သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Max မြန်မာ ဦးဇော်ဇော် အမေရိကန်ခရီး


 အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံ (Max Myanmar Group of Companies)
အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံ (Max Myanmar Group of Companies)

အမေရိကန်ရဲ့ SDN ခေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုစာရင်းကနေ ၂၀၁၆ခုနှစ်က ပယ်ဖျက်ခံလိုက်ရတဲ့ ခရိုနီလုပ်ငန်းရှင်တဦးဖြစ်သူ ဦးဇော်ဇော်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုကို တရားဝင်လာရောက်ပြီး အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေအပြင် အမေရိကန်နိုင်ငံရေး လောကမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုလို SDN စာရင်းကနေ ပယ်ဖျက်ခံရတဲ့ မြန်မာခရိုနီလုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာမှာ အမေရိကန်လုပ်ငန်းရှင်တွေဘက်က ပွင့်လင်းမြင်သာမှုနဲ့ နိုင်ငံတကာ စီးပွာရေးကျင့်ဝတ်တွေကို လိုက်နာမှာဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ အမည် မည်းစာရင်းကနေ ပယ်ဖျက်ခံရပြီးနောက် ခရိုနီလုပ်ငန်းရှင် မက်စ်မြန်မာ ကုမ္ပဏီများအုပ်စုကို တည်ထောင်သူ ဦးဇော်ဇော်ဟာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း ဝါရှင်တန်ဒီစီကိုလာရောက်ပြီး အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အပါအဝင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Colin Powell ဦးဆောင်တဲ့ အိုင်စင်ဟောင်ဝါ Fellowships အဖွဲ့နဲ့ တွေ့ဆုံခဲ့တာပါ။

မေလ(၁၉)ရက်နေ့က ဦးဇော်ဇော်နဲ့ အဖွဲ့ဟာ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရုံးချုပ်မှာ ကောင်စီဘုတ်အဖွဲ့ဝင်တွေအပါအဝင် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မက်စ်မြန်မာကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေက မေးမြန်းရာမှာ ကောင်စီရဲ့ ပြောခွင့်ရ ကိုလှဘုန်းမြင့်က အခုလိုပြောပါတယ်

“ကျနော်တို့က အဲလိုမျိုး ဘယ်ကုမ္ပဏီတခုထဲရယ်ဆိုပြီးတော့ အဲလိုမျိုး ဦးစားပေးရွေးချယ် လိုက်တာမျိုးမရှိပါဘူး။ ဒါရှင်းရှင်းပြောမယ်ဆိုရင် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့မှု ပယ်ဖျက်လိုက်တဲ့နောက်ကွယ်မှာ ပါလာတာက ဘာလဲဆိုတော့ SDN လို့ခေါ်တဲ့ စီးပွားရေး ပိတ်ဆို့ထားတဲ့ ကုမ္ပဏီက ပုဂ္ဂိုလ် များ စာရင်းပယ်ဖျက်မှုရယ်။ နောက်တခုကတော့ မြန်မာနိုင်ငံနဲ့ကုန်သွယ်မှုဆိုင်ရာ သွင်းကုန်ထုတ်ကုန် GSP ပမာဏ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်နေတဲ့ လုပ်ငန်းတွေကို နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ ချိတ်ဆက်မှုမပေးဘူးဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကလည်း နှောင့်နှေးမယ်ဆိုတာကို ယုံကြည်လို့ အစိုးရကလည်းတောင်းဆိုတယ်၊ အမေရိကန်အစိုးရကလည်း သဘောတူလက်ခံလို့ ဒီဟာကို ဖြုတ်လိုက်ချင်းဖြစ်တယ်။ ဖြုတ်လိုက်လို့လည်း မြန်မာနိုင်ငံရဲ့ ကြီးမာတဲ့လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ အောင်မြင်ပြီးသားဖြစ်နေတဲ့လုပ်ငန်းတွေ ဒါတွေကို ကျနော်တို့တွဲဖက်ပြီးတော့ အလုပ်လုပ်ခွင့်ရတယ်။ အခုလို လုပ်ခွင့်ရတဲ့အခါမှာလည်း ကျနော်တို့က ပွင့်လင်းမြင်သာမှုကိုအခြေခံတဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အဓိကထားတဲ့ ကျနော်တို့ရဲ့ကျင့်ဝတ်တွေ သူတို့ဘက်ကလည်း မြန်မာနိုင်ငံရဲ့ ရေမြေဒေသနဲ့ ဓလေ့ထုံးစံကို အခြေခံပြီးတော့ လုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုတွေနဲ့ ၂ ခု ရောလိုက်တဲ့တဲအခါကျရင် မြန်မာနိုင်ငံတခုထဲတင်မဟုတ်ဘူး အာဆီယံတခုလုံးအတွက် ကောင်းမွန်တဲ့စီးပွားရေး Partnership တွေဖြစ်လာမယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။

မေး။ ။ အခုလို ခရိုနီလုပ်ငန်းရှင်တွေကို အမေရိကန်ပြည်ထောင်စုက တရားဝင် လက်ခံ အသိအမှတ်ပြုပြီး စီးပွားရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်တာဟာ တကယ်ပဲ မြန်မာ့စီးပွားရေးတိုးတက်အောင် အထောက်အကူပြုမပြု ဘယ်လို သုံးသပ်ပါလဲရှင့်။

ဖြေ။ ။ ကျနော်တို့ကြည့်တာကတော့ ရေရှည်မှာနိုင်ငံအတွက်အကျိုးရှိဖို့။ အကျိုးရှိမှလည်း နိုင်ငံရဲ့ စီးပွားရေး အခြေခံ အုပ်မြစ်ကောင်းမှလည်း ဝင်ရောက်လာတဲ့ ရင်းနှီး မြှုပ်နှံမှုတွေက အဓွန့်ရှည်မယ် ဒါကိုကျနော်တို့က အဓိကထားပြီးကြည့်တယ်။ အဲဒီတော့ ရေတိုကိုမကြည့်ဘူး၊ ရေရှည်ကို ကြည့်တယ်။ အဲဒီရေရှည်မှာ မြန်မာနိုင်ငံရဲ့အကြီးဆုံးလုပ်ငန်းတွေကို စီးပွားရေးပိတ်ဆို့မှုက လွှတ်ပေးလိုက်ခြင်းအားဖြင့် ဒီလုပ်ငန်းတွေက တခြားသောနိုင်ငံတွေ၊ အမေရိကန်တခုထဲတင်မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံလိုပဲ အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပဓါန ထားတဲ့ အခြားသော ကုမ္ပဏီတွေနဲ့ လက်တွဲပြီးလုပ်လာတာနဲ့အမျှ အဲဒီကုမ္ပဏီတွေရဲ့ လုပ်ထုံးလုပ်စဉ်တွေ ကျင့်ဝတ်တွေက မြန်မာနိုင်ငံရဲ့ လုပ်ငန်းတွေနဲ့ တပြေးညီထပ်တူကျလာပါလိမ့်မယ်။ နောက်တခုကကျတော့ တခြားအသေးစားလုပ်ငန်းတွေမှာလည်း ပိုပြီးတော့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်လို့ရမယ့်အခွင့်အရေးတွေ ၊ အတူတူ လက်တွဲပြီးတော့ Partnership လုပ်လို့ရမယ့်အခွင့်အရေးတွေ မြင့်တက်လာပါလိမ့်မယ်။”

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနဲ့ တွေ့ဆုံပွဲကို မြန်မာသံအမတ်ကြီး ဦးအောင်လင်း ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အသေးစားနဲ့ အလေးစား စက်မှုလုပ်ငန်းတိုးတက်ဖို့ မက်စ်မြန်မာကုမဏီ အပါအဝင် UMFCCI မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ အခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ပူးပေါင်းဆောင်ရွက်နေကြောင်း ကိုလှဘုန်းမြင့်ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း ဦးဇော်ဇော်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ် ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲံ Colin Powellနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ Colin Powell ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အိုက်စင်ဟောင်ဝါ Fellowships ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပညာသင်ဆု အစီအစဉ်မှာ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာကုမဏီက ထောက်ပံပေးမှုနဲ့ မြန်မာလူငယ် ငါးဦးဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်လေ့လာဖို့ရှိပါတယ်။

အောက်တိုဘာလ (၁)ရက်နေ့ကနေ နိုဝင်ဘာလ (၁၇) ရက်နေ့ထိ တက်ရောက်မယ့် သင်တန်းကာလမှာ အသက် ၃၂ နှစ်ကနေ ၅၀ အရွယ် လုပ်ငန်းခွင်ထဲက လူငယ်ခေါင်းဆောင်တွေကို မြေတောင်မြှောက်ပေးဖို့ ရည်ရွယ်ကြောင်း မက်စ်မြန်မာကုမဏီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Max မြန်မာ ဦးဇော်ဇော် အမေရိကန်ခရီး
please wait

No media source currently available

0:00 0:04:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG