သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ် လုပ်ရပ်အပေါ် အမြင်တချို့


မလေးရှားဝန်ကြီးချုပ်ဦးဆောင်ဆန္ဒပြ
မလေးရှားဝန်ကြီးချုပ်ဦးဆောင်ဆန္ဒပြ

ရခိုင်ပြည်နယ်တွင်းက လူနည်းစုမူဆလင်တွေ အဖိနှိပ်ခံနေရတယ်ဆိုပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် Najib Razak ကိုယ်တိုင် ဦးဆောင်ဆန္ဒပြခဲ့တာဟာ ဝန်ကြီးချုပ်တယောက်အနေနဲ့ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သုံးသပ်သူတွေရှိသလို၊ အာဆီယံရဲ့ ထုံးစံတွေကို ကျော်လွန်ပြီး အာဆီယံနိုင်ငံကြီးတခုက အခြားနိုင်ငံတခုရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သလို ဖြစ်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ်က မူဆလင်အရေး မြန်မာအစိုးရရဲ့ကိုင်တွယ်ပုံတွေကို မကြေနပ်ကြောင်းပြသတဲ့အနေနဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ် ရာဇတ် ဦးဆောင်ပြီး ထောင်ချီတဲ့ မလေးရှားနိုင်ငံသားတွေ ကွာလာလမ်ပူမြို့မှာ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံး သုတ်သင်ရှင်းလင်းရေး လုပ်နေတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်က စွပ်စွဲလိုက်ပြီး၊ မြန်မာရဲ့ လုပ်ရပ်ဟာ အာဆီယံအနေနဲ့ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူကပြောကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာတွေက ရေးပါတယ်။

ဒါပေမယ့် အခုလို မလေးရှားနိုင်ငံဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ဆန္ဒပြတာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားအနေနဲ့ အာဆီယံရဲ့ ဝင်ရောက် မစွက်ဖက်ရေးမူတွေကို ချိုးဖေါက်နေရာရောက်တယ်လို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်က မြန်မာ့အရေးသုံး သပ်သူ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

“ကျနော်တို့ အာဆီယံအတွင်းမှာ ဒီမိုကရေစီအရေးအတွက်ဆောင်ရွက်ခဲ့တဲ့ ကာလမှာ အာဆီယံကို ကျနော်တို့ အတော့်ကိုအားမရခဲ့ပါဘူး။ အဲဒီ ကာလတုန်းက အာဆီယံဟာ မြန်မာနိုင်ငံ က စစ်အစိုးရအပေါ်မှာ လူ့အခွင့်အရေး ဘယ်လောက်ချိုးဖောက်ချိုးဖောက်၊ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်ပဲ ဖမ်းဖမ်း နှိပ်စက် နှိပ်စက် အပြစ်ကိုမပြောဘူးခင်ဗျ။ ကျန်တာကတော့ အာဆီယံဟာ သူတို့ အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးတွေကို မပြောဘူးဆိုတဲ့ မူနဲ့ နေခဲ့တာကနေပြီးတော့ အခုမှ မလေးရှားဝင်ကြီးချုပ်က ပြောလာတာကလည်း ခေါင်းဆောင်တယောက်ရဲ့ မလုပ်သင့်တဲ့ တာဝန်မဲ့ ပြောဆိုမှုလို့ ကျနော်မြင်ပါတယ်။”

မလေးရှားနိုင်ငံမှာတော့ မလေးတိုင်းရင်းသားတွေနဲ့ တရုတ်အိန္ဒိယနွယ်ဖွား မလေးနိုင်ငံသားတွေကြား အခွင့်အရေး ရပိုင်ခွင့် သိပ်ကွာဟပြီး ခွဲခြားဆက်ဆံမှု ကြီးမားနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတာပါ။ လက်ရှိမှာ အဂတိလိုက်စားမှုနဲ့ လူထုထောက်ခံမှု ကျဆင်းတာကို ရင်ဆိုင်နေ ရတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အတွက် မူဆလင်အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံတွင်းက လူထုထောက်ခံမှုရဖို့ လိုနေချိန်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကိုယ်တိုင် ခုလို ဆန္ဒထွက်ပြရတာဟာ မလေးရှားနိုင်ငံရေး အခြေအနေနဲ့ သက်ဆိုင်လိမ့်မယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ပထမဦးဆုံးအချက်စဉ်းစားရမှာက သူ့ပြည်တွင်ရေးမှာ သူကိုယ်တိုင် အခက်အခဲများရှိသလားပေါ့။ သူ့မှာ ဝန်ကြီးချုပ်လုပ်ရင်းနဲ့ ချစား လာဘ်စားမှုကိစ္စတွေ ၊ နောက်ရွေးကောက်ပွဲကိစ္စတွေ ၊နောက် အတိုက်အခံတွေအပေါ်မှာ ဖိနှိပ်တာတွေ စသဖြင့်သူဟာ နာမည်ကောင်းမရနေတဲ့အချိန်မှာ ဒါနိုင်ငံတော်တော်များများခေါင်းဆောင်တချို့လုပ်လေ့ရှိသလို အာရုံပြောင်းဖို့အတွက် ဒီမြန်မာနိုင်ငံက ကိစ္စကို သူကောက်ဆွဲပြီးတော့ လုပ်သလားလို့ ကျနော်စဉ်းစားပါတယ်။”

အခြားနိုင်ငံတခုရဲ့ပြည်တွင်းရေးကိစ္စမှာ နာဂျစ်ရာဇတ်က ဝန်ကြီးချုပ်တယောက်အနေနဲ့ အခုလိုဆန္ဒပြတာဟာ မလုပ်သင့်တဲ့လုပ်ရပ်ဖြစ်တယ် လို့ ဂျာမနီနိုင်ငံက မြန်မာ့အရေးလုပ်ဆောင်သူ ဦးနွယ်အောင်က မြင်ပါတယ်။

“မလေးရှားဝန်ကြီးချုပ်က အကြောင်းရှာပြီးတော့ မြန်မာပြည်ကို ဒီအစိုးရကိုရော အပြစ်တင်တာပေါ့နော် ။သူတို့ အာဆီယံသဘောတူထားတဲ့ တနိုင်ငံနဲ့ တနိုင်ငံ အတွင်းရေးတွေကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ဟာိကု သူက ဖောက်ဖျက်ပြီးတော့ လုပ်တာပဲလေ။ တကယ်တော့လည်း ဒါက သူ့အကျိုးအတွက်သူလုပ်တာပါ။”

နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားချိန်မှာ နာဂျစ်ရာဇတ်အနေနဲ့ အခုလို ကိုယ်တိုင်ဆန္ဒပြမယ့်အစား သံတမန်ရေးနည်းကို အသုံးပြုသင့် တယ်လို့ တချိန်ကဒေသတွင်းမှာ သြဇာကြီးခဲ့တဲ့ မလေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာကလည်း မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲတခုမှာ ပြောသွားခဲ့ပါတယ်။

အခုလို မလေးဝန်ကြီးချုပ်ရဲ့လုပ်ရပ်ကြောင့် မြန်မာအစိုးရအနေနဲ့စိတ်မကောင်းမှုနဲ့အတူ စိတ်ပျက်ရသလို၊ သူ့အပြောကြောင့် အစွန်းရောက်လို စိတ်မြင့်လာပြီး အစွန်းရောက်သမားတွေ ပိုတိုးလာအောင်လုပ်နေရာကျကြောင်း အဲလိုအစွန်းရောက်မှုကတဆင့် အကြမ်းဖက်လမ်းကြောင်းကို တွန်းပို့ရာရောက်နေကြောင်း အစိုးရသဘောထားကို သမ္မတရုံံးပြောခွင့်ရ ဦးဇော်ဌေးက သတင်းဌာနတွေကို ဖြေကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်အရေးမှာ ရဲစခန်းတွေကိုဝင်ရောက်စီးနင်းခဲ့တဲ့ လက်နက်ကိုင် မူဆလင် တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စစ်တပ်က ပြန်လည်ရှင်းလင်းနေရတယ်ဆိုတာကို မမေ့ကြဖို့နဲ့ အခြေနေတွေကို အဆိုးဘက်ကပဲ အလေးပေးပြောနေမယ်ဆိုရင် အကျိုးရှိနိုင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်း သူ့ရဲ့စင်္ကာပူခရီးစဉ်အတွင်း Channel NewsAsia ရုပ်သံနဲ့မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG