သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ခွင့်ပြုချက်နဲ့ ၈၈ ကျောင်းသားဟောင်း ကိုမောင်မောင်ဝမ်း ပြည်ဝင်ခွင့်ပြန်ရ


မနေ့က ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ပြည်ဝင်ခွင့်မပေးခဲ့တဲ့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမောင်မောင်ဝမ်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်ခွင့်ပြုချက်နဲ့ ပြည်ဝင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ခင်မင်ရင်းနှီးသူတွေက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ သွားရောက်ခဲ့ချိန် ဗီဇာပေးထားတဲ့ရက်ထက် ပိုပြီးနေထိုင်ခဲ့တယ်ဆိုပြီး ကိုမောင်မောင်ဝမ်းကို ဒဏ်ငွေအစား ပြည်နှင်ဒဏ်ပေးပြီး အမည်မည်းစာရင်း ထည့်သွင်းကြောင်း သမ္မတဦးသိန်းစိန်လက်မှတ်နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

အမေရိကန်ပတ်စ်ပို့ကိုင်ဆောင်ထားပြီး မြန်မာပြည်ဝင်ခွင့်ဗီဇာ ရရှိထားတဲ့ ကိုမောင်မောင်ဝမ်းဟာ အင်္ဂါနေ့က ရန်ကုန်လေဆိပ်ကိုရောက်ရှိချိန်မှာ အမည်မည်းစာရင်းမှာ ပါဝင်နေလို့ဆိုပြီး လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက သူ့ကို ဝင်ခွင့်မပေးဘဲ လိုက်ပါလာတဲ့ ထိုင်ဝမ်အခြေစိုက် China Airlines နဲ့ ပြန်တင်ပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီရေးမှာ ဦးဆောင်ခဲ့သူတဦးလည်းဖြစ်ပြီး လက်ရှိ အွန်လိုင်းအင်္ဂလိပ်စာ သင်ကြားပေးနေတဲ့ ကိုမောင်မောင်ဝမ်းအပေါ် လူဝင်မှုကြီးကြပ်ရေးရဲ့ ကိုင်တွယ်ပုံကို ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က စိုးရိမ်မကင်း ဖြစ်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကိုမောင်မောင်ဝမ်းကို ဘယ်လိုနည်းနဲ့မဆို မြန်မာနိုင်ငံကို ပြန်ပြီး ဝင်ခွင့်ပြုဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားခဲ့တဲ့အတွက် ကိုမောင်မောင်ဝမ်းဟာ မြန်မာနိုင်ငံကို ပြန်လာခွင့် ရပြီဖြစ်ကြောင်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေလည်းဖြစ်၊ ပြန်အပို့ခံရတဲ့အတွက် ကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးခဲ့သူ နာမည်ကျော် အနုပညာရှင် ဇာဂနာက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်သိတဲ့အချိန်မှာ သူက လေဆိပ်ထဲမှာပဲရှိသေးတယ်။ သူ့ကို လေယာဉ်ပျံပေါ်ကို ပြန်တော့ မတင်ပေးရသေးဘူး။ အဲ့အချိန် ကျနော်သိတော့ ကျနော် လိုက်သွားတယ်။ ဒါပေမဲ့ ကျနော်က အရေးကြီးတာက သူနဲ့တွေ့ရဖို့ထက် သူ ဗမာပြည်မှာ ပြန်ဝင်ခွင့်ရဖို့က အရေးကြီးတယ်ဆိုပြီးတော့ ကျနော်လိုက်သွားတာ အဲတော့ ကျနော်ကိုယ်တိုင်လည်း လုပ်လို့မရဘူးလေ။ အဲတော့ ကျနော်က လဝက ရန်ကုန်တိုင်း တိုင်းမှူးဆီကို ကျနော်က ဖုန်းဆက်ပြီးတော့ ဘယ်လိုဖြစ်တာလဲ။ ကိုမောင်မောင်ဝမ်းက အမေရိကန်သံရုံးကနေ ဗီဇာတောင် ပေးလိုက်ပြီပဲ။ ဗမာပြည်ကို ရောက်လည်းရောက်နေပြီးပြီ ဘာဖြစ်လို့ ပေးမဝင်တာလဲဆိုပြီး မေးတော့ လဝကတိုင်းမှူးကပြောတယ်။ သူတို့လည်း ဘာမှလုပ်လို့မရပါဘူး။ ဗဟိုကနေပြီးတော့ ပြည်ထောင်စုအစိုးရက ထုတ်ထားတဲ့စာပါ။ အဲဒါကတော့ သူတို့ကွန်ပြူတာထဲမှာလည်း ရှိတယ်။ အဲဒါကတော့ သူ့ကို ၂၀၁၄ ခုနှစ် ၈ လပိုင်း ၄ ရက်နေ့ လွန်ခဲ့တဲ့နှစ်နှစ်ကပေါ့ အဲဒီတုန်းကတည်းက သမ္မတဦးသိန်းစိန်လက်မှတ်နဲ့ မြန်မာနိုင်ငံထဲမှာ သူက ဗီဇာစည်းမျဉ်းချိုးဖောက်မှု၊ မြန်မာနိုင်ငံထဲမှာ သတ်မှတ်ထားတဲ့ ဗီဇာရက်ထက် ကျော်လွန်နေထိုင်မှုဆိုတဲ့ မှု ၂ မှုနဲ့ သူ့ကို အမည်ပျက်စာရင်း ထည့်ထားပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံထဲကို ဝင်ခွင့်မပေးတာပါလို့ သူက ပြောတယ်။ ပြောတော့ ကျနော်က မဟုတ်ဘူးလေ ဒါဆိုရင် သံရုံးက ဘာလို့ပေးလိုက်တာလဲဆိုပြီး မေးတော့ အဲဒါတော့ ကျနော်တို့လည်း မသိဘူးတဲ့၊ သံရုံးကတော့ သံရုံးသဘောပဲ။ နိုင်ငံခြားရေးဝန်ကြီးဌာနတဲ့။ သူတို့က လဝကတဲ့။ အဲဒီအချိန်မှာ ကျနော်က ရန်ကုန်တိုင်းဝန်ကြီး ဆရာဇော်အေးမောင်ဆီကို ကျနော် ဖုန်းလှမ်းဆက်တယ်။ သူ့ဆီကိုလည်းပြောတော့ သူကလည်း အဲ့ကိစ္စကို သူကိုယ်တိုင်မေးကြည့်တော့ သူက လှမ်းပြီး အကြောင်းကြားတယ်။ တခါ ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုဖြိုးမင်းသိန်းကိုလည်း ကျနော် လှမ်းဆက်တယ်။ ကိုဖြိုးမင်းသိန်းက အစည်းအဝေးခန်းထဲရောက်နေပြီးတော့ သူ့ရဲ့ PA နဲ့တွေ့တော့ ကျနော်ကိုယ်တိုင် လိုက်သွားပြီးတော့ ကိုဖြိုးမင်းသိန်းကို ကျနော်ကိုယ်တိုင်သွားပြောတယ်။ သူကိုယ်တိုင်လည်း နေပြည်တော်ကို အကြောင်းကြားတယ်။ အဲဒီကနေတခါ လဝက၀န်ကြီးဖြစ်တဲ့ ဆရာဦးသိန်းဆွေတို့၊ ဗိုလ်ချုပ်သိန်းဆွေတို့ရုံးကို ကျနော် ဆက်ရတယ်။ အဲဒီက အမြဲတမ်းအတွင်းဝန် သူကလည်း အကြောင်းပြန်တယ်။ အဲဒါနဲ့ အဲ့လိုတွေရှုတ်ပြီး နောက်ဆုံးပိတ် အတိုချုပ်ရရင်တော့ အန်တီ့ဆီကို ရောက်သွားတယ်ပေါ့။ ရောက်သွားကြပြီးတော့ ကိုဖြိုးမင်းသိန်းလည်း ကြိုးစားရှာပါတယ်။ လဝက၀န်ကြီးလည်း ကြိုးစားတယ်။ အဲဒါနဲ့ နောက်ဆုံးတော့ ဒီနေ့ညပေါ့နော် ၉ နာရီလောက်မှာ နေပြည်တော်က ပြန်ပြီးရောက်လာတယ်။ ပြီးသွားတဲ့ကိစ္စတွေအတွက်ကတော့ စိတ်မကောင်းပါဘူး။ အန်တီ့ဆီကနေ မှတ်ချက်နဲ့ ပြန်ထွက်လာတယ်။ ကိုမောင်မောင်ဝမ်းကို မြန်မာပြည်ကို ဘယ်လိုနည်းနဲ့မဆို ပြီးခဲ့တဲ့အပြစ်တွေ ဘာတွေပယ်ဖျက်လိုက်ပြီးတော့ မြန်မာပြည်ထဲ ပြန်ဝင်ခွင့်ပေးပါဆိုပြီးတော့ ဖြစ်လာတယ်။ အဲဒီအချိန်မှာ မောင်မောင်ဝမ်းက မရှိတော့ဘူးလေ။ လေယာဉ်ပေါ်ကို သူတို့ တင်လွှတ်လိုက်ပြီ။ ဆိုတော့ ကျနော်တို့က ဘယ်ကိုလိုက်ဆက်ရမှန်းလည်း မသိတော့ဘူးပေါ့။ အခု တကယ်လို့များသာ ဒီအသံကို ကြားရင်လည်း ကြားတဲ့နေရာကနေ မောင်မောင်ဝမ်း မြန်မာပြည်ကို ပြန်လာလို့ရအောင် ကျနော်တို့ စီစဉ်ထားပါတယ်။”

လက်ရှိအချိန်မှာ ကိုမောင်မောင်ဝမ်းကို အဆက်အသွယ် မရသေးပေမဲ့ နယူးရောက်မြို့မှာ နေထိုင်နေတဲ့ သူငယ်ချင်းဖြစ်သူ နာမည်ကျော် လူရွှင်တော်ဟောင်းတဦးဖြစ်တဲ့ စုတ်ဖွားခေါ် ကိုမျိုးသိန်းထွန်းကလည်း ဒီကို ရောက်ရောက်ချင်း မြန်မာနိုင်ငံကို ပြန်သွားနိုင်ဖို့ လေယာဉ်လက်မှတ် အသစ်တစောင်ဝယ်ပြီး ဒီကနေ့ည နယူးယောက်လေဆိပ်ကို ပြန်ရောက်လာမယ့် ကိုမောင်မောင်ဝမ်းကို စောင့်နေကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။

“လေယာဉ်လက်မှတ်က ဝယ်ပြီးသွားပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် သူလာလို့ရှိရင် လေယာဉ်စီးလို့ရရင် ကျနော်က တင်ပေးလိုက်ရုံပဲလေ။ အဓိကက သူ ရောက်ရောက်ချင်းကြည့်ရမှာက သူ့ရဲ့ဗီဇာကို ကြည့်ရမှာ။ ဗီဇာက တကယ်လို့ မြန်မာပြည်မှာရှိတဲ့ လဝက ကနေ အသုံးပြုပြီးသားပါ။ သုံးလို့မရတော့ပါဘူးလို့ ရေးထားတယ်ဆိုရင်တော့ တော်တော် အခက်ခဲတွေ့မယ်လေ။ ဒါပေမဲ့ တခုတော့ရှိတယ်။ Airline က ကျနော့်ကို ဘာပြောသလဲဆိုတော့ မြန်မာပြည်ကနေပြီးတော့ သူ့ရဲ့ Black List ကို ပယ်ဖျက်လိုက်ပါတယ်ဆိုတဲ့ တခုခု အထောက်အထားပြနိုင်ရင် Airline က ပေးပြီးတော့ တင်မယ့်သဘောရှိတယ်။ စောစောက မေးကြည့်တယ်လေ ကျနော်က။ ဆိုတော့ အခက်အခဲမရှိနိုင်လောက်ဘူးလို့ ကျနော်ထင်တယ်။”

နယူးယောက် မြန်မာကောင်စစ်ဝန်ရုံးက ဗီဇာထုတ်ပေးခဲ့ပေမဲ့ ရန်ကုန်လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ကိုမောင်မောင်ဝမ်းကို ချက်ခြင်းပြန်ပို့ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်လို့လည်း ဗွီအိုအေက နယူးယောက် မြန်မာကောင်စစ်ဝန်ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်ပြီး ဖြေဆိုမယ့်သူမရှိကြောင်း ဝန်ထမ်းတဦးက တုံ့ပြန်ပြောဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG