သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတိုက်ခိုက်မှု ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းမည်ဟု ဒေါ်စုပြော


မြန်မာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ (စစ်တွေမြို့)
မြန်မာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ (စစ်တွေမြို့)

မြန်မာရဲအရာရှိတဦးအပါအဝင် တပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ရတဲ့ ရခိုင်ပြည် နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုကို NLD အစိုးရက အလေးအနက်ထား ကိုင်တွယ်နေကြောင်းနဲ့ တရားဥပဒေနဲ့အညီ တုန့်ပြန်ဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြား ထားကြောင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ရိုဟင်ဂျာလို့အော်ပြီး လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်းနဲ့ နယ်မြေခံ အခြားဘာသာစကား ကို ပြော သူတွေဖြစ်ကြောင်းမနေ့က နေပြည်တော်မှာ ကျင်းပ တဲ့အရေးပေါ် သတင်းစာရှင်း လင်းပွဲမှာ ရဲချုပ်ဇော်ဝင်းက ပြောသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

အကြမ်းဖက်တိုက်ခိုက်သူ (၉၀)ဦးခန့်ဟာ တနင်္ဂနွေမနက် (၁)နာရီလောက် မှာမောင်တောခရိုင် နယ်ခြားစောင့် စခန်းသုံးခုကို စတင် ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး မြန်မာလုံခြုံရေးတပ်တွေက ပြန်လှန်ပစ်ခတ်မှုကြောင့် နံနက် (၅)နာရီ ခွဲကျော် မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒါအပြင် ဘယ်သူတွေက တိုက်ခိုက် တာဖြစ်နိုင်ပါသလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ရဲချုပ်ဇော်ဝင်းက အခုလို တုန့်ပြန်ဖြေဆိုပါတယ်။

“ ဒီဖြစ်စဉ်မှာပါဝင်တဲ့ တပ်ဖွဲ့ဝင်များနဲ့ ကျွန်တော်တို့ရဲ့ အနေအထားတွေက ကျူးလွန်တဲ့ သူတွေ အားလုံးကတော့ ကြွေးကြော်မှုတွေကတော့ ရိုဟင်ဂျာဆိုပြီးတော့ ကြွေးကြော်ပြီးတော့ စီးနင်း တိုက်ခိုက် တာလေးတွေ တွေ့ပါတယ်။ ပြောတဲ့စကားတွေကလည်း ဘင်္ဂါလီ စကားများပဲ ကျွန်တော်တို့ ပြောသွား တာ ဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ အရှင်(၂) ယောက်လည်း ကျွန်တော်တို့ ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ စစ်မေးချက်ကလေး ပေါ်မူတည်ပြီးတော့မှ လိုအပ်တဲ့ အချိန်မှာ ကျွန်တော်တို့ အတည်ပြုထုတ်ပြန်နိုင်ရေး ကျွန်တော်တို့ ဆက်လက်ပြီး ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ”

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကလည်း ဒီအကြမ်း ဖက်တိုက်ခိုက်မှုဟာ အဖွဲ့အစည်း တချို့ရဲ့ နိုင်ငံရေး အရ သွေး ထိုးလှုံဆော်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ယူဆကြောင်း သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ဒီစကားလုံးနဲ့ပတ်သက်ပြီး ပြောရရင် တိုက်ခိုက်တဲ့သူတွေဟာ ရိုဟင်ဂျာလို့ခေါ်ပြီး တိုက်တာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ရိုဟင်ဂျာဆိုတာ မရှိဘူး ဆိုတာကို အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ခံယူထားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ၁၉၂၁ခုနှစ်ကစပြီး အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက သန်းခေါင်းစာရင်း ကောက်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရ လက်ထက်မှာ သန်းခေါင်းစာရင်းကို ၁၉၂၁၊ ၁၉၃၁၊ ၁၉၄၁ တို့မှာကောက်ခံပါတယ်။ အဲဒီမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိပါဘူး။ ဒီလိုပဲ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာနိုင်ငံအစိုးရကနေ ၁၉၇၃၊ ၁၉၈၃မှာ ကောက်ခဲ့ပါတယ်။ အဲဒီမှာလည်း ဘင်္ဂလီလူမျိုးပဲ ပါပါတယ်။ ရိုဟင်ဂျာ ဆိုတာလုံးဝမရှိပါဘူး။ ဒါကြောင့် ရိုဟင်ဂျာဆိုတာဟာ တချို့သောအဖွဲ့အစည်းတွေ ရဲ့ နိုင်ငံရေးသွေး ထိုးလှုံဆော်မှု နဲ့ အော်ဟစ်ပြီးတော့ တိုက်ခိုက်တယ်လို့ပဲ ယူဆပါတယ်။”

ဒီတိုက်ခိုက်မှုကြောင့် ရဲအရာရှိတဦးအပါအဝင် တပ်ဖွဲ့ဝင် (၈)ဦး စုစုပေါင်း (၉)ဦးသေဆုံးခဲ့သလို (၅)ဦး ဒဏ်ရာရပြီး၊ (၁) ဦးပျောက် ဆုံးနေကြောင်း၊မြန်မာဘက်က အကြမ်းဖက်သမား (၈)ဦးအလောင်းကိုရ ရှိထားပြီး၊ (၂)ဦးကို အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်သမားတွေ ဟာ မြန်မာလုံခြုံရေးစခန်းတွေဆီက သေနတ် (၆၀)ကျော်အပါအဝင် အခြားလက်နက်တွေကို လုယူသွားခဲ့ကြောင်း ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခုလို အကြမ်းဖက် တိုက်ခိုက်မှု သတင်းကို ကြားသိပြီးချင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ခေါ်ပြီး အရေးပေါ် အစည်းအဝေးပြု လုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးဖေဖြင့်က ပြောပါတယ်။

“ဒီကနေ့မနက် (၁၁)နာရီခွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးတော့ သက်ဆိုင်တဲ့ဝန်ကြီးဌာနများက တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ပြီးတော့ အစည်းအဝေး တရပ်ကျင်းပပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သိရှိရသမျှအနေအထားတွေပေါ် မူတည်ပြီးတော့ ကျနော်တို့ သုံးသပ်မှုတွေ ပြုခဲ့ပါတယ်။ ပြီးတဲ့နောက် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လက်ရှိဖြစ်ပျက်နေသမျှတွေကို အများပြည်သူသိရှိစေဖို့အတွက် ကျနော်တို့ သတင်းစာရှင်းလင်းပွဲ တရပ်ပြု လုပ်မယ်လို့ ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်ပြီးတော့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့ ဒီအချိန်မှာပဲ ကျနော်တို့ ဖြစ်အောင် စီစဉ်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။”

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဥပဒေနဲ့အညီဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာ ညွန်ကြားခဲ့ ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

“မနက်ကပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးတော့ အစည်း အဝေးပြုလုပ် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားဥပဒေနဲ့အညီ တုန့်ပြန်ဆောင် ရွက် သွားကြဖို့ ကျနော်တို့ကို လေးလေးနက်နက်မှာကြားပါတယ်။ အဲတော့ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ရုပ်လုံးပေါ်လာမယ်၊ နောက် သက်သေ အထောက် အထားတွေပေါ်လာမယ်ဆိုရင် ဒီဖြစ်စဉ်အနေ အထား ကို နိုင်ငံတကာသိအောင် ကျနော်တို့အနေနဲ့ အသိပေးပြောကြားမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။”

ဒါအပြင် အကြမ်းဖက်တိုက်ခိုက်မှုကို အရေးယူဆောင်ရွက်နိုင်ဖို့ သံတမန်ရေး နည်းလမ်းနဲ့အညီ အိမ်နီးချင်းဘင်္ဂလား ဒေ့ရှ်နိုင်ငံအစိုးရနဲ့ ညှိုနှိုင်း ဆောင်ရွက်သွား မယ်လို့ ဦးကျော်တင်ကပြောပါတယ်။

မောင်တောခရိုင်တွင်း အကြမ်းဖက်တိုက်ခိုက်မှုမှာ မြန်မာလုံခြုံရေးတပ်တွေဖက်က အချင်းချင်း သတင်းရရှိမှုအားနည်းခဲ့ကြောင်း ရဲချုပ်ဇော်ဝင်းက သတင်းစာရှင်း လင်းပွဲ မှာပြောသွားပါတယ်။ လက်ရှိအခြေအနေမှာတော့ တပ်မတော်နဲ့ပူးပေါင်းပြီး နယ်စပ်လုံခြုံရေးအင်အားကို တိုးမြှင့်ဆောင်ရွက်ထား တယ်လို့ဆိုပါတယ်။ ခရိုင်အတွင်း ညမထွက်ရအမိန့်ကိုလည်း ည (၇)နာရီကနေ နံနက် (၆)နာရီထိ တိုးမြှင့်တင်းကြပ်ထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ဘယ်အဖွဲ့အစည်းကဖြစ်သလဲဆိုတာ စုံစမ်း စစ်ဆေးနေ ဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေစိုက် လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ (RSO)ကတော့ တစုံတရာ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG