သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dr. King မွေးနေ့ ကန်နိင်ငံတဝှမ်း ဂါရဝပြု


အမေရိကန်နိုင်ငံသားတွေဟာ နှစ်စဉ် ကျင်းပနေကျအတိုင်း ဇန်နဝါရီလရဲ့ တတိယ တနင်္လာနေ့မှာ အာဖရိကန်-အမေရိကန် လူမဲ ပြည်သူ့အခွင့်အရေးခေါင်းဆောင် Martin Luther King, Jr. ရဲ့ မွေးနေ့အဖြစ်နဲ့ ဂုဏ်ပြုအခမ်းအနားတွေ ကျင်းပကြပါတယ်။Martin Luther King ဟာ ၁၉၆၈ ခုနှစ်မှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတာပါ။

သူ့ရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ နိုင်ငံသားအခွင့်အရေးအတွက် ဦးဆောင် လုပ်ကိုင်ခဲ့တဲ့အတွက် ၁၉၆၄ ခုနှစ်မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံခဲ့ရတဲ့ Baptist ဘုန်းတော်ကြီး Martin Luther King ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတဝှမ်း အလှပြ ချီတက်ပွဲတွေ၊ ရပ်ကွက်တွေထဲမှာ ပျော်ပွဲ ရွှင်ပွဲတွေနဲ့ တခြား ရပ်ရွာ ကောင်းကျိုးလုပ်ငန်းတွေကို ဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြပါတယ်။

သူ့အတွက် အခုလို အားလပ်ရက်နဲ့ ဂုဏ်ပြုပေးတာဟာ အမေရိကန်နိုင်ငံအတွက် မျှော်လင့်ချက်တွေနဲ့ ကုသမှုတွေ ပေးခဲ့သူရဲ့ ဘဝနဲ့ သူချန်ထားခဲ့တဲ့ အမွေအနစ်တွေကို အသိအမှတ်ပြုပေးခြင်းဖြစ်ကြောင်း Martin Luther King ရဲ့ ဇနီး ကွယ်လွန်သူ Coretta Scott King က ရေးသား ဖော်ပြခဲ့ဘူးပါတယ်။ အဲဒီ ရေးသားမှုထဲမှာ သူ့ဘဝတလျှောက် Martin Luther King ဟောကြားခဲ့တဲ့ သတ္တိရှိမှု၊ အမှန်တရားကို လေးစားလိုက်နာမှု၊ တရားမျှတမှု၊ အကြင်နာမေတ္တာထားမှု၊ လူ့ဂုဏ်သိက္ခာ၊ လူသားဆန်မှုနဲ့ အများကောင်းကျိုးအတွက် လုပ်ဆောင်ပေးမှုတွေကိုလည်း Coretta Scott King က မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။

ရာထူးက အနားယူတော့မယ့် သမ္မတ Barack Obama ကလည်း Martin Luther King ရဲ့ စံတန်ဖိုးတွေကို လေးစား လိုက်နာကြဖို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတ Donald Trump ကတော့ Martin Luther King ရဲ့သားဖြစ်သူ Martin Luther King, III နဲ့ တွေ့ဆုံပြီး မဲပေးခွင့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG