သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနိုင်ငံ ရခိုင်အရေးဆန္ဒပြပွဲကို မြန်မာအစိုးရ ကန့်ကွက်


မြန်မာနိုင်ငံရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ဆန္ဒပြခဲ့တဲ့ပေါ်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကို ခေါ်ယူပြီး အချက် ၄ချက်ပါတဲ့ သတိထောက်လွှာပေးအပ်ခဲ့ပါတယ်။ ဒီသတိထောက်လွှာမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ အခြေအမြစ်မခိုင်မာတဲ့ သတင်းတွေကို ကိုးကားထားကြောင်းနဲ့ သုံးစွဲတဲ့ ဝေါဟာရတွေဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း ပါဝင်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောအရေးကိစ္စနဲ့ပတ်သက်ပြီး ဒီလ ၄ရက်နေ့က ကွာလာလမ်ပူမြို့မှာ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဦးဆောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ မောင်တောဒေသက အစ္စလာမ်ဘာသာဝင်တွေကို လူမျိုးတုံးသတ်ဖြတ်နေတာကို ကန့်ကွက်ကြောင်းနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာခုံရုံးနဲ့ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC အနေနဲ့ ကြားဝင်ဖြေရှင်း ဖို့ကို တောင်းဆို ခဲ့ပါတယ်။

မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြမှုအခြေအနေ အရပ်ရပ်ကို လေ့လာသုံးသပ် ပြီးတဲ့နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက မလေးရှားသံအမတ်ကို ခေါ်ယူခဲ့ပါတယ်။

ဒီကနေ့မှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက မလေးရှားသံအမတ်ကို သတိထောက်လွှာပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

“မလေးရှားသံအမတ်ကြီးကို ကျနော်တို့ ဒုဝန်ကြီးက ဒီကနေ့ နေ့လည် ၂ နာရီမှာ ခေါ်တွေ့လိုက်ပါတယ်။ တွေ့ပြီးတဲ့အခါကျတော့ အချက် ၄ ချက် ပေါ့လေ။ ပေးတာကတော့ ကျနော်တို့ သတိထောက်လွှာအဖြစ်ပေးလိုက်ပါတယ်။”

ဒီကနေ့ ပေးအပ်လိုက်တဲ့ သံတမန်ရေးဆိုင်ရာ သတိထောက်လွှာမှာ ပါဝင်တဲ့ အချက်တွေကို ဦးကျော်ဇေယျက အခုလို ဆက်ပြောပါတယ်။

“အဓိက အချက် ၄ ချက်ကတော့ ၁ အချက် ပြောကြားချက်တွေဟာ အခြေအမြစ် ခိုင်ခိုင်မာမာ မရှိတဲ့ သတင်းအချက်အလက်တွေကို ကိုးကားတဲ့ အနေအထား ကို တွေ့ရတဲ့ဟာကို ကျနော်တို့ ထောက်ပြ ပါတယ်။ နောက်သူတို့ သုံးတဲ့ Terms တွေပေါ့နော် ဝေါဟာရပေါ့နော်။ အဲဒီ ဝေါဟာရ အပေါ်မှာ ကျနော်တို့ လက်မခံနိုင်တဲ့ ဝေါဟာရတွေကို ကျနော်တို့ ငြင်းပယ်တယ်ဆိုတဲ့ အကြောင်း ကျနော်တို့ ပြောပါတယ်။ နောက်တခါကျတော့ ကျနော်တို့တွေက မနှစ်က ၂၀၁၅ နှစ်ကုန်ပိုင်းမှာ အာဆီယံ အသိုင်းအဝိုင်းတခုအနေနဲ့ ပေါ်ထွက်လာတယ်။ အဲဒီတော့ အာဆီယံ အသိုင်းအဝိုင်းတရပ်အနေနဲ့ မိသားစုဝင်အချင်းချင်းမှာတော့ အပြုသဘောဆောာင်တဲ့ ထောက်ပြမှု၊ ပြောဆိုမှု၊ ချဉ်းကပ်မှုတွေ လုပ်သင့်တဲ့အကြောင်း ကျနော်တို့က ဘာပဲပြောပြော အာဆီယံ အသိုင်းအဝိုင်းဖြစ်နေတဲ့အတွက်ကြောင့် အာဆီယံ စုစည်းညီညွှတ်မှုကို အထိကထားပြီးတော့ ပြောဆိုခဲ့ပါတယ်။”

ဒီကနေ့ မနက် ၁၁နာရီခွဲလောက် မှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အကြံပေးကော်မရှင်အဖွဲ့က ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၂၉ရက်ကနေ ဒီဇင်ဘာလ ၅ရက်နေ့အထိ လေ့လာတွေ့ရှိချက်တွေကို အကြံပြု ပြောကြားခဲ့တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

“အဓိကတော့ သူတို့သွားတဲ့ မြေပြင်မှာတွေ့မြင်ခဲ့တာနဲ့ ပတ်သက်ပြီး အကြံပြုတဲ့သဘောပါ။ ၂ ဘက်အသိုင်းအဝိုင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး လူမှုရေးအခြေအနေတွေ ၊ လှုပ်ရှားသွားလာမှုတွေ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတိုးတက်ကောင်းမွန်အောင်လုပ်မလဲဆိုတာ အကြံပြုတဲ့ သဘောပါပဲခင်ဗျ။”

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာအနေဖြင့် ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်တဲ့ ပြဿနာတွေကိုဖြေရှင်းဆောင်ရွက်နေရတဲ့ မြန်မာနိုင်ငံအပေါ် အချိန်ယူဆောင်ရွက်ခွင့်ပေးဖို့နဲ့ နားလည်မှုဖို့ လိုအပ်ကြောင်း ပြန်လည် ရှင်းလင်းပြောကြားခဲ့တယ်လို ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အရေးကို မြန်မာနိုင်ငံတည်ဆဲဥပဒေတွေနဲ့ အညီဖြစ်အောင် ကြိုးပမ်းနေကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်း။ ဥပဒေချိုးဖောက်မှုရှိပါက အရေးယူသွားမှာဖြစ်ကြောင်း နဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောကြား ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG