သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကာကွယ်ရေးဝန်ကြီးသစ် အာရှသွားမည်


အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis ဟာ - နောက်လထဲမှာ ဂျပန်နဲ့ တောင်ကိုရီးယားကို သွားဖို့ စီစဉ်ထားပြီး၊ ဒါဟာ အမေရိကန်စစ်ဌာနချုပ် ပန်တဂွန်အကြီးအကဲအဖြစ် ပထမဆုံးခရီးစဉ်လည်းဖြစ်တယ်လို့ - ပြောခွင့်ရပုဂ္ဂိုလ်တဦးက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

အခုခရီးစဉ်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို ရေရှည်လက်တွဲခဲ့ကြတဲ့ မဟာမိတ်တွေအပေါ် အမေရိကန်ရဲ့ သန္ဓိဌာန်ခိုင်မာမှုကို ပြသဖို့ ရည်ရွယ်ထားပြီး၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း နောက်ထပ် တိုးမြှင့်သွားမယ်လို့ ပန်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် Jeff Davis က ပြောဆိုခဲ့ပါတယ်။

ဝန်ကြီး Mattis ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တောင်ကိုရီးယားကို သွားရောက်မှာဖြစ်ပြီး၊ နှစ်ရက်အကြာမှာ ဂျပန်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ဒီရာထူးအတွက် လွှတ်တော်က အတည်ပြုပေးဖို့ ကြားနာစစ်ဆေးနေချိန်မှာနဲ့ ပန်တဂွန်မှာ တာဝန်ယူခဲ့တဲ့ အစပိုင်းရက်တွေအတွင်း - ဝန်ကြီး Mattis ဟာ နိုင်ငံတကာ မဟာမိတ်တွေနဲ့ ဆက်ဆံရေးထိန်းထားဖို့ အရေးကြီးကြောင်းကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အမေရိကန်သမ္မတသစ် Donald Trump ကတော့ - သူ့ရဲ့ မဲဆွယ်စည်းရုံးရေး ကာလအတွင်း - တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံအနေနဲ့ စစ်ရေးအကူအညီအတွက် ကုန်ကျစရိတ်တွေကို ပိုမပေးဘူးဆိုရင် အဲ့ဒီမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပြန်လည် ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ဖူး ပါတယ်။

သမ္မတ Trump အစိုးရအဖွဲ့ဝင်ထဲမှာ လွှတ်တော်က ပထမဆုံး အတည်ပြုပေးခံရသူ ဝန်ကြီး Mattis ဟာ - အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်တပ်မှူး တာဝန်ယူခဲ့ဖူးသူဖြစ်သလို၊ မြောက်အတ္တလန္တိတ် စစ်စာချုပ် နေတိုးအဖွဲ့ရဲ့ တပ်မှူးအဖြစ်နဲ့လည်း ထမ်းဆောင်ဖူးပြီး - ၂၀၁၃ ခုနှစ်မှာ စစ်တပ်ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG