သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်းနိုင်ငံတွေ တည်ငြိမ်မှ မဲခေါင်တလျှောက် ဘေးကင်းမည်


ဒေသတွင်းနိုင်ငံတွေ တည်ငြိမ်မှ မဲခေါင်တလျှောက် ဘေးကင်းမည်
ဒေသတွင်းနိုင်ငံတွေ တည်ငြိမ်မှ မဲခေါင်တလျှောက် ဘေးကင်းမည်

မဲခေါင်မြစ်ကြောင်း ကုန်သွယ်ကူးသန်းရေး လုံခြုံ ဘေးကင်းဖို့အတွက် မြန်မာ၊ တရုတ် လာအိုနဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်း တာဝန်ယူလိုက်တယ် ဆိုပေမဲ့ မဲခေါင်မြစ်ကြောင်း အမှန်တကယ် လုံခြုံရေး ရှိဖို့အတွက်က သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုအပေါ်မှာ အဓိက တည်နေတာ ဖြစ်တယ်ဆိုပြီး သုံးသပ်သူတွေ ရှိပါတယ်။ ဒီလို လေးနိုင်ငံ ပူးပေါင်း တာဝန်ယူလိုက်တဲ့အတွက် အရင်ကထက် စာရင်တော့ ပိုပြီး ဘေးကင်းလုံခြုံမှု ရှိလာနိုင်တယ်ဆိုပြီး ဒေသခံတွေက မျှော်လင့်နေ ကြပါတယ်။ မနေ့ စနေနေ့က စတင်လိုက်တဲ့ မဲခေါင်မြစ်ကြောင်း လုံခြုံရေး လေးနိုင်ငံ ပူးပေါင်းမှုအစီအစဉ်နဲ့ ပတ်သက်ပြီး ဒေသခံတွေ၊ ဒေသဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို မသိင်္ဂီထိုက်က စုစည်းထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ စနေနေ့က စတင်လိုက်တဲ့ ဒီ ပူးတွဲ လုံခြုံရေးကြောင့် အတိုင်းအတာ တစ်ခုအထိ မဲခေါင်မြစ်ကြောင်းတလျှောက် လုံခြုံမှုရှိလာမယ်ဆိုပေမဲ့ မြစ်ကြောင်းတလျှောက် နိုင်ငံတွေရဲ့ နိုင်ငံရေး တည်ငြိမ်မှုအပေါ်မှာ အဓိက မူတည်နေတယ်ဆိုပြီး ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦခွန်ဆိုင်းက အခုလို ပြောပါတယ်။

“ဒီ လေးနိုင်ငံ ပူးပေါင်းမှုဟာ တရားဥပဒေစိုးမိုးမှုကို အလေးထားပြီးတော့လုပ်တယ်လို့ ကျနော် မြင်ပါတယ်။ ဒီ တရားဥပဒေစိုးမိုးမှုကို လုပ်တဲ့အခါကျလို့ရှိရင် အရေးကြီးဆုံးက နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုအပေါ်မှာ မူတည်တယ်လို့ ကျနော် ထင်တယ်။ တရုတ် ရော၊ လာအိုရော၊ ထိုင်းပါ ဒီပြဿနာ သိပ်မရှိပေမဲ့ ကျနော်တို့ မြန်မာပြည်ဘက်မှာတော့ ဒီပြဿနာဟာ အခုထိ ရှိနေသေးတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းက ရွှေတြိဂံဒေသမှာ တရုတ် ကုန်တင်သင်္ဘော ၂ စီးက တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရအပြီး သီတင်းနှစ်ပတ်အကြာမှာ အခုလို လေးနိုင်ငံ ပူးပေါင်း ကင်းလှည့်စောင့်ကြပ်မှု အစီအစဉ် သဘောတူညီခဲ့ကြတာလို့လည်း တရုတ်အစိုးရ သတင်းဌာနက ဆိုပါတယ်။ ဦးခွန်ဆိုင်းကတော့ မဲခေါင် မြစ်ကြောင်းတလျှောက် မြန်မာနိုင်ငံဘက်က လက်နက်ကိုင် ဆက်ကြေးကောက်ခံမှုတွေ ရှိနေတယ် ဆိုတဲ့အကြောင်း အခုလို ပြောပါတယ်။

“၂၀၀၇ ခုနှစ်ကတည်းကနေ အဲဒီဘက်ပိုင်းမှာ လှုပ်ရှားနေတာကတော့ စိုင်းနော်ခမ်း ဦးဆောင်တဲ့ အဖွဲ့ကတော့ လူမိုက်ဂိုဏ်းလို့ ပြောလို့ရတာပေါ့။ မိုက်ကြေးခွဲတာပေါ့။ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ ယာဉ်တို့၊ ကုန်တို့ အားလုံးကို သူတို့ကို အခွန်ပေးရမယ်။ အခွန်မပေးလို့ရှိရင် သူတို့က ဒုက္ခပေးမယ်ပေါ့ဗျာ။ အဲဒီလိုမျိုး လုပ်လာခဲ့တယ်ဗျ။”

လေးနိုင်ငံပူးပေါင်းပြီး ပထမဆုံးအကြိမ် မဲခေါင် မြစ်ကြောင်း ကင်းလှည့်မှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဂွမ်းလီ ဆိပ်ကမ်းကနေ စတင်လိုက်ပါတယ်။ ယူနန်ပြည်နယ် ဂွမ်းလီ ဆိပ်ကမ်းကနေ ထိုင်း၊ မြန်မာ၊ လာအို နယ်စပ် ရွှေတြိဂံဒေသကို ခုတ်မောင်းလာတဲ့ တရုတ် ကုန်တင်သင်္ဘော ၁၀ စီးကို လုံခြုံရေး ကင်းလှည့် ရေယာဉ် ၅ စီး လိုက်ပါလာခဲ့ပါပြီ။

အခုလို မဲခေါင်မြစ်ကြောင်း ကုန်သွယ်ရေး လုံခြုံရေးအတွက် လေးနိုင်ငံ ပူးပေါင်းပြီး လုံခြုံရေးပေးမယ့် အစီအစဉ်ကို ရွှေတြိဂံဒေသခံတွေက ကြိုဆိုကြပါတယ်။

“ဘာပဲဖြစ်ဖြစ် သင်္ဘောသားဆိုတာကတော့ဗျာ ရှင်းရှင်းပြောရရင် နောက်ကမိသားစုကို စွန့်ခွာပြီးတော့ သွားကြရတာ။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ဘဝအာမခံချက် ဆိုတာ ရေထဲမှာပဲရှိတယ်။ သူတို့သွားတဲ့ အချိန်မှာ နောက်ကမိသားစုက မျှော်နေကြတာ။ တော်ကြာ ဘာဖြစ်လို့၊ ဟိုက ဓားပြတိုက် ရန်ဖြစ်လို့၊ ပြန်ပေးဆွဲလို့၊ တော်ကြာ သင်္ဘောမြှုပ်လို့ ကိုယ့်အိမ်ကလူ ပါလားမသိ မပါလားမသိ။ ဒါကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးရယ် ကိုယ့်နိုင်ငံရယ်လို့ မခွဲခြားဘဲ တကမ္ဘာလုံး အတိုင်းအတာကနေ ဒုက္ခရောက်တဲ့သူ၊ အခက်အခဲရှိတဲ့သူ၊ မရှိဆင်းရဲ နွမ်းပါးတဲ့သူ အားလုံး ဝိုင်းဝန်းကူညီ စောင့်ရှောက်တာကတော့ ဒါ ကောင်းတဲ့အလုပ်ပဲ။”

မဲခေါင်မြစ်ကြောင်း တလျှောက် ကုန်သွယ်သင်္ဘော ရာနဲ့ချီပြီး ကူးသန်းသွားလာနေတာ ဖြစ်ပြီး အများစုက တရုတ် ကုန်တင်သင်္ဘောတွေ ဖြစ်ပါတယ်။ ရေကြောင်း သွားလာ ကုန်သွယ်မှု တွင်ကျယ်လာသလိုပဲ လက်နက်ကိုင် လူဆိုးဂိုဏ်းတွေရဲ့ ဆက်ကြေးကောက်ခံမှု၊ လုယက်မှုတွေလည်း မြင့်မားလာပါတယ်။ အခု မြန်မာ၊ ထိုင်း လာအိုနဲ့ တရုတ် လေးနိုင်ငံပူးပေါင်းပြီး မဲခေါင် မြစ်ကြောင်း လုံခြုံရေး ပူးတွဲ လုပ်ဆောင်လာတဲ့ အပေါ်မှာတော့ ဒေသတွင်း တရားဥပဒေစိုးမိုးမှု ပိုပြီး ရှိလာမယ် ကုန်တင်သင်္ဘောတွေနဲ့ သင်္ဘောသားတွေ အရင်ကထက် ပိုပြီး အသက်အိုးအိမ် စည်းစိမ် လုံခြုံ ဘေးကင်းလာမယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

XS
SM
MD
LG