သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးမလေးရှားလေယာဉ် ရှာတွေ့ဖို့ အလားအလာကောင်း


အိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေနေကြတဲ့ ပျောက်ဆုံးမလေးလေယာဉ်ကနေ ထုတ်လွှတ်တဲ့ အသံလို့ ယူဆရတဲ့ အချက်ပေးမှုကို သမုဒ္ဒရာကြမ်းပြင်အောက် အတော်နက်နက်ကနေ ထပ်ပြီး ကြားနေရတာမို့ လေယာဉ်ကို မကြာခင်မှာပဲ တွေ့နိုင်တဲ့ အလားအလာ ရှိလာနေပြီလို့ ရှာဖွေရေးအဖွဲ့ အကြီးအကဲ Angus Houston က ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ အမေရိကန်ရေတပ်ရဲ့ ရှာဖွေစက် pinger locator က လေယာဉ်ရဲ့ black box က ထုတ်လွှတ်တဲ့ အချက်ပေးသံ ၂ ခုကို ကြားခဲ့ရတာမို့ လေယာဉ်ပျက်ရဲ့ အပိုင်းအစတွေ တွေ့လာနိုင်မယ်လို့ မျှော်လင့်ကြောင်း သြစတြေးလျ ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မစ္စတာ Huston ကပြောပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ အချက်ပေးသံတွေကြောင့် တွေ့နိုင်တဲ့ အလားအလာ ပိုကောင်းလာတဲ့အပြင် အခု သြစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ ရှာဖွေနေတဲ့ ကျယ်ပြောတဲ့ နယ်ပယ်ကို နိုင်နိုင်နင်းနင်း အနေအထားအထိ ခြုံ့ပြီး စနစ်တကျ ရှာဖွေနိုင်တော့မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒါဟာ မလေးရှားက ပျောက်ဆုံးနေတဲ့ MH370 လေယာဉ် ဟုတ် မဟုတ် သေချာအောင် နိုင်ငံအများအပြားက ဝိုင်းဝန်းပြီး လေယာဉ်ပျက် အပိုင်းအစတွေကို မျက်မြင်ခွဲခြားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် အချက်ပေးသံတွေ ထပ်ပြီးရဖို့ လိုအပ်နေသလို၊ သမုဒ္ဒရာကြမ်းပြင်ကို စက်ရုပ်ရေငုတ်သင်္ဘောတွေ လွှတ်ပြီးရှာဖို့ အာဏာပိုင်တွေ မစီစဉ်ခင်မှာ ရှာဖွေရမယ့်နေရာ အတိအကျ သတ်မှတ်ပေးဖို့လည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

လေယာဉ်ပျံသန်းမှု မှတ်တမ်း Black Box က အချက်ပေးသံ ထုတ်လွှတ်ပေးဖို့ သုံးတဲ့ ဘက္ထရီဟာ ရက်ပေါင်း ၃၀ လောက်အထိပဲ ခံပေမယ့် ရှိသလောက်အားနဲ့ ဆက်ထုတ်ပေးနေသေးတဲ့ ဘက္ထရီ လုံးဝ မရပ်ခင် အမြန်တွေ့နိုင်ဖို့ ဝိုင်းပြီး ကြိုးစားနေကြတာပါ။ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတဲ့ ဘိုးရင်း 777 လေယာဉ်ဟာ ပြီးခဲ့တဲ့လ မတ်လ ၈ ရက်နေ့မှာ ကွာလာလမ်ပူကနေ ဘေဂျင်းကိုအသွား လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG