သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလူဝင်မှုကြီးကြပ်ရေးအချုပ် လူတရာကျော် သေဆုံးမှုအတွင်း မြန်မာအများစုပါဝင်


မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွေမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံသား အများစု အပါအဝင် သေဆုံးသူ ၁၀၀ ကျော်အထိ ရှိခဲ့ကြောင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနက ပေးပို့တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး အမျိုးသားလူ့အခွင့်အရေးကော်မရှင် Suhakam က ပြုစုထားတဲ့ အစီရင်ခံစာကို Reuters သတင်းဌာနက လက်ခံရရှိထားပြီး၊ ဒီအထဲမှာ ရောဂါအမျိုးမျိုးနဲ့ရော၊ ဘာမှန်းမသိရတဲ့ အကြောင်းရင်းတွေကြောင့်ပါ ၂၀၁၅ ခုနှစ်ထဲ သေဆုံးသူ ၈၃ ယောက်ရှိပြီး၊ ၂၀၁၆ ဒီဇင်ဘာလမှာ အနည်းဆုံး ၃၅ ယောက် ရှိခဲ့ကြောင်း ဖော်ပြထားတာပါ။

သေဆုံးသူ ၁၁၈ ယောက် အနက် တဝက်ကျော်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွေမှာ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာ အရင်ကလည်း လူသိရှင်ကြား ထုတ်ပြန်တာမျိုး မရှိခဲ့သလို၊ အိမ်နီးချင်း ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း အလားတူ ထုတ်ပြန်လေ့ မရှိတဲ့အတွက် သေဆုံးမှုနှုန်းဟာ တခြားနိုင်ငံတွေထက်စာရင် များနေသလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ဒါပေမဲ့လည်း ဖွံ့ဖြိုးတဲ့နိုင်ငံတွေထက် စာရင်တော့ သေဆုံးသူ အရေအတွက်ဟာ မြင့်မားနေပြီး၊ အမေရိကန် ပြည်ထောင်စုမှာတော့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း လူဝင်မှုကြီးကြပ်ရေး အချုပ်မှာ သေဆုံးသူ ၁၀ ဦး ရှိကြောင်း မှတ်တမ်းတွေက ဖော်ပြကြပါတယ်။ မလေးရှား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ Jerald Joseph ကတော့ သေဆုံးမှုနှုန်းဟာ မြင့်မားနေပြီး စနစ်တခုလုံး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။

သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးသင့်ကြောင်း ထိန်းသိမ်းရေး စခန်းတချို့ကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့ဖူးတဲ့ ကော်မရှင်အဖွဲ့ဝင်က ပြောဆိုခဲ့တာပါ။ တရားဝင်ထုတ်ပြန်ချက်တွေအရ မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၈ ခုမှာ၊ ၂၀၁၆ ခုနှစ်ထဲ ထိန်းသိမ်းထားသူ ၈ သောင်း ၆ ထောင်ကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG