သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ တိုင်းရင်းသားကျေးရွာများ တိုးချဲ့မယ့်အစီအစဉ်


မောင်တောဈေးတနေရာ
မောင်တောဈေးတနေရာ

မောင်တောဒေသမှာ ဘင်္ဂါလီကျေးရွာ အဆမတန်များပြားနေတာမို့ တိုင်းရင်းသား ကျေးရွာ တွေတိုးချဲ့မယ် ဆိုတဲ့အစိုးရလုပ်ဆောင်မှုပေါ် အမြင်အမျိုးမျိုးနဲ့တုံပြန်မှုတွေရှိနေပါတယ်။ ဒီအကောင်အထည်ဖော်မှုက ဖြစ် နေဆဲ ပဋိပက္ခတွေအပေါ်ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေရှိသလို ကျေးရွာတွေတိုးချဲ့တာမှာ လုံခြုံမှုနဲ့ စီးပွားရေး ပြေလည်ဖို့ ကိုလည်းလုပ်ဆောင်ပေးမှသာ အဆင်ပြေနိုင်မယ်လို့ထောက်ပြတာတွေ လည်းရှိနေပါတယ်။ အစိုးရအနေနဲ့ဒီအဖြေရှာမှုက ထိရောက်မှာမဟုတ်ဘဲ နိုင်ငံသားဖြစ်မှုကိုသာစနစ်တကျ လုပ်ဆောင်သင့်တယ်လို့ထောက်ပြကြသူတွေလည်းရှိနေပါတယ်။ ဒါတွေကို ဗွီအိုအေမြန်မာပိုင်းကမေခက စုစည်းတင်ပြထားတာပါ။

နယ်စပ် ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နဲ့လုပ်ဆောင်မယ့် ဒီစီမံကိန်းဟာ နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံးအကြိမ် လုပ်ဆောင်တာဖြစ်ပြီး ဒီနှစ်ထဲစတင်အကောင်အထည် ဖော်တော့မယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကရခိုင်ပြည်နယ်ကိုသတင်းရယူဖို့ အစိုးရ ရွေးချယ်စေလွှတ်တဲ့ ပြည်တွင်း၊ ပြည်ပ သတင်းဌာနက သတင်းထောက်တွေကို ပြောဆိုထားပါတယ်။ ကျေးရွာတိုးချဲ့တဲ့အစီအစဉ်ကို ခုချိန်ထိ တိတိကျကျ မသိရသေးပါဘူး။ ပြည်နယ်အစိုးရပိုင်းကို ဆက်သွယ် မေးမြန်းတာမှာတော့ အမည်မဖော်တဲ့ တာဝန်ရှိသူတဦးက တိုင်းရင်းသားကျေးရွာတိုးချဲ့ ပိုင်းက ပြည်တဲရေး ဝန်ကြီးဌာနလက်အောက် နယ်စပ်ရေးရာဌာနဘက်က တာဝန်ယူချမှတ်ပေးမှာဖြစ်ပြီး လက်ရှိချိန်ထိတော့ ပြည်နယ်အစိုးရပိုင်း ဆွေးနွေး မှုတွေမှာ ဒီအပိုင်းကို ဆွေးနွေးတာမရှိသေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် မောင်တောဒေသခံတွေဘက်ကတော့ ဒီလိုလုပ်ဆောင်ဖို့ စီစဉ်နေတယ်ဆိုတာက ဟုတ်မှန် ကြောင်းနဲ့ ခရိုင်အုပ်ချုပ်ရေးဘက်ကစတင်ကာကျေးရွာချဲ့ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်မှုတွေရှိနေပြီ လို့ပြောပါတယ်။

မောင်တော ဒေသခံတဦး ဖြစ်တဲ့ ဦးဟန်မောင် ကတော့ ကျေးရွာတွေတိုးချဲ့ဖို့ လုပ်ဆောင်တဲ့ အစိုးရ လုပ် ဆောင်ချက်အပေါ်မှာထောက်ခံပေမယ့်ခုလို သုံးသပ်ပြောဆိုလိုက်ပြီး လက်ရှိ မောင်တောဒေသကြုံတွေ့ နေရတာနဲ့ပတ်သတ်ပြီး သူက

“ကျနော်တို့လည်း စိုးရိမ်မူတွေတော့ရှိတာပဲ ဒါပေမယ့် အလုပ်အကိုင်စီးပွားရေးအဆင်ပြေရင်တော့ ကောင်းမယ်လို့ထင်ပါတယ်။ လုံခြုံရေးတော့လိုအပ်မယ်လို့ထင်တယ် ရဲတွေက အင်အားနည်းလို့ စိုးရိမ်မှုရှိနေတာပါ။ မြို့မှာလုံခြုံပေမယ့် နယ်မှာ မလုံခြုံဘူး အဲလိုဖြစ်နေတယ်။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်းကတော့ အစိုးရရဲ့ လုပ်ဆောင်မှုအပေါ် ခုလို ဝေဖန် ထောက်ပြလိုက်ပါတယ်။

“အဲဒါက ဒီဘင်္ဂါလီတွေ ဒီနေရာမှာမရှိအောင်၊ သို့မဟုတ် လူနည်းစုဖြစ်အောင် လုပ်တာဆိုတာ သူတို့ကိုယ်တိုင်ကပြောနေတယ်လေ။ အဲဒါမှ မောင်တောဒေသမှာ ၈၀ ရာခိုင်နှုန်းဝန်းကျင်ပေါ့နော်ဘင်္ဂါလီတွေ ရှိတယ်။ ဒီဘင်္ဂါလီတွေကို လူနည်းစုဖြစ်အောင်ဆိုတော့ အများကြီးလုပ်ရမှာပါ။ ဒီမောင်တောမှာ မီးရို့တာတွေ ဒါတွေလည်းလုပ်လာတာ ကြာပါပြီ။ နောက်ထပ် ဘာတွေများလုပ်မလဲ ဆိုတာကတော့ ကျနော်တို့က မသိဘူး ဒီကိစ္စတွေက ဘင်္ဂါလီသန့်စင်ရေးကိစ္စဖြစ်နေတယ်ဆိုတာ ပေါ်လွင်တယ်။ တဘက်ကလည်း အကြမ်းဖက်သမားတွေ သောင်းကျန်းလာမှာကိုလည်း မလိုလားဘူး။ သေသေချာချာ သုတေသနပြုပြီးတော့ အဖြေရှာပေးဖို့လိုမယ်လို့ နိုင်ငံရေးပါတီ တခုအနေနဲ့ ပြောချင်တယ်။”

နိုင်ငံတကာမီဒီယာတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ရခိုင်လူမျိုးတွေရဲ့ တကယ့် ကြုံတွေ့နေရမှုကို မျက် ကွယ်ပြုထားပြီး မမှန်သတင်းတွေ ထုတ်လွှင့်နေတာ၊ အစ္စလမ် အမျိုးသမီးတွေကိုလိင်မှုဆိုင်ရာ အနိုင် ကျင့် နေတယ်လို့ စွတ်စွဲနေတာတွေရှိနေပေမယ့် တကယ်လက်တွေ့မှာက ရခိုင်လူမျိုးတွေမှာသာ ပိုပြီး ဒုက္ခရောက် နေရတယ်လို့ မောင်တောဒေသခံ ဦးမောင်ဝင်းသိန်းက ပြောဆိုလိုက်ပါတယ်။

“နိုင်ငံတော်အစိုးရက နိုင်ငံတော်၏ လုံခြုံရေးအတွက် လူသားတံတိုင်းကာတယ်လို့ဆိုမလား။ အခုဖြစ်နေတဲ့ Conflict တွေကိုဖြေရှင်းဖို့အတွက် ဒီပြင့်နည်းနဲ့ နိုင်ငံတော်အစိုးရက ၁၉၈၂ ကို အကောင်အထည်ဖော်မှဖြစ်မယ်ဆိုရင် တိတိကျကျလုပ်ရပါမယ်။ လက်ရှိက နိုင်ငံတကာမီဒီယာအသံတွေနဲ့ လက်ရှိ ကျနော်တို့ ခံစားနေရတဲ့အသံတွေနဲ့က ၁၀၀ ရာခိုင်နှုန်းလောက်ကို ခြားနားနေပါတယ်ခင်ဗျ။ အခု အခက်အခဲဖြစ်သွားတာက ရခိုင်၊ ဆက်လက်ရှိနေတာက ရခိုင် ဒီ ဘင်္ဂါလီရွာတွေ ၃၀၀ ရာကျော်ရှိတာထက် ရခိုင်ရွာက ၇၀ လောက်ပဲ ရှိတယ် ဘယ်လိုလုပ်ပြီး သွားလာမလဲ သူတို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုက အရမ်းထိခိုက်သွားပြီ။ ညကျရင် အိပ်ကောင်းကောင်းမအိပ်ရဘူး၊ နေ့ဆိုရင်လည်း ပင်ပင်ပန်းပန်းစွန့်စွန့်စားစား သွားလာရတယ်၊ နောက် ညဘက်ကျရင်လည်း ကင်းစောင့်ရ အဲဒါတွေအတွက်ကြောင့် ဘင်္ဂါလီတွေနဲ့ ရခိုင်တွေနဲ့ ဘယ်လိုအနေအထားမျိုးလဲဆိုတာ ဘာမှကိုအဆင်မပြေတော့ဘူး ကျနော်တို့ လူနည်းစု တိုင်းရင်းသားတွေက။”

နယ်စပ် ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်မယ့် ဒီစီမံကိန်းကို မူလက ၁၀ရွာတိုးချဲ့ဖို့စတင် လုပ်ဆောင်ထားပေမယ့် ပြည်ထောင်စုအဆင့်က ပဏာမအဆင့် ခုနစ်ရွာကိုသာ တိုးချဲ့ ဖို့ ခွင့်ပြုထားတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှုးကပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG