သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဝန်ကြီးနဲ့ နကသ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ


ပညာရေးဝန်ကြီးနဲ့ နကသ ကျောင်းသား ခေါင်းဆောင်များ တွေ့ဆုံ (Nai Ko thu)
ပညာရေးဝန်ကြီးနဲ့ နကသ ကျောင်းသား ခေါင်းဆောင်များ တွေ့ဆုံ (Nai Ko thu)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖွဲ့စည်းလိုက်တဲ့ နကသ ခေါ် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကနေ ဖိတ်ခေါ်ပြီး မနေ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။

ကျောင်းသားလှုပ်ရှားမှုအပါဝင် ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မေတ္တာရပ်ခံထားချိန်အတောအတွင်းမှာပဲ ဒီဆွေးနွေးပွဲကို ပညာရေးဝန်ကြီးက သီးခြားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ဆက်မှာပါ။

မနေ့က ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာနမှာကျင်းပတဲ့ တွေ့ဆုံပွဲကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကိုယ်တိုင် စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ် ရူပဗေဒ ဒုတိယနှစ်ကျောင်းသား ကိုနန်းလင်းက ဗွီအိုအေကိုပြောပါတယ်။

“အစိုးရကိုယ်တိုင်က ကျနော်တို့ကိုတကယ့်ကိုမှ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက် ချင်တဲ့ပုံစံမျိုးရှိတယ်ဆိုတာ တွေ့တဲ့အတွက် အပြုသဘောဆောင်တယ်။ ဒါတကယ့်ကိုမှ ရေးကြီးတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဘာတွေဆွေးနွေးခဲ့သလဲဆိုရင် အမျိုးသားပညာရေးဥပဒေမပေါ်ပေါက်ခင် ကြားကာလမှာ ကျောင်းသားသမဂ္ဂတွေကို လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားမှုတွေရှိဖို့အတွက် ကျနော်တို့ဆွေးနွေး ခဲ့ပါတယ်။ လောလောဆယ်မှာ ပထမ ဦးဆုံးအကြိမ်ဆွေးနွေးတဲ့အတွက် ဝန်ကြီးအနေနဲ့ ရှိနေတဲ့အကန့်အသတ်ကြားကနေမှ ဘယ်လိုမျိုးအကောင်းဆုံးဆောင်ရွက်မလဲဆိုတာ ၊ ဘယ်လိုမျိုးထပ်ချဲ့ပြီးဆောင်ရွက်နိုင်မလဲ ဆိုတဲ့ဟာကို ဆွေးနွေးတာဖြစ်တဲ့အတွက် ရှိနေတဲ့နေရာကနေပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အဲဒီ ပူးပေါင်းဆောင်ရွက်မှုကို အစပြုပြီးတော့ နောက်နောင်ကိစ္စတွေကို အများကြီးဆက်လုပ်သွားမယ်ဆိုတဲ့ဟာကို ဖြစ်တဲ့အတွက် ဒီနေ့ဆွေးနွေးမှုဟာ အလွန်အင်မတန်မှ အရေးပါတယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂတွေ အားလုံးက ဒီမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုအတွက် လုံးဝကို အထောက်အကူပြုစေတဲ့ တွေ့ဆုံမှုမျိုးတွေလို့ပြောလို့ရပါတယ်။

မေး။ ။ အဲဒီတော့ ဒီ နကသ ကိုဖွဲ့စည်းပြီးတော့ အခု နကသ ပေါ်ပေါက်လာတဲ့ အပိုင်းမှာ ကျောင်းသားသမဂ္ဂတွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ နကသ ကိုဖွဲ့စည်းခဲ့တာလား၊ ဒီနကသ က တကယ်ပဲ ကျောင်းသားသမဂ္ဂ အကုန်လုံးကို ကိုယ်စားပြုသလား၊ အဲဒါလည်း ရှင်းပြပေးပါရှင့်။

ဖြေ။ ။ ကျနော်တို့ နကသ ကိုဖွဲ့စည်းတဲ့အခါမှာ တခုကျတော်တို့စဉ်းစားရမယ့်ကိစ္စက မြန်မာပြည်မှာ တက္ကသိုလ်ပေါင်း ၁၆၇ ခုရှိပါတယ်။ ဒီ ၁၆၇ ခုမှာ တက္ကသိုလ်တိုင်းမှာ ကျောင်းသားသမဂ္ဂ မရှိသေးဘူးဆိုတာ တချက်ရှိတယ်။ ရှိတဲ့ တက္ကသိုလ်က ကျောင်းသားသမဂ္ဂတွေသည် တက္ကသိုလ်တိုင်းကို ကိုယ်စားပြုခွင့်အပြည့်အဝမရသေးဘူး။ ဘာကြောင့်မရသေးလဲဆိုတာ ပြန်စဉ်းစားကြည့်တဲ့အခါမှာ အထက်က ဒီ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးတော့သေချာ မလုပ်သေးဘူးဆိုတဲ့အပိုင်းတွေ သွားတွေ့ရတယ်။ ကျောင်းသားသမဂ္ဂတွေ အားလုံးပါဝင်ဖို့အတွက်ကို ကျနော်တို့ အခက်အခဲရှိပါတယ်။ ဒါ ကျနော်တို့ နကသ တင်မဟုတ်ပါဘူး၊ တခြားသော နိုင်ငံလုံးဆိုင်ရာဖွဲ့ထားတဲ့ အဖွဲ့တွေလည်းရှိပါတယ်။ ကျောင်းသားအားလုံးကိုယ်စားပြုတယ်ဆိုတာပြောဖို့ ခက်ပါတယ်။ ကျောင်းတကျောင်းစီက ပါချုပ်တွေ ရဲ့ စိတ်ဆန္ဒမှာမူတည်ပြီးတော့ ကျောင်းသားသမဂ္ဂတွေ အားကောင်းခြင်း ၊ မကောင်းခြင်းဖြစ်နေတဲ့အတွက် တက္ကသိုလ် တွေမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေ အားလုံးပါဝင်နိုင်ဖို့ဆိုတာ ခက်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ အဓိက နကသ က ရည်ရွယ်တာကတော့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပညာရေးကိစ္စတွေ ၊ ကျောင်းသားရေးကိစ္စတွေမှာ ဒီ နကသ အနေနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ စကားပြောမယ်။ ပြီးတော့ အစိုးရက ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာလှုပ်ရှားနိုင်ဖို့အတွက်တောင်းဆို မယ်။ အဲလိုလုပ်ပြီးတဲ့ အခါမှာ ကျောင်းသားသမဂ္ဂတွေအနေနဲ့ တက္ကသိုလ်တိုင်းမှာ ပေါ်လာပြီးတော့ တကယ့်ကို အားကောင်းတဲ့ အဖွဲအစည်းတွေဖြစ်လာဖို့အတွက် ရည်ရွယ်တဲ့အတွက် လောလောဆယ်အနေနဲ့ နကသ အနေနဲ့ အားလုံးကို အပြည့်အ၀ ကိုယ်စားပြုတယ်ဆိုတာပြောဖို့တော့ နည်းနည်းခက်ခဲနေတဲ့အနေအထားမှာရှိပါတယ်။

မေး။ ။ အဲဒါဆိုရင် အရင်ရှိပြီးသား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ရဲ့ အခန်းကဏ္ဍနဲ့ရော အခုဒီ နကသ နဲ့ က ဘာကွာခြားမှုတွေ ရှိလဲရှင့် ။

ဖြေ။ ။ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းကြောင်းအရကော ၊ ပုဂ္ဂိုလ်ရေးအရရော အလွန်မှ လေးစားပါတယ်။ လက်ရှိ ဗကသ ရဲ့ သမိုင်းတုန်းက ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်များရော ၊ အခုလက်ရှိဦးဆောင်နေတဲ့ ကိုကျော်ကိုကို၊မဖြိုးဖြိုးအောင် စသည်ဖြင့် ၂၀၀၇ မှာပါဝင်ခဲ့တယ်၊ နောက် ၂၀၁၄ ပညာရေးသပိတ်မှာဆိုရင်လည်း ၁၅ ဦးကော်မတီ ဒီမိုကရေစီနဲ့ ဦးဆောင် ကော်မတီမှာလည်း အားလုံးပါဝင်ပြီးတော့ ဗကသ၊ တကသ တို့ ၃ ဖွဲ့ပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်။ တချို့ကိစ္စများမှာတော့ သဘောထားရေးရာမတူညီတာတွေ ၊ ရပ်တည်တာတွေ ကွဲပြားတာတွေရှိကြပါတယ်။ လုပ်ဆောင်တာမတူတဲ့အခါမှာ ပူးပေါင်းလုပ်ဆောင်တာထက် ခွဲပြီးလုပ်ဆောင်တာက ပိုပြီးတော့ အလုပ်ဖြစ်မယ်လို့ တွေးမိတဲ့အတွက် ကျနော်တို့ နကသကလည်း သီးခြားအဖွဲ့အစည်း ဖွဲ့စည်းပြီးတော့ကျောင်းသားသမဂ္ဂတွေအားကောင်းဖို့အတွက် ပညာရေးဥပဒေမှာ ဒီမိုကရေစီ စံနှုန်းတွေ ကိုက်ညီဖို့အတွက် ကျောင်းသား သမဂ္ဂတွေ ပါဝင်ဖို့အတွက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုကို အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ဗကသခေါင်းဆောင်တွေအပါအဝင် ကျောင်းသူကျောင်းသား (၆၀)ကျော်ကို အကျဉ်းထောင်တွေထဲမှာ ထိမ်းသိမ်းခဲ့တာပါ။ အခုလို ပညာရေးဥပဒေရေးဆွဲရေး မှာ ကျောင်းသားထု အသံပါဝင်ဖို့အတွက် နကသ တခုတည်းကိုပဲ ပညာရေးဝန်ကြီးက ဖိတ်ခေါ်ဆွေးနွေးခဲ့တဲ့အပေါ် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ သဘောထားနဲ့ပတ်သက်လို့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ကိုမေးကြည့်တော့-

“ကျနော်တို့အနေနဲ့ကလည်း ဒီ အချက်အလက်တွေပေါ့လေ ကျောင်းသားသမဂ္ဂက တရားဝင် ရပ်တည်မှုရရှိရေး၊ နောက်ပြီးတော့ ပညာရေးဥပဒေတွေ ၊ ပညာရေး ကဏ္ဍတွေမှာ ကျနော်တို့ကျောင်းသားတွေ သဘောဆန္ဒတွေ ပါအောင်လို့ ကျောင်းသားတွေ ခံစားနေရတဲ့ ကျောင်းတွင်းမှာ ရှိနေတဲ့ အခက်အခဲတွေကိုလည်း အစိုးရပိုင်းရော ပညာရေးကဏ္ဍမှာရှိနေတဲ့ အုပ်ချုပ်ရေးပိုင်းက ဆရာ၊ဆရာမတွေရော နားလည်ဖို့ အတွက်က ကျောင်းသားအသံပါဖို့အတွက်ကို ၊ ပညာရေး ကဏ္ဍတွေ့ဆုံဆွေးနွေးပွဲတွေမှာ ရွေးကောက်တင်မြှောက်ထားတဲ့ ကျောင်းသားအမှုဆောင်အဖွဲ့ပါဝင်ရေးဆိုပြီးတော့ ကျနော်တို့ မူချထားတာရှိပါတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ကတော့ အဲဒီအတိုင်းပဲ ဆက်သွားမှာပါ။ ကျနော်တို့ လာမယ့် ပြည်လုံးကျွတ် ညီလာခံရောက်အောင်လို့ ၊ ဖြစ်အောင်လို့ ကျနော်တို့ ကြိုးစားမယ်။ တဖွဲ့ချင်းစီအလိုက်လည်း ဆောင်ရွက်မယ်။ ဒီအပေါ်မှာလည်း ဆောင်ရွက်ဖို့ အတွက်ကို ကျနော်တို့က ဒီ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လည်း တွေ့ဆုံခွင့်တောင်းထား ပါတယ်။”

တနင်္ဂနွေနေ့က ပညာရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာနက အဆင့်မြင့်တာဝန်ရှိသူတွေ၊ နကသ အမှုဆောင် ၂၇ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျသော် အပါအဝင် အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော် စုစုပေါင်း ၃၀ ယောက်နီးပါးတက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG