗျ။ ထိုင်းနယ်စပ်ဘက်၊ ပီနန်းဘက်မှာဆိုရင် ဒါနကုသလ နာရေးကူညီမှုအသင်းက ဦးဆောင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ဂျိုဟိုးဘာထူးမြို့ဘက်၊ စင်ကာပူနယ်စပ်ဘက်မှာဆိုရင်တော့ အသောက ကျန်းမာရေး ဖောင်ဒေးရှင်းက ဦးဆောင်ပါမယ်ခင်ဗျ။”

မလေးရှားရောက် မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ကျန်းမာရေး၊ ထိခိုက်ဒဏ်ရာရတာတွေ၊ မတော်တဆ ထိခိုက်သေဆုံးမှု၊ အသတ်ခံရမှုစတဲ့ နာရေး၊ အလုပ်လုပ်ခွင့်ဆိုင်ရာ လက်မှတ် အထောက်အထား မခိုင်လုံလို့ အချုပ်၊ ထောင်နဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အချိန် ကြုံနေရတဲ့ အခက်ခဲတွေနဲ့ အမိနိုင်ငံကို ပြန်ခွင့်ရရေး စတဲ့ အခက်အခဲတွေကို မြန်မာသံရုံးရဲ့ တာဝန်ခံမှုနဲ့ ထိထိရောက်ရောက် ထဲထဲဝင်ဝင် ဖြေရှင်းနိုင်တော့မှာ ဖြစ်တယ်လို့ ပီနန်တာဝန်ခံ ဒါနကုသလမြန်မာအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမင်းထွန်းကလည်း ပြောပါတယ်။

“ဒီလို ပူးပေါင်းတဲ့အတွက်ပေ့ါနော်၊ သုံရုံးအနေနဲ့ပေါ့နော် အနောက်ကနေ Supporting (ထောက်ခံ) ပေးတဲ့အတွက် အရမ်းကို ကောင်းမွန်ပါတယ်။ ကောင်းမွန်တယ်ဆိုတာ ကျနော်တို့က အရင်တုန်းက ရဲစခန်းဝင်တာတို့၊ Immigration (လူဝင်မှုကြီးကြပ်ရေး) ရုံးတွေ ဝင်တဲ့အခါကျတော့ ကျနော်တို့ အသင်းရဲ့ ကဒ်နဲ့ပဲ ကျနော်တို့က ဝင်ရတာပေါ့။ ကျနော်တို့ I.D. နဲ့ပဲပေါ့။ သိပ်ပြီးတော့ ပါဝါက မထိရောက်ဘူးပေါ့။ ပြောရရင်တော့ လေးစားမှု သိပ်မခံရဘူးပေါ့နော်။ အခုလိုမျိုး သံရုံးအနေနဲ့ Authority (အခွင့်အဏာ) ပေးပြီးတော့ ပေးလုပ်မယ်၊ ရဲတွေနဲ့လည်း ပေးတွေ့တဲ့အခါကျတော့ သူတို့ရဲ့ ဆက်ဆံမှုအပိုင်းမှာလည်း ကျနော်တို့ကို ပြောင်းလဲသွားတယ်။ ပြောရရင်တော့ အနောက်ကနေ အင်အားတခုရှိသလိုပေါ့ ခံစားရတာပေါ့ ကျနော်တို့အနေနဲ့လည်း။ နောက်ပြီးတော့ ဝင်ရ ထွက်ရတာလည်း လွယ်ကူတယ်၊ နယ်မြေခံရဲတွေနဲ့လည်း ကျနော်တို့က အခု Contact (ဆက်သွယ်ရမယ့်သူ) တွေ၊ မနေ့က ကျနော်တို့ ကလေးတွေ တွေ့ဖို့ လိုက်လုပ်ရင်းနဲ့ တခါထဲ ကျနော့်ကို အပ်ပေးတဲ့အခါကျတော့ နယ်မြေခံရဲတွေကလည်း ကျနော်တို့ကို အသိအမှတ်ပြုတဲ့အခါကျတော့ နောက်ပိုင်းလုပ်တဲ့ Case တခုခု၊ မြန်မာပြည်သား တယောက်ယောက်၊ တခုခုဖြစ်ပြီဆိုတာနဲ့ သူတို့က ကျနော်တို့ကို စတင် အကြောင်းကြားမယ်။ အကြောင်းကြားတဲ့အချိန်မှာ ကျနော်တို့ပါ သူတို့နဲ့ ဝင်ပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်ဆ ိုတဲ့အခါကျတော့ ပိုပြီးတော့ အလုပ်သမားအရေးကို ထိထိရောက်ရောက် ကူညီနိုင်တာပေါ့။ ပိုပြီးတော့လည်း မြန်ဆန်အောင် လုပ်ဆောင်လို့ ရတာပေါ့။”

အရင်တုန်းကတော့ မြန်မာအစိုးရသံရုံးဘက်က အချိန်နဲ့တပြေးညီ ဖြေရှင်းနိုင်မှု ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ပေမဲ့လို့ အခုလိုမျိုး အစိုးရသစ်လက်ထက်မှာ သံရုံးဘက်က အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ အတူ လက်တွဲ ဆောင်ရွက်လာတဲ့အတွက် ပိုပြီးတော့မှ အဆင်ပြေ ချောမွေ့လာတယ်လို့လည်း ကွာလာလမ်ပူ တာဝန်ခံ ဦးဆန်းဝင်းက ပြောပါတယ်။

“အခု အစိုးရလက်ထက်မှာ ရုံးပိတ်ရက်တွေ ဖြစ်နေပါစေဦး သွားပြောတာနဲ့ ချက်ခြင်း သူတို့က စာတွေ ထုတ်ပေးတယ်၊ လိုက်လံကြည့်ရှုတယ်ပေါ့လေ။ အဲဒီတော့ ကျနော်တို့ ဖြစ်ပါတယ်။ အခုလို ဖွဲ့စည်းလိုက်တဲ့အခါမှာ သံအမတ်ကြီးအနေနဲ့ ဒီ မလေးရှား ရဲတို့၊ လဝကတို့၊ ဆေးရုံ ဆေးခန်းတို့ကို အချိန်မှီဝင်ရောက်ပြီး ကူညီပေးနိုင်ဖို့အတွက် စာရွက် စာတမ်းတွေကို ထုတ်ပေးထားမယ်၊ လိုအပ်တဲ့နေရာမှာဆိုရင် သူတို့နဲ့ နီးစပ်ရင် ချက်ခြင်း အချိန်ပိုင်းအတွင်းကို ရောက်အောင် လာခဲ့ပြီး သံရုံးအနေနဲ့လည်း ကူညီ ဆောင်ရွက်မယ်ဆိုတာကို ပြောထားပါတယ်။”

မလေးရှားနိုင်ငံကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက်လည်း အလုပ်သမားတွေဘက်က သူတို့ကြုံတွေ့ရင်ဆိုင်နေရတဲ့ အလုပ်သမားရေး အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ကူညီဖြေရှင်းပေး နိုင်မယ်လို့လည်း ယုံကြည် မျှော်လင့်နေကြကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အခုဆိုရင် မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ လာရောက် အလုပ်ကိုင်နေသူပေါင်းက သိန်းချီရှိနေပြီး မလေးရှားနိုင်ငံတွင်းက လူဝင်မှုထိန်းသိမ်းရေး စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာတွေက ထောင်ချီ ရှိနေတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ ထိန်းသိမ်းရေးစခန်းထဲ ဒုက္ခရောက်နေတဲ့ မြန်မာတွေ နေရပ်ရင်း အမြန်ဆုံးပြန်နိုင်ရေး မြန်မာသံရုံးနဲ့ အလှူရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးလည်း ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG