သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော အကြမ်းဖက်ရန်ကြံစည်မှု တွေ့ဆုံမေးမြန်းချက်များ


အကြမ်းဖက်ဖို့ သင်တန်းတွေ ပေးနေတယ်လို့ အာဏာပိုင်တို့ စွပ်စွဲပြီး ဒေသခံ တချို့ကို ဖမ်းဆီး ထားတဲ့ မောင်တောဒေသ တောင်ဘစားနယ်မြေ တင်းမေ ကျေးရွာကို ဗွီအိုအေ သတင်းထောက် မမေခ ကိုယ်တိုင် ရောက်ရှိနေပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ မေးမြန်းခွင့် ရခဲ့သလို ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ တင်းမေကျေးရွာကနေ လူ ၁၇ ဦးကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို မေးမြန်းခဲ့တဲ့ အခြေအနေတွေ၊ ကိုယ်တိုင် တွေ့ရှိချက်တွေကို ကိုယ်တိုင် ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတာမှာတော့ မမေခက နယ်ခြားစောင့်ရဲ ရဲ့ ပြောဆိုချက်ကို အခုလို စပြီး ပေးပို့ခဲ့ပါတယ်။

“ အဲဒါကတော့ သူတိ့ုက ဒီမှာပေါ့နော် ကျနော်တို့ မေးတော့ သူတို့ ဒီမှာ ပြောရေးဆိုခွင့်တွေ ရချင်လို့ ပေါ့နော်။ နောက်ပြီး သူတို့က ဒီနယ်မြေမှာ ရိုဟင်ဂျာ ခံချင်တယ်လို့ ဒဲ့ပြောတာနော်။ ထွက်ဆိုချက်မှာ အဲလိုကို ပြောတာ။ သူတို့က ရိုဟင်ဂျာ လူမျိုးဘဲ ခံချင်တယ်။ အဲတော့ သူတို့က ဒါတွေကို ဒီလိုတောင်းဆိုလို့ မရဘူးပေါ့နော်။ ဒီလို အကြမ်းဖက်မှ တောင်းဆိုလို့ ရမယ် အဲလိုကို ဒဲ့ကို ထွက်တာ။ ”

မမေခ။ ။ အကြမ်းဖက်ဖို့ လုပ်ဆောင်ဖို့ လုပ်မယ်ဆိုတဲ့ သံသယရှိသူ ၁၇ ယောက်ကို ရဲကဖမ်းထားပါတယ်။ အဲဒီထဲမှာ ၁ ယောက်ကတော့ အသက်မပြည့်ပါဘူး။ ၁၅ နှစ်ပဲရှိသေးတယ် ကလေးအရွယ်ပဲရှိသေးပါတယ်။ အဲဒီလူတွေအကုန်လုံး သင်တန်းပေးတယ်ဆိုပြီးတော့ ရဲကပြောထားပါတယ်။

မသိင်္ဂ ီထိုက် ။ ။ ဆွေမျိုးတွေက ဘာများပြောပါသလဲ။

မမေခ။ ။ အခုသံသယရှိတယ်ဆိုပြီး ဖမ်းထားတဲ့ ယူတူမာလီရဲ့သား ကတော့ သူကတော့ ဘာပြောသလဲဆိုတော့ သူတို့အဖမ်းခံရတယ်။ သူ့အဖေက ဖမ်းသွားတယ်ပေါ့နော်။ ဘာကြောင့်ဖမ်းသလဲဆိုတာကိုတော့ သူတို့အခုအချိန်အထိ မသိသေးဘူးပေါ့နော်။ ဒါပေမယ့် အကုန်လုံးမေးတဲ့အချိန်မှာ သူတို့ဖြေနေတာကို နားထောင်ကြည့်ရင် ၂ ဘက်ကို ကြောက်နေတဲ့ သဘောမှာရှိတယ်။ နောက်တခုက သူတို့ အဲဒီကျေးရွာဘက်က တော်တော်လေးကို ခေါင်တယ်။ တောင်တွေကြားထဲမှာ ရောက်နေတဲ့ ကျေးရွာတခုဖြစ်တဲ့အတွက် လုံခြုံရေးလည်း အားနည်းတယ်။ လုံခြုံရေးတွေက ယူထားပေးပေမယ့် ရှိတဲ့လူဦးရေနဲ့က ပမာဏ အင်မတန်နည်းတယ်။ နည်းတဲ့အတွက် သူတို့က ၂ ဘက်ကို ကြောက်တဲ့သဘောမှာရှိတယ်။ ဒါပေမယ့် အဲဒီသူ့သားက ပြောတာကတော့ သူ့အဖေက အဲဒီလို အကြမ်းဖက် သင်တန်းတွေ တက်တယ်ဆိုတာ မဟုတ်ဘူးလို့ သူကိုယ်တိုင် ငြင်းတယ်ပေါ့နော်။

ရဲရဲ့ ထွက်ချက်မှာတော့ အဲဒီ အကြမ်းဖက် သင်တန်းက ညဘက်တွေမှာ ခေါ်ပြီးတော့ တောင်ကုန်းတွေမှာ ခေါ်သင်တာလို့ သူတို့က ပြောတာကိုး။ အဲဒီတော့ အဲလို ထွက်သွားတာမျိုး ရှိလာလို့ မေးတော့ သူ့သားကတော့ လုံး၀ မရှိဘူး။ သူ့အဖေက ဘာကြောင့် ဖမ်းခံရသလဲ ဆိုတာကိုလည်း သူတို့ တိတိကျကျ မသိသေးဘူး ဆိုပြီးတော့ ငြင်းဆိုတယ်ပေါ့နော်။

နောက်ထပ် အကိုဖြစ်တဲ့သူ အဖမ်းခံရတဲ့ သူကလည်း အဲလိုဘဲပေါ့နော်။ အကြမ်းဖက် သင်တန်း သွားတက်တဲ့ အထဲမှာ ပါတယ်လို့ဘဲ သိရတယ်။ သူ့အကိုက လုပ်လား မလုပ်လားဆိုတာကိုတော့ သူတို့ မသိဘူးပေါ့နော်။ ကောလာဟလ အနေနဲ့ဘဲ ကြားတယ်လို့ဘဲ သူတို့က ပြောတယ်ရှင့်။

မသိင်္ဂ ီထိုက် ။ ။ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ရဲက၊ အာဏာပိုင်တွေဘက်က စွပ်စွဲထားတာပေါ့နော်။ ဒီလူတွေဟာ လေ့ကျင့်နေကြပါတယ်လို့ ရဲက စွပ်စွဲပါတယ်။ ဆိုတော့ ဘယ်နေရာတွေ တိုက်ခိုက်ဖို့လို့များ ရဲက ပြောပါသလဲ။

မမေခ။ ။ သူတို့ အသေးစိတ် သူတို့ ပြောတာကတော့ ဘူးသီးတောင်၊ မောင်တော ဘက်တွေမှာ သူတို့က တိုက်ခိုက်ဖို့ လျာထားတယ်လို့ဘဲ သူတို့ လည်း ပြောတယ်။ တိတိကျကျကြီးလည်း သူတို့လည်း မပြောဘူး။ နောက်တခုက အခု သင်တန်းပေးတာကလည်း ကိုယ်ခံပညာပေါ့နော် အဲဒီ အဆင့်ဘဲ ရှိသေးတယ်။ သင်တန်းတော့ လုပ်နေတာ ၇ ရက်မြောက်နေ့မှာ သူတို့ တောင်ကုန်းပေါ်မှာ သူတို့ လုပ်နေတာကို သူတို့ သိပြီးတော့ ဝိုင်းပြီးတော့ ဖမ်းတယ်။ အဲဒီမှာဘဲ ၁၃ ယောက် မိသွားတယ်ပေါ့နော်။ ကျန်တဲ့ ထွက်ပြေးတဲ့သူတွေလည်း ရှိတယ်ပေါ့။

အဲဒီလူတွေရဲ့ စစ်ချက်ကနေ ထွက်လာတာကတော့ အဲလိုမျိုးဘဲ ဘူးသီးတောင်နဲ့ မောင်တောဘက်ကို အကြမ်းဖက်ဖို့ လျာထားတယ် ဆိုတာမျိုးဘဲ ရှိသေးတာပေါ့။ လက်နက်တွေ ဘာတွေလည်း သူတို့မှာ မရှိသေးဘူး။ လက်နက်တွေ ဘာတွေလည်း မိတာတော့ မရှိသေးဘူးပေါ့။

မသိင်္ဂ ီထိုက် ။ ။ ဒီလူတွေကို ဘယ်မှာ ချုပ်ထားပါသလဲ။

မမေခ။ ။ အဲလိုမျိုးတော့ တိတိကျကျ မသိဘူး။ ဒါပေမယ့် အခု အဲဒီ ၁၇ ယောက်ကိုတော့ ဘူးသီးတောင် တရားရုံးကိုတော့ တင်ပေးလိုက်ပြီလို့တော့ သိထားရတယ်။ ရဲ ဘက်ကနေ ပြောထားတယ်။ ဒါပေမယ့် သူတို့ မိသားစုတွေ သွားတွေ့တာမျိုးတွေ ရှိတယ်။ သွားတွေ့ခွင့်လည်း ရှိတယ်လို့ သိထားရတယ်။ အဲလောက်ဘဲ သိထားရသေးတယ်ပေါ့နော်။ တခြားဟာတော့ ကျမတို့လည်း ဘာမှ သေချာ မသိဘူး။ မိသားစုဝင်တွေကို မေးတဲ့ အခါမှာ သူတို့ သွားတွေ့တယ်။ သူတို့ အဖေတွေ သူတို့ အကိုတွေကို သွားတွေ့ခွင့်တော့ ရှိတယ်၊ မေးတယ် မဟုတ်ဘူးလို့ဘဲ ဟိုက ပြောတယ်လို့ဘဲ ပြောတယ်။ ဒါပေမယ့် တိတိကျကျ အဲဒီလူတွေကလည်း ပြည့်ပြည့်စုံစုံကြီး သိထားတဲ့ပုံ မပေါ်ဘူး။

အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နယ်မြေ မတည်မငြိမ် ဖြစ်နေတဲ့ မောင်တော ဒေသကို ကိုယ်တိုင် ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခကို ဆက်သွယ် မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG