သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား မြန်မာလုပ်သား တိုက်ခိုက်ခံရမှု နှစ်နိုင်ငံပူးပေါင်း စုံစမ်းနေ


မလေးရှားဆိုင်ရာ မြန်မာသံရုံး
မလေးရှားဆိုင်ရာ မြန်မာသံရုံး

မလေးရှားမှာ မြန်မာ ၅ ဦး သေဆုံးရတဲ့အထိဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကို အမှုမှန်ပေါ်ပေါက်နိုင်ရေး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မလေးရှားနိုင်ငံဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး အပူတပြင်း စုံစမ်းဖော်ထုတ်နေတယ်လို့ မြန်မာသမ္မတရုံးပြောခွင့်ရကပြောပါတယ်။ တိုက်ခိုက်မှုမှာ အသက်ရှင်ကျန်ရစ်သူတွေကိုတော့ လောလောဆယ် ရဲစခန်းမှာ လုံခြုံရေးအရ ခေါ်ယူထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ရက်နေ့ ကြာသပတေးနေ့ညက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးက ဆာဒန်းအရပ်မှာရှိတဲ့ လျှပ်စစ်စက်ရုံမှာ ညဘက် အချိန်ပိုဆင်းပြီး ပြန်လာကြတဲ့ မြန်မာအလုပ်သမား (၁၃)ယောက်ကို အမည်မသိလူအုပ်စုက လမ်းခုလပ်မှာ စောင့်ဆိုင်းပြီး ဓားတွေနဲ့ခုတ်ခဲ့တာကြောင့် မြန်မာလေးဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး တဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ ဆာဒန်းဆေးရုံမှာ တဦး ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး မျက်မြင်သက်သေမြန်မာအလုပ်သမားအချို့ကို လုံခြုံရေးအရ ဆာဒန်းရဲစခန်းမှာ ထိန်းသိမ်းထားတာပါ။ ဖြစ်စဉ်အမှုမှန်ပေါ်ပေါက်နိုင်ရေး မြန်မာသံရုံးနဲ့ မလေးရှားရဲတွေက စုံစမ်းမေးမြန်းနေတယ်လို့ မြန်မာသံရုံး သံအရာရှိတာဝန်ရှိသူတွေနဲ့အတူလိုက်ပါပြီး မြန်မာအလုပ်သမားတွေကို ဘာသာပြန်မေးမြန်းပေးနေတဲ့ အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသီဟမောင်မောင်က ဗွီအိုအေမြန်မာပိုင်းကို နောက်ဆုံးအခြေအနေ အခုလိုရှင်းပြပါတယ်။

“ အခုဒီမှာ ကလေးတွေကို ခဏထိန်းသိမ်းထားတဲ့ခြောက်ယောက်ပေါ့နော်။ သူတို့အတွက်ကို ကျနော်တို့လာပြီးတော့ ဒီမှာ စစ်ချက်ကလေးတွေလာပေးနေတယ်ခင်ဗျ။ ကိုတင်ဝင်းအောင် ပါတယ်။ ကိုတင်ဝင်းအောင်ဆိုတာက ကျနော်တို့ ပထမ အတွင်းဝန်ပေါ့လေ။ နောက် အလုပ်သမား သံအရာရှိ ၂ ယောက်ပါတယ်။ နောက် ကျနော်ပေါ့နော်။ လေးယောက်ကတော့ ပွဲချင်းပြီးသွားတယ်ပေါ့နော်။ တယောက်က ဆေးရုံရောက်မှ ဆုံးသွားတာပေါ့။ ဆုံးသွားတယ်ဆိုတော့အခုကဖြစ်စဉ်ကို ကျနော်တို့ခု စုံစမ်းနေတယ်ပေါ့နော်။ ဘယ်သူဘယ်ဝါ ဆိုတာကတော့ အတိအကျ မသိရသေးဘူး။အခု လောလောဆယ် ကျနော်က အခု အင်တာဗျူးလုပ်နေတဲ့ ကလေး၊ ညီလေးတော့ရှိတယ်။ ကျနော့်ရှေ့မှာပဲပေါ့နော်။ သူကတော့ သူမြင်တဲ့အမြင်အရဆိုလို့ရှိရင်တော့ မုတ်ဆိတ်တွေနဲ့ဆိုတော့ သံသယရှိတယ်ပေါ့နော်။ နောက်အရပ်အမောင်းကလည်း ထောင်ထောင်မောင်းမောင်းနဲ့ပေါ့နော်။ သူ့ပြောပြချက်အရဆိုရင်တော့ လူလေးယောက်ကနေပြီးတော့ တနေရာမှာ စောင့်နေပြီးတော့ အလုပ်ကအပြန်ပေါ့နော်။ အလုပ်နဲ့ မလှမ်းမကမ်းမှာ၊ ကျနော်တို့ မီတာနဲ့တွက်မယ်ဆိုရင် မီတာ ၅၀ အကွာလောက်မှာ ခုတ်သွားတဲ့ ပုံစံမျိုးပေါ့။ ရဲကလည်း သူတို့နဲ့ပတ်သက်တဲ့ စစ်ချက်တွေကိုယူပြီးတော့ ထိန်းသိမ်းထားတယ်ဆိုတာက ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သူတို့ ကို စစ်ဆေးမေးမြန်းဖို့အတွက်ပေါ့နော်။ နောက်ပြီးတော့ သူတို့က ဖမ်းတယ်ဆိုတဲ့ဟာမှာလည်း ဘာကြောင့်ဆိုတဲ့ ပြဿနာရဲ့အဖြေကို သူတို့လောလောဆည် မသိသေးဘူးပေါ့နော်။ ပြဿနာရဲ့အဖြေကို မသိတဲ့အခါကျတော့ အကယ်၍များ သူတို့ကို လွတ်ထားလိုက်လို့ရှိရင် သူတို့လိုချင်တဲ့ ပွိုင့်တွေများမှာ စိုးတယ်တာလည်းပါတာပေါ့နော်။ ခဏပါ။ ယာယီထိန်းသိမ်းထားတာပါ။”

အခုလို မြန်မာအလုပ်သမားတွေကို အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ် နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်နိုင်ရေး မလေးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်း မြန်မာသမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကပြောပါတယ်။

“မလေးရှားမှာရှိတဲ့ မြန်မာသံအမတ်ကြီးကနေပြီးတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုဖြစ်မယ်ပေါ့နော်။ ဖြစ်စဉ်အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ အဓိကဖြစ်ရခြင်းအကြောင်းရင်းပေါ့။ အဲ့တာတွေကို သူ သိအောင်လုပ်နေပါတယ်။ သူ သိပြီးပြီဆိုရင်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်ပြီးအစီရင်ခံတင်ပါလိမ့်မယ်။ အဲတော့ ကျနော်တို့ နံပါတ်တစ် သိဖို့လိုတာက ဒီကိစ္စဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဘယ်သူတွေကလုပ်တာလဲ၊ဘယ်လို အကြောင်းနောက်ခံတွေကြောင့်ဒီလိုမျိုးလုပ်ရသလဲပေါ့။ အဲဒီအကြောင်းအရာတွေကို သီပြီဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံပြည်တွင်းအခြေအနေနဲ့ဆက်စပ်ပြီး ဖြစ်နေသလားဆိုတာကို ဆက်ပြီးတော့ ကျနော်တို့ သိနိုင်မှာဖြစ်တယ်။ ဒုတိယ နံပတ်၂ အချက်ကတော့ ဒီလတ်တလောကာလမှာတော့ မလေးရှားမှာရှိတဲ့ မြန်မာသံအမတ်ကြီးအနေနဲ့ မလေးရှားက တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းပူးပေါင်းပြီးတော့ မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့်ပေါ့နော်။ မလေးရှားမှာရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ ကျနော်တို့ ညှိုနှိုင်းဆောင်ရွက်ဖို့ပေါ့နော် ”

မလေးရှားနိုင်ငံဘက်က အခုလို မြန်မာနိုင်ငံသားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်တဲ့အချိန်နဲ့ တိုက်ဆိုင်နေသလို နောက် မလေးရှားနိုင်ငံထဲမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေ ထွက်ပေါ်နေချိန်ဖြစ်လို့ အခုတိုက်ခိုက်မှုနဲ့ဆက်စပ်မှုရှိနိုင်တယ်လို့လည်း မြန်မာအစိုးရပြောခွင့်ရဦးဇော်ဌေးက သုံးသပ်ပါတယ်။

“အဲတာကို ဆက်စပ်မှုရှိပါသလားလို့ဆိုရင် သူက ဆက်စပ်မှုရှိနေတယ်လို့ ပြောရပါလိမ့်မယ်။ ဆက်စပ်နေတဲ့ သဘောဖြစ်တဲ့အတွက် ဖြစ်တိုင်း အဲဒီဘက်မှာ သက်ရောက်မှုကတော့ အမြဲတမ်းရှိနေတယ်။ အဲတော့ ပြည်တွင်းပဋိပက္ခနဲ့ ဆက်စပ်မှု သဘောသဘာ၀ အရတော့ ဒီဘက်မှာ တခုခုဖြစ်တိုင်း အဲဒီဘက်မှာ သက်ရောက်မှုရှိတယ်ဆိုတာကိုတော့ ကျနော်တို့ အထင်အရှားတွေ့မြင်နိုင်ပါတယ်။ နောက်တချက်က အဲဒီလို လုပ်တဲ့အခါမှာ ကျနော်တို့ အနေနဲ့ အပြုသဘော ပေါင်းစပ်ညှိုနှိုင်းပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်။ အဲတာကိုလည်း မလေးရှားမှာရှိတဲ့ မြန်မာသံအမတ်ကြီးကဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြောရရင်တော့ ကျနော်တို့ အမှုမှန်ပေါ်ပေါက်ရေး ဟို အမှုမှန်ပေါ် ပေါက်တဲ့နည်းကို အဲဒီ ကျူးလွန်တဲ့သူတွေကို သူ့နိုင်ငံရဲ့နည်းဥပဒေနဲ့အညီ ကျနော်တို့ အရေးယူနိုင်ရေး ကျနော်တို့ နောင်အလားတူ ဒီလိုမျိုး မဖြစ်ပွါးစေနိုင်ဖို့အတွက် ကျနော်တို့ မြန်မာ community ၊ သံရုံး၊ နောက် မလေးရှားမှာရှိတဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေ။ အဲလိုမျိုး နားလည်းမှုရှိရှိနဲ့ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ နိုင်ငံရေးအရ နှစ်နိုင်ငံချင်းဆက်ဆံရေးမှာ အနိမ့်အမြင့်၊ အတက် အကျတော့ရှိပါတယ်။ သို့သော် ကျနော်တို့အာဆီယံမိတ်ဆွေတွေ၊ အာဆီယံရဲ့အစဉ်အလာပေါ့၊နောက် နိုင်ငံချင်း ဆက်ဆံရေး အစဉ်အလာ အရ ဒါမျိုးတွေကိုတော့ ကျနော်တို့ တဘက်နဲ့ တဘက် ညှိုနှိုင်းဆောင်ရွက်သွားရတဲ့ လုပ်ငန်းမျိုး ဖြစ်ပါတယ်။ အဲတာကိုလည်း အစိုးရအနေနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်”

မြန်မာအစိုးရဘက်ကတော့ လတ်တလောမှာ မလေးရှားရောက်မြန်မာ အလုပ်သမားတွေကိုစေလွှတ်နေတာကို ခေတ္တရပ်ဆိုင်းတာအပါအဝင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်ကလည်း မလေးရှားနိုင်ငံရောက် ြ မန်မာနိုင်ငံသားတွေနဲ့ မြန်မာအလုပ်သမားတွေကို သတိနဲ့သွားလာကြဖို့ မလိုလားအပ်တဲ့ကိစ္စရပ်တွေ မဖြစ်ပေါ်စေရေး အထူးဂရုပြု သွားလာကြဖို့ နိုးဆော်တိုက်တွန်းနေပါတယ်။ ရခိုင်ပြည်နယ် မောင်တောအရေး မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင် သံရုံးရှေ့မှာလည်း မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးရှေ့မှာလည်း မလေးရှားနိုင်ငံ သားတွေနဲ့ မလေးရှားရောက်မြန်မာ မူဆလင်တချို့ ဆန္ဒပြမှုတွေ ရှိနေတဲ့အတွက် မလေးရှားနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေရတဲ့ သိန်းချီတဲ့မြန်မာအလုပ်သမားတွေက သူတို့ လုံခြုံရေးအတွက် အထူးစိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG